Politics

NLD လူထု ဟောပြောပွဲ ခွင့်ပြုမှု နေပြည်တော် ကောင်စီ နှင့် ပြည်ထဲရေး ထိပ်တိုက်တွေ့

This article has been converted from Zawgyi One to Unicode

နေပြည်တော်တွင် နိုဝင်ဘာလ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ လူထု ဟောပြောပွဲကို ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်မှုကြောင့် နေပြည်တော်ကောင်စီနှင့် ပြည်ထဲရေး ဝန်ကြီးဌာန အကြား  အာဏာ လွန်ဆွဲပွဲဖြစ်ပွားပြီး ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားလျက်ရှိကြောင်း သတင်း ရရှိသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ လက်ပံခါးလှ ကျေးရွာတွင် NLD ပါတီက၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ လူထု  ဟောပြောပွဲ ကျင်းပရန် ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ  ခွင့်ပြုချက် တောင်းခံခဲ့ရာ နေပြည်တော် ကောင်စီက ကန့်ကွက် ခဲ့ကြောင်း၊ နေပြည်တော်ကောင်စီ၏ ကန့်ကွက်မှုကြောင့် လူထု ဟောပြောပွဲ ကျင်းပခွင့်ပေးရန် ရဲတပ်ဖွဲ့က ပထမပိုင်းတွင် အကြောင်း အမျိုးမျိုးပြ ငြင်းပယ်ခဲ့သော်လည်း နောက်ဆုံးတွင် နေပြည်တော် ခရိုင် ရဲတပ်ဖွဲ့မှူး ကိုယ်တိုင် ပြည်ထဲရေး ဝန်ကြီး ဌာန ဝန်ကြီးရုံးထံ ဆက်သွယ်ပြီး ဟောပြောပွဲ ကျင်းပခွင့်ပြုခဲ့ကြောင်း သိရှိရ သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော် ဟောပြောပွဲကို ခွင့်မပြုရန် နေပြည်တော် ကောင်စီက တားမြစ်ခဲ့သော်လည်း ပြည်ထဲရေး ဝန်ကြီးဌာနက ခွင့်ပြုချက် ပေးခဲ့သည့် အတွက် နေပြည်တော်ကောင်စီနှင့် ပြည်ထဲရေး ဝန်ကြီးဌာန အားပြိုင်မှု ပုံစံ မျိုး ဖြစ်ပေါ်လာကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နေပြည်တော်ခရိုင် ဥက္ကဋ္ဌလည်းဖြစ်၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးမင်းသူက ဧရာဝတီသို့ ပြောသည်။

“ကာကွယ်ရေး ၊  ပြည်ထဲရေး နဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေက ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်ထားတဲ့ ဝန်ကြီး တွေ။ ဒီဝန်ကြီး ဌာနတွေကို တပ်မတော်က မကိုင်တွယ်ဘူးဆိုရင် နေပြည်တော် ကောင်စီ ရဲ့ အမိန့်ကို လွှမ်းမိုးဖို့ မလွယ်ဘူး။ လူထု ဟောပြော ပွဲခွင့်ပြုမိန့်ကို တနည်းအားဖြင့် တပ်မတော်က ပေးလိုက် တယ် လို့ပဲ ပြောရမယ်။ ကျနော်တို့ ပွဲကို မြို့နယ်ရဲတပ်ဖွဲ့မှူးက ခွင့်ပြုပေမယ့် အတည်ပြု ထောက်ခံရမယ့် မြို့နယ် အုပ်ချုပ်ရေးမှူးက ချက်ချင်း ဖြေရှင်းချက် မပေးနိုင်ဘူး။ သူရဲ့အထက်က နေပြည်တော်ကောင်စီကို ကြောက်နေတဲ့ သဘော ရှိတယ်။ နေပြည်တော်မှ ထူးခြားတာက အုပ်ချုပ်ရေးမှာ နေပြည်တော်ကောင်စီကို ကျော်လုပ်လို့ မရတာပဲ´´ ဟု ဦးမင်းသူက ဆိုသည်။

