ကွာလာလမ်ပူမြို့ရှိ နိုင်ငံခြားသားအလုပ်သမားများကို ဒေသဆိုင်ရာ အာဏာပိုင်များက တရားဝင် လာရောက်လုပ်ကိုင် ခြင်း ဟုတ်မဟုတ် တင်းကျပ်စွာ စစ်ဆေးနေခြင်းအားဖြင့် အခက်အခဲများ ပိုများလာနေကြောင်း မလေးရှား နိုင်ငံရောက် မြန်မာအလုပ်သမားများက ပြောကြသည်။
စာရွက်စာတမ်း အထောက်အထားမရှိသူများ ဖမ်းဆီး ထိန်းသိမ်း ခံနေရပြီး မြန်မာနိုင်ငံမှ ဘာသာရေးပဋိပက္ခများ၏ သက်ရောက်မှုများက မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများကို ယင်းသို့ တင်းတင်းကြပ်ကြပ် စိစစ်စရာ ဖန်လာနေသည်ဟု ဆိုကြသည်။
ယခုနှစ် မေလ နှောင်းပိုင်း နှင့် ဇွန်လ အစောပိုင်းတို့၌ မလေးရှားနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် မြန်မာများ နှင့် မွတ်ဆလင်များ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး အများစုမှာ ကွာလာလမ်ပူမြို့ တဝိုက်တွင်ဖြစ်သည်။ မြန်မာအလုပ်သမား အနည်းဆုံး ၆ ဦး သေဆုံးခဲ့၍ မိမိတို့လုံခြုံရေးကို စိုးရိမ်ကြောက်လန့်မှုဖြင့် ရာနှင့်ချီသော အခြားအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်ခဲ့ကြသည်။
ဇွန်လအတွင်းက မြန်မာအလုပ်သမား ၁၀၀၀ ကျော်ကို မလေးရှားရဲအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နောက်ထပ် သွေးထွက် သံယို အကြမ်းဖက်မှုများ မဖြစ်ပေါ်လာစေနိုင်ရန် ယင်းသို့ ထိန်းသိမ်းရခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။ ပြီးခဲ့သည့် ၃ လ က လည်း အလားတူထပ်မံ လုပ်ဆောင်ခဲ့သဖြင့် မလေးရှားနိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းအတွက် စိုးရိမ်စရာ အခြေအနေ တခုဖြစ်လာရပြန်သည်။
“ကျနော်တို့ မှာ တရားဝင် အလုပ်လုပ်ခွင့် ပါမစ်နဲ့ နိုင်ငံကူးလက်မှတ် ရှိနေရင်တောင်မှ ကွာလာလမ်ပူမှာ ဘယ်ကို သွား သွား မလေးရှားရဲကို စိုးရိမ်နေရတယ်။ သူတို့ ကျနော်တို့ကို စစ်ဆေးတဲ့ နေရာတိုင်းမှာ တင်းတင်းကျပ်ကျပ်ကို စစ်ဆေး တယ်။ အထူးသဖြင့် မြန်မာတွေ အနေများတဲ့ တရုတ်တန်း နားမှာပါ” ဟု ကွာလာလမ်ပူမြို့တွင် နေထိုင်သည်မှာ ၁၀ နှစ်ကျော်ခဲ့ ပြီဖြစ်သော အသက် ၄၃ နှစ်အရွယ် ဦးကြည်အောင်က ပြောသည်။
“အထူးသဖြင့် နေထိုင်ခွင့် သက်တမ်းကျော်နေတဲ့ မြန်မာတွေ၊ ရဲက သူတို့ ဘယ်သူလဲဆိုတာသိတယ်။ ဒါကြောင့် သူတို့ သံသယရှိတယ်ဆိုရင် ဖမ်းပြီးတော့ အလုပ်ရှင်ဆီကို တာဝန်ခံပေးဖို့ ဖုန်းဆက်ခွင့်ပြုတယ်။ တခါတလေတော့ သူတို့ကို လာဘ်ထိုးခွင့် ပေးတယ်။ အနည်းဆုံး ရင်းဂစ် ၁၀၀ (အမေရိကန်ဒေါ်လာ ၃၁ ဒေါ်လာခန့်) ပေးရတယ်” ဟုလည်း သူက ပြောသည်။
