“ဝန်ကြီးများဌာနများက ရေးဆွဲသော ဥပဒေကြမ်းများသည် ပြည်သူနှင့် ဝေးကွာပြီး ယခင် စနစ်ဟောင်းများ ပြန်ပါလာတတ်ခြင်းကြောင့် တိုင်းပြည်အတွက် အရေးကြီးသော ဥပဒေကို ပြည်သူနှင့် နီးစပ်သော လွှတ်တော်က ရေးဆွဲခြင်း ဖြစ်ကြောင်း” ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ဦးက အောက်တိုဘာလကုန်တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး၌ မီဒီယာများကိုပြောဆိုခဲ့သည်။
ဤအချက်သည် အလွန်အရေးကြီး၏။
ဥပဒေတိုင်းသည် တိုင်းပြည်အတွက် အရေးကြီးပါသည်။ အရေးမကြီးသော ဥပဒေဟူ၍ မရှိပါ။ အရေးကြီးသော ဥပဒေများကို လွှတ်တော်က ရေးဆွဲရသည်ဟု ဆိုရာတွင်လည်း လွှတ်တော်သည် ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်ရာ ဥပဒေရေးဆွဲရန် တာဝန် အပြည့်အ၀ ရှိသည်။ ပယ်ဖျက်ခြင်း ပြုပြင်ခြင်းများကိုလည်း ပြုလုပ်ရမည့် တာဝန်ရှိသည်။ ဥပဒေတခု အတည်ပြုရေးသည်လည်း လွှတ်တော်တွင် အပြည့်အ၀ မူတည်နေပေသည်။
ဤနေရာတွင် “ဝန်ကြီးဌာနများက ရေးဆွဲသော ဥပဒေများ” ဆိုသည်ကို စဉ်းစားရန် ဖြစ်သည်။ ဝန်ကြီးဌာနများ ဆိုသည်မှာ အုပ်ချုပ်ရေးမဏ္ဍိုင် ဖြစ်၏။ တည်ဆဲဥပဒေများအရ ကိစ္စအရပ်ရပ်ကို အုပ်ချုပ်ကိုင်တွယ် ဖြေရှင်းကြရမည်ဖြစ်၏။
သို့သော် “ဥပဒေ ရေးဆွဲခွင့်” ကို ထို ဝန်ကြီးဌာနများအား ပေးအပ်ထားသည်။ ထိုလုပ်ပိုင်ခွင့်အရ ဝန်ကြီးဌာနများက မိမိတို့ သက်ဆိုင်ရာ ကိစ္စရပ်များအပေါ် “ဥပဒေကြမ်း” ရေးဆွဲကြခြင်း ဖြစ်၏။ ထိုအခါ ယခင် စနစ်ဟောင်းများ၊ လုပ်ထုံး လုပ်နည်းများ ပြန်ပါလာတတ်သည်။ စနစ်ဟောင်း၊ လုပ်ထုံးလုပ်နည်းဟောင်းများသည် ဒီမိုကရေစီ သွားရာလမ်းစဉ်နှင့် ကွဲလွဲနေနိုင်သည်။ ပြည်သူလူထု၏ လိုလားမှုနှင့် ဖီလာဆန့်ကျင် ဖြစ်နေတတ်သည်။ အတွင်းရေးမှူး ဦးတင်မောင်ဦး ပြောသကဲ့သို့ “လွှတ်တော်သည် ပြည်သူနှင့် နီးစပ်ပြီး ဝန်ကြီးဌာနများက ပြည်သူနှင့် ဝေးကွာသည်” ဆိုခြင်းမှာလည်း အမှန်ပင်ဖြစ်သည်။
ဥပမာအားဖြင့် မီဒီယာ ဥပဒေနှင့် ပုံနိပ်ဥပဒေကြမ်း ရေးဆွဲမှုကို ပြန်ကြည့်လျှင် ပြန်ကြားရေး ဌာနက ပုံနှိပ်ဥပဒေ မူကြမ်းကို ရေးဆွဲသည်၊ သမ္မတက တာဝန်ပေးထားသော စာနယ်ဇင်း ကောင်စီကလည်း မီဒီယာ ဥပဒေကြမ်းကို ရေးဆွဲသည်။ ထိုဥပဒေကြမ်း နှစ်ခု ဝိရောဓိများ ဖြစ်ခဲ့ရသည်။ ပြန်ကြားရေး ဝန်ကြီးဌာနသည် ပြည်သူ၏ ဆန္ဒထက် ၎င်း၏ မူလ စနစ်ဟောင်းများကို ဦးစားပေးသည်။ တနည်း ဆိုရသော် “မူလ အခွင့်အရေး”၊ “မူလ လုပ်ပိုင်ခွင့်” များကို လက်မလွှတ်ချင်သည့် သဘောရှိသည်။ (“စာပေထုတ်ဝေမှုများကို မှတ်ပုံတင် အရာရှိက ဥပဒေနှင့် ညီ/မညီ စစ်ဆေးမည်” ဟူသော အချက်ကို ကြည့်လျှင် မူလ စာပေစိစစ်ရေး ရုံး၏ လုပ်ပိုင်ခွင့်ကို ပြန်ကိုင်ခြင်းပင် ဖြစ်၏။)