နေပြည်တော်တွင် နိုဝင်ဘာလ ၁၈ ရက်နေ့ ကျင်းပခဲ့သော လူထုဟောပြောပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က NLD နှင့် တပ်မတော်အကြား စိတ်ဝမ်းကွဲစေရန် ရန်တိုက်ပေးနေသူများ ရှိနေသည်ဟု ပြောဆိုခဲ့ပြီး ယင်းပြောဆိုမှုသည်  NLD၏ လူထုဟောပြောပွဲ ခွင့်ပြုမိန့် ငြင်းပယ်ခံရပြီးမှ ပြန်လည်ရရှိခဲ့သည့် အခြေအနေ ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်ကြောင်း ဦးမင်းသူက ရှင်းပြသည်။

“ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ဆိုရင် ကျမတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တပ်မတော် ကြားမှာ စိတ်ဝမ်းကွဲအောင် တိုက်ပေးနေတဲ့ ပုဂ္ဂိုလ်တွေ လည်းရှိပါတယ်။ အဲဒါတွေကို ကျမတို့ကနေပြီးတော့ ရှင်းရှင်း လင်းလင်း မြင်ရမယ်။  တပ်မတော်ရဲ့ အခွင့်အရေးတွေကို လျှော့ချချင်လို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို  လုပ်နေတာမဟုတ်ပါဘူး။ ကျမတို့ရဲ့ တပ်မတော်ကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်ကောင်းတခု၊ မျှမျှတတ တပ်မတော်ကောင်းတခု၊ ပြည်သူက လေးစားချစ်ခင်တဲ့ တပ်မတော်ကောင်းတခု ဖြစ်စေချင်လို့ ကျမတို့အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမယ်  ဆိုပြီးတော့ တိုက်တွန်းနေတာပါ´´ ဟု ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် လူထုဟောပြောပွဲတွင် ပြောဆိုခဲ့သည်။

နေပြည်တော် NLD ပါတီဟောပြောပွဲ ခွင့်ပြုချက်မပေးရန် ကန့်ကွက်ခဲ့သူမှာ  သမ္မတရုံးဝန်ကြီးလည်းဖြစ် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးသိန်းညွှန့် ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကာလ NLD ပါတီကမဲဆွယ် စည်းရုံးရေး ဟောပြောပွဲများ နေရာတောင်းခံရာ အများစုကို နေပြည်တော်ကောင်စီက  ပယ်ချခဲ့ကြောင်း၊  မန္တလေးမြို့မှ နေပြည်တော်သို့ မဲဆွယ်စည်းရုံးရေးအတွက် သယ်ဆောင်လာသော ခွပ်ဒေါင်းရွှေရုပ်ထုကားကိုလည်း နေပြည်တော် ကောင်စီ အမိန့်ဖြင့် ရဲအထပ်ထပ်တား၍ တားဆီးပိတ်ပင်ခဲ့ဖူးကြောင်း NLD  အသိုင်းအဝိုင်းထံမှ သိရှိရသည်။

နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဦးသိန်းညွှန့်သည် တပ်မတော်တွင် ဗိုလ်မှူးကြီးအဆင့်အထိသာ တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနှင့် အလွန်နီးစပ်သူ ဖြစ်ကြောင်း၊ ယခင် စစ်အစိုးရလက်ထက် နေပြည်တော် တည်ဆောက် ရေး စီမံကိန်းများတွင် အဓိက အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

ဧရာဝတီသတင်းဌာနက NLD ၏ လူထုဟောပြောပွဲ ခွင့်ပြုမိန့်မပေးရန် ကန့်ကွက်မှုနှင့် ပတ်သက်၍ နေပြည်တော် ကောင်စီရုံးသို့ ဆက်သွယ်မေးမြန်းရာ သီးခြားမှတ်ချက်မပေးနိုင်ဘဲ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့်သာ စုံစမ်းစေလိုကြောင်း နေပြည်တော်ကောင်စီရုံးမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။

Loading