ကွာလာလမ်ပူမှ ဒမန်ဆာရာ မြို့နယ်ရှိ အလုပ်သမားစုဆောင်းရေး ကုမ္ပဏီ တခုတွင် အလုပ်လုပ်ကိုင်နေသော ဦးကြည်အောင်က သူ၏ မလေးရှားနိုင်ငံတွင် ၁၀ နှစ်ကြာနေထိုင်ခဲ့သော အတွေ့အကြုံအရပြောရလျှင် ဆလာယန်း ရပ်ကွက်သည် မလေးရှား နိုင်ငံသားများနှင့် မြန်မာ၊ နီပေါ၊ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား အစရှိသော နိုင်ငံခြားသားများကြား ပြဿနာ အဖြစ် အများဆုံးဖြစ်သည်။
“အဲဒီနားမှာ ပြဿနာဖြစ်တယ်ဆိုတဲ့ သတင်းနေ့တိုင်း ကြားရတယ်။ အဲဒီမှာက တရားဥပဒေစိုးမိုးရေး မရှိဘူး။ ဒါပေမယ့် မီဒီယာတွေမှာကလည်း ထပ်တလဲလဲဖော်ပြပေးနေတော့ မြန်မာတွေကို နှစ်ဖက် အစိုးရတွေကလည်း ပိုပြီး သတိထားမိ လာကြပါတယ်။ အခုဆိုရင် ကျနော်တို့ကို မလေးရှား အစိုးရက သေသေချာချာ စစ်ဆေးတာ ခံနေရပြီ။ သက်တမ်းကျော်ပြီး နေတဲ့ သူတွေကတော့ ပိုပြီးစိုးရိမ်ရတာပေါ့” ဟု ဦးကြည်အောင်က ဆိုသည်။
စက်တင်ဘာ လဆန်းပိုင်းတွင် မလေးရှား အာဏာပိုင်များက တရားမဝင် အလုပ်သမားများ ဖယ်ရှားရေး လှုပ်ရှားမှုတရပ်ကို စတင်လုပ်ဆောင်လာချိန်တွင် မြန်မာအလုပ်သမားများလည်း ဒုတိယအကြိမ်မြောက် အစုအပြုံလိုက် အိမ်ကိုပြန်ကြသည်။ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လာကြသော မြန်မာအလုပ်သမား ၁၇၀ က မလေးရှား အာဏာပိုင်များ က ဖမ်ဆီးမည်ကို စိုးရိမ်သည့်အတွက် ပြန်လာဖို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြသည်။ ယခုနှစ်ပြုလုပ်သော နှိမ်နင်းမှု သည် စေ့စေ့စပ်စပ် နှင့် သေသေချာချာ လုပ်ကိုင်ခြင်း ဖြစ်သည့်အတွက် တရားမဝင် နေထိုင်ကြသူများသည် အဖမ်းခံရမည်ကို စိုးရိမ်စွာဖြင့် နေနေကြရကြောင်း သူတို့က ပြောသည်။
ကွာလာလမ်ပူမှ စားသောက်ဆိုင်ပိုင်ရှင် တဦးဖြစ်သော ဦးသိန်းနိုင်က အလုပ်သမားအဖြစ် နေထိုင်ခွင့်ရရှိရေး လုပ်ထုံးလုပ်နည်းများသည် ရေရာ တိကျခြင်းမရှိဟု ဆိုသည်။ မလေးရှား အစိုးရနှင့် မြန်မာအစိုးရတို့၏ သတ်မှတ်ချက်များကလည်း ကွဲပြားမှုများ ရှိနေပြီး တခါတရံ ဆန့်ကျင်ဖက်ဖြစ်နေသည်ဟုလည်း သူကပြောသည်။
“ဘယ်လို ဖြစ်နေသလဲဆိုတော့၊ တကယ်လို့ အလုပ်သမားတယောက်က မြန်မာသံရုံးက အသိအမှတ်ပြုထားတဲ့ အထောက် အထား စာရွက်စာတမ်းတွေပြနိုင်ရင် တရားဝင်နေထိုင်ခွင့် ကဒ်ပြားထုတ်ပေးမယ်လို့ မလေးရှား အစိုးရက ပြော တယ်။ ဒါပေမယ့် မြန်မာသံရုံးက ကျတော့ မလေးရှားအစိုးရက အလုပ်လုပ်ခွင့်ပါမစ်ပေးရင် သူတို့က ကာလရှည်နေထိုင်ခွင့် ပါမစ် ကိုအတည်ပြုပေးမယ်လို့ ပြောတယ်။ အဲဒီတော့ လူတွေလည်း ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး။ သူတို့ကြားမှာ လိုက်လျောညီတွေ မဖြစ်တော့ဘဲ ကွဲလွဲနေတယ်” ဟု မလေးရှားနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော်ကြာ နေထိုင်ခဲ့သော ဦးသိန်းနိုင် က ပြောပြသည်။