တဖန် လွှတ်တော်က ပြည်သူနှင့်နီးစပ်သည် ဟူသော အချက်မှာ မှန်ရုံမက ဖြစ်ကိုဖြစ်ရမည့် ကိစ္စပင်ဖြစ်သည်။ လွှတ်တော်သည် ပြည်သူရွေးကောက်၍ ရောက်လာသည့် နေရာဖြစ်သည်။ ပြည်သူကို မျက်ကွယ် မပြုသင့်။ ပြည်သူ့ကြား ဝင်ရောက်ပြီး ပြည်သူ့ဘ၀ နားလည်ရန် လိုသည်။ ပြည်သူ့ သဘောထားကို လေ့လာနေရန် လိုသည်။ ထိုသဘောထားများကို လွှတ်တော်မှာ တင်ပြမှ “ပြည်သူ့အသံ လွှတ်တော်အသံ” ဟူသော ဆောင်ပုဒ်နှင့် ညီပေလိမ့်မည်။ (ယခု မြို့နယ်အများစုတွင် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်ကို မြင်ပင် မမြင်ဖူးကြ ဟု သိရသည်။ ကြီးစွာသော အမှား၊ ကြီးစွာသော ကျေးဇူးကန်းမှု ဖြစ်၏။)
သို့ရာတွင် ဤနေရာ၌ မီဒီယာများက တာဝန်ကျေကြသည်။
အရေးကိစ္စ တခုကြုံလှျှင် ပြည်သူ့ထံ ချဉ်းကပ်သည်။ သဘောထား ရယူသည်။ တင်ပြသည်။ ဆွေးနွေးငြင်းခုံပြီး အဖြေရှာကြသည်။ ဧရာဝတီ မြစ်ဆုံကိစ္စ၊ မီဒီယာဥပဒေကြမ်း ကိစ္စ၊ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း ကိစ္စများတွင် မီဒီယာများဘက်မှ အင်နှင့်အားနှင့် မီးကုန်ယမ်းကုန် ကျယ်ကျယ်လောင်လောင် ကန့်ကွက်ခဲ့ကြသဖြင့် ပြည်သူ့ အလိုကျ ဖြစ်ခဲ့သည်။
ထို့အတူပင် မည်သည့် ဥပဒေကိုဖြစ်စေ အများမြင်သာအောင်လုပ်ပြီး အများ ပါဝင်ဆွေးနွေးကြရန် လိုသည်။ ဤစနစ်သည် ဒီမိုကရေစီ စစ်စစ်ဖြစ်၏။
ယင်းသို့ ဝေဖန်ဆွေးနွေးရေးတွင် မီဒီယာသည် ကိရိယာတခုဖြစ်ပြီး အခြေခံကျကျ ပါဝင်ရမည့် သူများကား အရပ်ဘက် အဖွဲ့အစည်းများ ဖြစ်၏။ ယခုအခါ ဘာသာရပ်အလိုက်၊ လူ့အလွှာအလိုက် သဘောထားတူသူတို့ စုစည်းကြသော အသင်းအဖွဲ့ ကွန်ရက်များစွာ ထွက်ပေါ်နေသည်။ ကောင်းသော လက္ခဏာပင် ဖြစ်သည်။ ဤသို့ စိတ်ဝင်စားလာပြီး ကိုယ်တိုင် ပါဝင်ဆွေးနွေး ကြသောအခါ ကွဲပြားမှုများ ပဋိပက္ခများ နည်းလာသည်။ စုပေါင်း ဆောင်ရွက်တတ်လာသည်။ အထူးသဖြင့် စိတ်ဝင်စား လမ်းမှားလိုက်နေကြသော လူငယ်ထုသည် ဤကောင်းရာကောင်းမှု လုပ်ငန်းများထဲသို့ ဝင်လာကြရာ လူငယ်ထု၏ အနာဂတ် ကောင်းလာမှာ သေချာသည်။
