ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတချို့ရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ တတိယနိုင်ငံတွင် အခြေချနေထိုင်နိုင်ရေး အတွက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က သက်ဆိုင်ရာ အစိုးရများကို တိုက်တွန်းကြောင်း သိရသည်။
“AAPP အနေနဲ့ကတော့ တတိယနိုင်ငံတွေမှာ အခြေချချင်တဲ့ နိုင်/ကျဉ်းဟောင်းတွေကို တတ်နိုင်သမျှ အမြန်ဆုံး အခြေချနိုင် ဖို့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အစိုးရတွေကို တိုက်တွန်း ပေးနေပါတယ်”ဟု AAPP တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီကို ပြောသည်။
နေရပ် မပြန်လိုသော နိုင်ငံရေး အကျဉ်းသားဟောင်းများအား အတင်းအကျပ် နေရပ်ပြန်ပို့ခြင်း မလုပ်ရန်နှင့် ၎င်းတို့၏ ဆန္ဒအရသာ စီစဉ်ပေးရန် သက်ဆိုင်ရာ နိုင်ငံများအား တိုက်တွန်းထားသည်ဟုလည်း ဦးဘိုကြည်က ပြောဆိုသည်။
ဒုက္ခသည် စခန်းများတွင် လတ်တလော ရှိနေသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများမှာ အုန်းပြန့် စခန်း၌ ၃၇ ဦး၊ နို့ဖိုး စခန်းတွင် ၉ ဦး ရှိပြီး အခြား စခန်းများတွင် ၂၀ ခန့်ရှိကြောင်း AAPP က ဆိုသည်။
ယင်း ဒုက္ခသည်များ ဆန္ဒရှိပါက နေရပ်ပြန်လည် အခြေချရေး လုပ်ငန်းများအတွက် အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အကူအညီ အထောက်အပံ့ ပေးမှုများ ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလက ရန်ကုန်မြို့သို့ရောက်ရှိနေသော AAPP အတွင်းရေးမှူး ဦးတိတ်နိုင်နှင့် အမေရိကန် နိုင်ငံ၏ ပြန် လည်နေရာချထားရေး အရာရှိနှင့် တွေ့ဆုံပြီးနောက် အမေရိကန်အစိုးရဘက်က ဒုက္ခသည်စခန်းများရှိ နိုင်ငံရေးအကျဉ်း သား ဟောင်းများ၏ စာရင်းကို တောင်းဆိုခဲ့ကြောင်း သိရသည်။
အုန်းပြန့် ဒုက္ခသည် စခန်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးလှသန်းက အကျဉ်းထောင်တွင်း နှစ်ပါင်းများစွာ နေလာခဲ့ရ၍ ကျန်းမာရေး ထိခိုက်နေပြီး အကယ်၍ နိုင်ငံရေးလှုပ်ရှားမှု တခုခုကြောင့် ထပ်မံ ဖမ်းဆီးထောင်ချ ခံရမည် ဆိုပါက အသက် အန္တရာယ်လည်း ရှိကြောင်း၊ ထို့အပြင် မိသားစုဘ၀ ပြန်လည် နာလန်မထူတော့မည်ကို စိုးရိမ်၍ မြန်မာနိုင်ငံသို့ မပြန်လိုခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“ပြည်ပကို နည်းမျိုးစုံနဲ့ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ပတ်သက်ပြီးတော့ ကိုယ့်နိုင်ငံကို တရားဝင် ပြန်လာနိုင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာလည်း အစိုးရက မထုတ်ပြန်ဘူး၊ ဒါတွေကြောင့် ကျနော်လုံး၀ မပြန်လိုပါဘူး၊ တတိယ နိုင်ငံ တခုခုမှာပဲ အခြေချ နေထိုင်ချင် ပါတော့တယ်”ဟု သူက ဆိုသည်။
မြန်မာ့ နိုင်ငံရေးအခြေအနေက လုံး၀ အကောင်းဘက်ကို ပြောင်းနေပြီဟူသော အာမခံနိုင်သည့် အခြေအနေ မရှိသေးကြောင်း၊ အလုပ်အကိုင်ရှားပါးမူနှင့် သင့်တင့်လျောက်ပတ်သည့် ဝင်ငွေမရရှိနိုင်ခြင်း၊ လူနေမူစရိတ် ကြီးမြင့်ခြင်းများသည် ပြည်ပ ရောက် နိုင်ငံရေး အကျဉ်းသားဟောင်းများ ပြည်တွင်း၌ ပြန်လည် အခြေချနေထိုင်နိုင်ရန် အတွက် အခက်အခဲများ ဖြစ် သည်ဟု ဦးဘိုကြည်ကလည်း ပြောဆိုသည်။
ဦးဘိုကြည်က ဆက်လက်ပြီး“မြန်မာ အစိုးရဘက်ကလည်း ပြန်ဝင်ချင်တဲ့ လူတွေအတွက် အကူအညီပေးတယ် ဆိုတာမျိုးလည်း မရှိတော့ တတိယနိုင်ငံကို သွားရောက် အခြေချချင်တယ် ဆိုတာမျိုး မဖြစ်မနေ ဆုံးဖြတ်လိုက်ရတာ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ သူတို့ကို စာနာ နားလည်ပါတယ်”ဟုလည်း ပြောသည်။
အမေရိကန် အပါအဝင် ကနေဒါနှင့် ဥရောပနိုင်ငံများက မြန်မာဒုက္ခသည်များအား နှစ်စဉ်လိုလို ခေါ်ယူလျက်ရှိသည်။
သို့သော် ဒုက္ခသည်များသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က ဒုက္ခသည်အဖြစ် သတ်မှတ် ၍ အထောက်အထား ရရှိပြီးပါက တတိယနိုင်ငံသို့ ထွက်ခွာရန် ထိုင်းနိုင်ငံ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းရသည်။
၂၀၀၆ ခုနှစ် နောက်ပိုင်း နယ်စပ်ဒေသများက တဆင့် ဒုက္ခသည်စခန်းများသို့ ရောက်ရှိလာသည့် နိုင်ငံရေး အကျဉ်းသား ဟောင်း တချို့မှာ ဒုက္ခသည်အဖြစ် တရားဝင် သတ်မှတ်ထားသည့် အထောက်အထား မရရှိသေးသူများ ရှိသည်။ ၎င်းတို့ကို ဒုက္ခသည်ဆိုင်ရာ ကူညီရေး အေဂျင်စီများက ရိက္ခာသာ ထောက်ပံ့ ပေးနေကြောင်း သိရသည်။
လက်ရှိ ဦးသိန်းစိန် အစိုးရက အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး စသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဖော်ဆောင် လာရင်း ဒုက္ခသည်စခန်းများရှိ မြန်မာဒုက္ခသည်များကို ပြည်တွင်း ပြန်လည်နေရာ ချထားရေး အတွက်လည်း စီစဉ်နေသည် ဟု ဆိုသည်။