မလေးရှား အာဏာပိုင်များဖက်ကလည်း တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် နိုင်ငံခြားသားအလုပ်သမား ၄၀၀၀၀၀ ခန့် ကို နောက်ဆုံးအကြိမ်တွင် ဖယ်ထုတ်နိုင်ရန် ဦးတည်ချက်ထားရှိကြောင်း သတင်းရရှိသည်။
“ဖြစ်နိုင်ရင် မြန်မာအစိုးရဘက်ကနေ မလေးရှားနိုင်ငံမှာ တရားဝင်နေထိုင်လုပ်ကိုင်ချင်တဲ့ မြန်မာအလုပ်သမားတွေကို လိုအပ်တဲ့ ထောက်ခံစာထုတ်ပေးခြင်းအားဖြင့် ကူညီသင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင် မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ် သမားတွေ ပိုများလာပါလိမ့်မယ်” ဟုလည်း ဦးသိန်းနိုင်က ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် မြန်မာအလုပ်သမားများကို နှင်ထုတ် နေသည့် ကိစ္စကို မလေးရှား အစိုးရနှင့် ဆွေးနွေးရန်အတွက် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ဦးအေးမြင့် ကွာလာလမ်ပူသို့ သွားရောက်ခဲ့သည်။
မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် အခါ ဝန်ကြီး ဦးအေးမြင့်က တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် မြန်မာ အလုပ်သမားများကို နယ်စပ်ကို တရားမဝင်ဖြတ်ကျော်၍ ထွက်သွားခဲ့ခြင်း ဖြစ်သည့်တိုင်အောင် အရေးယူခြင်းမရှိဘဲ ပြန် လာခွင့်ပေးမည် ဖြစ်သည်ဟု ပြောခဲ့သည်။
အလုပ်သမားဝန်ကြီးဌာန၏ စာရင်းဇယားများအရ မလေးရှားနိုင်ငံတွင် အလုပ် လုပ်နေသော မြန်မာနိုင်ငံသား ၂၅၀၀၀၀ ခန့်ရှိပြီး ၎င်းတို့ထဲမှ ၁၁၀၀၀၀ ကျော်သည် မှန်ကန်သည့် တရားဝင်စာရွက်စာ တမ်းများ မရှိဘဲလုပ်ကိုင်နေကြခြင်း ဖြစ်သည်ဟု သိရသည်။ အခြား မြန်မာနိုင်ငံသား ၈၀၀၀ ခန့်က ကုလသမဂ္ဂ၏ ဒုက္ခသည် အဆင့်အတန်း သတ်မှတ်ခံထားရသူများဖြစ်သည်။
သို့သော်လည်း အဆိုပါ ကိန်းဂဏန်းများ ထက်လျော့နည်း ကျဆင်းသွားဖွယ်ရာ အကြောင်းများလည်း ရှိနေသည်။ စက်တင်ဘာလ အတွင်း ဖမ်းဆီးမှုများ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာ အလုပ်သမား အတော်များများ ပြန်သွားကြကြောင်း မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမားများက ပြောကြသည်။ ထို့အတွက်ကြောင့် ၎င်းတို့ ကို အားထားလုပ်ကိုင် နေရသည့် မလေးရှား စက်မှုလုပ်ငန်းများ ကို ထိခိုက်ခဲ့ရပြီး စက်ရုံအချို့နှင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပိတ်ပစ်ရလုနီးပါး ဖြစ်ခဲ့ရသည်။