လူငယ်ထုသည် မကောင်းမှုအစား လူမှုရေး၊ နိုင်ငံရေးများ ဘက်သို့ ဝင်ရောက် လုပ်ကိုင်ခြင်းဖြင့် နိုင်ငံ့ကောင်းကျိုး သယ်ပိုးတတ်ရုံသာမက အနာဂတ် ခေါင်းဆောင်များဖြစ်ရန် လေ့ကျင့်ပေးခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် အရပ်ဘက် အဖွဲ့အစည်းများ အားကောင်းမောင်းသန် ဖြစ်လာကာ၊ လွှတ်တော်သို့ အားဖြည့်ပေးသော လမ်းကြောင်းမှန် ပေါ်ပေါက်ခြင်းသည်လည်း ပေါ်ထွန်းလာမည် ဖြစ်ပေသည်။
“လမ်းကြောင်းမှန်” ဟု ဆိုရာတွင် လူထုအဖွဲ့အစည်းများက လူထုနှင့် တသားတည်း ရှိနေသဖြင့် လူထု၏ လိုအပ်ချက်ကို အသိဆုံး ဖြစ်သည်။ လူထု၏ ခံစားချက်ကို အထင်ဟပ်နိုင်ဆုံး ဖြစ်သည်။ ထိုခံစားချက်၊ လိုအပ်ချက်များကို အရပ်ဘက် အဖွဲ့အစည်းများက ဖော်ထုတ်ကြရသည်။ ဖော်ထုတ်ရုံနှင့်လည်း မပြီးသေး၊ မိမိတို့ လိုလားချက်များအဖြစ် လွှတ်တော် ကိုယ်စားလှယ်များထံ တိုက်ရိုက်ဖြစ်စေ၊ မီဒီယာများမှ တဆင့်ဖြစ်စေ တင်ပြကြရသည်။ သို့မှသာ လွှတ်တော် ကိုယ်စားလှယ်များက ၎င်းတို့ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး လွှတ်တော် အစည်းအဝေးသို့ တိုက်ရိုက် တင်သွင်းနိုင်ကြပေမည်။
လွှတ်တော် ကိုယ်စားလှယ်များအား မိမိတို့ လူထုသဘောထားကို လွှတ်တော်သို့ တင်သွင်းပေးပါရန် ချဉ်းကပ်ခြင်းကို Lobby လုပ်သည်ဟု ခေါ်သည်။ ဒီမိုကရေစီနိုင်ငံကြီးများရှိ Lobby ခေါ် ခန်းမကြီးသို့ အရပ်သားများ သွားရောက်ကာ ကိုယ်စားလှယ်များအား တင်ပြတိုက်တွန်းလေ့ ရှိကြသဖြင့် ထိုသို့ပြုလုပ်ခြင်းကို Lobby လုပ်သည် ဟု ခေါ်ကြခြင်း ဖြစ်၏။
သို့ဖြစ်ရာ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး ပြောသကဲ့သို့ နိုင်ငံအတွက်အရေးကြီးသော ဥပဒေကြမ်းများ ရေးဆွဲခြင်းကို လူထုနှင့် အလှမ်းဝေးသော ဝန်ကြီးဌာနများက ရေးဆွဲခြင်းထက် လူထုနှင့်နီးစပ်သော လွှတ်တော်က ရေးဆွဲခြင်းကသာ ပို၍သင့်တော်သည် ဟူသော အဆိုကို ထောက်ခံရမည် ဖြစ်ပါသည်။
ထိုသို့ လွှတ်တော်က လမ်းကြောင်းမှန် ရေးဆွဲနိုင်ရေးအတွက် လူထုကိုယ်စားပြု အရပ်ဘက် အဖွဲ့အစည်းများက ပံ့ပိုးရမည် ဖြစ်ရာ ထိုအဖွဲ့အစည်းများ ကိုယ်တိုင်က ခိုင်မာတောင့်တင်းပြီး ထက်မြက်သွက်လက်ဖို့ လိုသည်။ ထို့ကြောင့် ဒီမိုကရေစီ လမ်းကြောင်း အတွက် အရပ်ဘက် အဖွဲ့အစည်းများ ပိုမိုအရေးပါလာပြီ ဟုလည်း ဆိုချင်ပါသည်။ ။