[irrawaddy_gallery]
ပဲခူးရိုးမရှိ သစ်တောများ ပြုန်းတီးမှုကြောင့် ဖြစ်လာရသည့် လစ်လပ်မြေဧက ၂ ထောင်ကျော်ကို လုပ်ငန်းရှင်များက သစ်တောများ ပြန်လည် ထူထောင်ရန်ဟု ဆိုကာ လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကတည်းက ရယူထားသော်လည်း ယနေ့အချိန်ထိ မည်သည့် အပင်မှ စိုက်ပျိုးခြင်း မရှိကြောင်း၊ ဒေသခံများက ယင်း လစ်လပ်မြေများကို ဝါးစိုက်ပျိုးရန် ရယူလိုကြကြောင်း စုံစမ်းသိရှိရသည်။
“အဓိက ကတော့ သစ်တောပြုန်းတီးမှုကြောင့် လစ်လပ်နေတဲ့ မြေနေရာတွေမှာ ဝါးပင်တွေစိုက်ပြီး၊ သစ်တွေခုတ်၊ မီးသွေး ထုတ်မယ့်အစား၊ ဝါးမီးသွေး ထုတ်မယ်ဆိုရင် ဒေသခံ ကျေးလက်ပြည်သူတွေ အတွက်ရော အကြီးစား၊ အလတ်စား၊ အသေးစား စက်မှုလုပ်ငန်းရှင်တွေအတွက် အထောက်အကူ အများကြီးရနိုင်မယ် ထင်တယ်။ ကျေးလက် ပြည်သူတွေ အတွက်ပေါ့။ ပြုန်းတီးသွားတဲ့ နေရာမှာ သစ်တွေလည်း ပြန်စိုက်ရမယ်။ ဝါးကိုလည်း နှစ်တို စီမံကိန်း အနေနဲ့ ကျေးလက် အလုပ်သမားတွေ အလုပ်ရအောင် စိုက်သင့်တယ်” ဟု မြန်မာအစိမ်းရောင်ကွန်ရက် ဥက္ကဌ ဒေါ်ဒေဝီသန့်စင်က ပြောသည်။
သစ်တောပညာရှင် ဦးအုန်းက “ပဲခူးရိုးမကြီး သစ်တောပြုန်းတီးရခြင်း အကြောင်းအရင်းကတော့ သစ်ပင်တွေ အရမ်းခုတ်တယ်၊ စည်းမဲ့ကမ်းမဲ့ကို ခုတ်ကြတယ်။ အဲ့ဒီလိုတွေ စည်းကမ်းမဲ့ ခုတ်ချင်သလိုတွေ ခုတ်နေတော့ တောကလည်းကုန်၊ တောထဲမှာ အောင်းနေတဲ့ တိရစ္ဆာန်တွေလည်း ကုန်တော့တာပဲ။ အရင်က ဆိုရင် ကျားရှိတယ်။ အခုဆို ကျားမရှိတော့ဘူး။ ဆင်တွေပဲ ကျန်တော့တယ်။ သစ်တောဌာနကလည်း ဒါကို ကောင်းကောင်း မထိန်းသိမ်းနိုင်တာကို တွေ့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဦးအုန်းက ဆက်လက်၍ “ဒါတင်မကဘူး။ တန်ဖိုးရှိ သစ်တွေဖြစ်တဲ့ ပျဉ်းကတိုးတို့၊ ပိတောက်တို့ကို ခုတ်ပြီး မီးသွေးဖုတ်၊ ပြီးရင် အရက်ချက် စက်ရုံတွေကို ရောင်းစားတယ်။ ဖြစ်ချင်ရာတွေ ဖြစ်နေကြတာ၊ တိုင်းပြည်က ဘာမှ မကျန်တော့ဘူး။ သစ်တောတွေ အရမ်းကို ပြုန်းတီးနေပြီ။ သစ်တောတွေ ပြုန်းတီးတဲ့အတွက် မိုးရေကိုလည်း ကောင်းကောင်း မထိန်းနိုင်တော့ ရာသီဥတု တွေလည်း ဖောက်ပြန်ကုန်တယ်” ဟု ပြောသည်။
ပဲခူးရိုးမရှိ သစ်တောများမှ ထွက်ရှိသည့် ပျဉ်းကတိုး အပါအဝင် ရှားပါးသစ်များကို ဒေသတွင်း လုပ်ငန်းရှင်များက ခုတ်ယူကာ ထင်းနှင့် မီးသွေး အလွန်အကျွံ ထုတ်လုပ်နေမှုများကြောင့် သစ်တော ပြုန်းတီးမှု ပိုမိုများပြားလျက် ရှိကြောင်း သိရသည်။
“လုပ်ငန်းရှင်တွေ အနေနဲ့ သာမန် ထုတ်လုပ်ခွင့်ရှိတဲ့ ပမာဏထက် ပိုပြီး ထုတ်တဲ့အတွက်ကြောင့် ဒီလို သစ်တော ပြုန်းတီးမှုတွေ ဖြစ်နေရတာပါ။ ဒါကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း လျစ်လျှူရှုနေကြတယ်။ ဒီလိုသာ ဆက်ပြီး အလွန်အကျွံ ထုတ်လုပ်သွားမယ် ဆိုရင် အနာဂတ်အတွက် အလွန် စိုးရိမ်ရတဲ့ အနေအထားကို ရောက်သွားမှာပါ” ဟု ယင်း ဒေသသို့ သွားရောက်၍ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခဲ့သော အစိမ်းရောင် အသံအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
ယင်းကဲ့သို့ ထင်းနှင့်မီးသွေး အလွန်အကျွံ ထုတ်လုပ်မှုများကြောင့် ပဲခူးရိုးမ သစ်တော ပြုန်းတီးမှုသည် ၁၉၈၈ ခုနှစ် နောက်ပိုင်းမှ စတင် ဆိုးဝါးလာခြင်း ဖြစ်ပြီး ယခုအချိန်တွင် ပို၍ဆိုးရွားလာကြောင်း ပဲခူးရိုးမ အနီးရှိ ကျောက်အိုင်ရွာမှ ဒေသခံတဦးက ပြောသည်။