ကွာလာလမ်ပူမြို့ ဆန်းဝေးရပ်ကွက်ရှိ Old Town ကော်ဖီဆိုင်မှ စားဖိုမှူးတဦး ဖြစ်သော ဦးဝင်းမြင့်က မလေးရှား စီးပွားရေး လုပ်ငန်းရှင် အများစုသည် မြန်မာ အလုပ်သမားတို့၏ အလုပ်အပေါ်ရိုသေ တန်ဖိုးထားမှုကို သဘောကျနှစ်ချိုက် ကြပြီး ဖမ်းဆီးအရေးယူမှုများကြောင့် အိမ်ပြန်သွားရသည်ကို မမြင်တွေ့လိုကြကြောင်း ပြောပြသည်။
“တချို့ အလုပ်ရှင်တွေဆိုရင် သူတို့ အလုပ်သမားတွေ နေထိုင်ခွင့်ပါမစ် ရဖို့ကြိုးစားပေးကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ အလုပ်သမားတွေက အလုပ်ကြိုးစားတယ်။ တနေ့ကို ၁၂ နာရီ အလုပ်လုပ်နိုင်တယ်။ ဒေသခံ အလုပ်သမားတွေက မလုပ်နိုင်ကြဘူး” ဟု သူကဆိုသည်။
သို့သော် မလေးရှားအစိုးရ၏ ကန့်သတ်ချုပ်ချယ်မှုများအတွက် ပူပန်နေရန် မလိုသည့် မြန်မာအလုပ်သမားများအတွက် ပင်လျှင် မလေးရှားတွင် ကာလကြာရှည် ဆက်လက်နေထိုင်ရန် ခက်ခဲသည့်အကြောင်း တခုကလည်းရှိလာသည်။ နေထိုင်မှု စားရိတ်များ မြင့်တက်လာခြင်းက သူတို့အတွက် နောက်ထပ်စိန်ခေါ်မှု တခုဖြစ်သည်။
“ကျနော် တလကို မလေးရင်းဂစ် ၁၅၀၀ (အမေရိကန်ဒေါ်လာ ၅၀၀ခန့်) ရတယ်။ ကျနော်ပိုက်ဆံ မစုနိုင်ဘူး။ အိမ်က မိသားစု ဆီကိုလည်း ပြန်မပို့နိုင်ဘူး။ ကျနော် ဒီမှာဆက်ပြီး အလုပ်လုပ်နေရတဲ့ အကြောင်းက ကျနော့်တိုင်းပြည်မှာ ဒီလောက်ပိုက်ဆံ ပမာဏကို မရှာနိုင်လို့ပါ။ ဒါပေမယ့် နောက်နှစ်ကျရင်တော့ ပြန်ဖို့ ကျနော်စဉ်းစားနေပါတယ်” ဟု ဦးဝင်း မြင့် ကပြောသည်။
“မလေးရှားကို လာဖို့ ကျနော်တို့ ရင်းဂစ် ၃၀၀၀ ကျော်ပေးခဲ့ရတယ်။ အဲဒီတော့ ပထမ တနှစ်မှာ ပိုက်ဆံမစုနိုင်ဘူး။ ဘာဖြစ် လို့လဲဆိုတော့ စားသောက်ဆိုင်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ စက်ရုံတွေမှာလုပ်တဲ့ တချို့ အလုပ်သမားတွေဆိုရင် လစာက ရင်းဂစ် ၁၀၀၀ ထက်နည်းတယ်။ သူတို့ မိသားစု ဆီကိုတောင် ပိုက်ဆံပြန်မပို့နိုင်ဘူး” ဟု သူက ထပ်ပြောသည်။
မလေးရှား နိုင်ငံသို့ ရောက်ရှိနေသော မြန်မာအလုပ်သမားများက မြန်မာနိုင်ငံတွင် တလလျှင် မြန်မာငွေ ၂၀၀၀၀၀ ကျပ်နှင့် အထက်ရှာဖွေ နိုင်မည်ဆိုပါက မလေးရှားနိုင်ငံတွင် လက်ရှိနိုင်ငံခြားသား အလုပ်သမားများတွေ့ကြုံနေရသည့် အခြေအနေ များကို ရင်ဆိုင်မည့် အစား မြန်မာနိုင်ငံမှာသာ နေသည်က ပိုသင့်လျှော်ကြောင်းပြောကြသည်။
“အခု အချိန်ကတော့ မလေးရှားနိုင်ငံက နိုင်ငံခြားသား အလုပ်သမားတွေအတွက် အချိန်ကောင်း မဟုတ်ပါဘူး” ဟု ကွာလာလမ်ပူမှ စားသောက်ဆိုင်ပိုင်ရှင် ဦးသိန်းနိုင်က ဆိုသည်။