ယမန်နှစ်အတွင်း လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ဆန့်ကျင် ဆန္ဒပြခဲ့ကြသည့် သံဃာတော်များကို ရဲတပ်ဖွဲ့က မီလောင်းဗုံးသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှု အပေါ် ခွင့်ပြုချက်မရှိ ဆန္ဒထုတ်ဖော် ဆန္ဒပြခဲ့သူ ကိုဒီငြိမ်းလင်း အပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်း ၆ ဦးကို ကြည့်မြင်တိုင် မြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် တလ ယနေ့ ချမှတ် လိုက်ကြောင်း သတင်းရရှိသည်။
လက်ပံတောင်း တောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှုတွင် သံဃာတော်များ မီးလောင်ဒဏ်ရာများ ရရှိခဲ့မှုကြောင့် ရန်ကုန်မြို့တွင် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ကြသည့် ကိုဒီငြိမ်းလင်း အပါအဝင် တက်ကြွလှုပ်ရှားသူများက ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း၊ ယင်းဆန္ဒထုတ်ဖော်မှုသည် ခွင့်ပြုချက်မရှိ ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်ဟု ဆိုကာ စမ်းချောင်းမြို့နယ်၊ အလုံမြို့နယ်၊ ကြည့်မြင့်တိုင် မြို့နယ်ရဲတပ်ဖွဲ့က ပုဒ် မ ၁၈ ဖြင့် ဆန္ဒပြသူများကို သက်ဆိုင်ရာ တရားရုံး များတွင် တရားစွဲ ဆိုထားခဲ့ရာမှ ယနေ့ ထောင်ဒဏ်များ ချမှတ်အပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကိုဒီငြိမ်းလင်း၊ ကိုအောင်မျိုးဦး၊ ကိုကျော်မြင့်ဦး၊ မသန္တာ၊ ကိုစိုးမိုးထွန်း ခေါ် သူကြီး၊ ကိုမိုးဃ်းသွေးတို့ကို ဒီကနေ့ ကြည့်ြ့မင်တိုင် တရားရုံးက ပုဒ်မ ၁၈ နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လချလိုက်တာ”ဟု ကိုဒီငြိမ်းလင်း၏ မိခင် ဒေါ်ေဋ္ဌးေဋ္ဌးဝင်းက ဧရာဝတီကိုပြောသည်။
အာဏာပိုင်များက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁ လချမှတ်ခံရသော နိုင်ငံရေးအကျဉ်းသားဟောင်း ၆ဦးကို အင်းစိန် ဗဟို အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီး အင်းစိန်အကျဉ်းထောင်တွင် မိသားစုဝင်များက တွေ့ခွင့်ရရန် စောင့်ဆိုင်း နေကြောင်း သိရှိရသည်။
ဆန္ဒပြသူ များကို ထောင်ဒဏ်ချမှတ်လိုက်သော ပုဒ်မ ၁၈ သည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပါ ပုဒ်မတခုဖြစ်ပြီး မည်သူမဆို ခွင့်ပြုမိန် မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ခြင်း ပြုကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁ နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ၃ သောင်း ထက် မပိုသော ငွေ ဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်ရမည် ဖော်ပြ ထားသည်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်မှုသည် ဒီမိုကရေစီ အသွင်ကူး ပြောင်းရေး ခေတ်တွင် မရှိသင့်တော့ဘဲ နိုင်ငံသားတို့၏ ဒီမိုကရေစီအခွင့်အရေးကန့်သတ်သည့် ဥပဒေပုဒ်မများကို ဖျက်သိမ်း သင့်ကြောင်း ဒေါ်ေဋ္ဌးေဋ္ဌးဝင်းက ပြောသည်။
“ဒီနေ့ပဲ ရုံးချိန်းသွား၊ ဒီနေ့ပဲ အမိန့်ချပြီး ထောင်ထဲ တန်းပို့လိုက်တော့ ရင်ထဲမှာ ဟာတာတာ ကြီးတော့ ခံစားလိုက်ရ တယ်၊ ဒီပုဒ်မတွေက ဖျက်သိမ်းသင့်တဲ့ပုဒ်မတွေပဲ” ဟု ဒေါ်ေဋ္ဌးေဋ္ဌးဝင်းက ပြောသည်။
ထောင်ဒဏ်ချမှတ်ခံလိုက်ရသူ ကိုဒီငြိမ်းလင်းသည် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး အကျဉ်းထောင်မှ လွတ်မြောက်လာချိန်တွင် တက္ကသိုလ်ပြန်လည် တက်ခွင့်ရရှိပြီး ပညာသင်ယူနေဆဲဖြစ်ကြောင်း၊ ဒီဇင်ဘာလတွင် တက္ကသိုလ်စာမေးပွဲ ဖြေဆိုရန်ရှိသည်ဟု သိရှိရသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကိုဒီငြိမ်းလင်း အပါအဝင် ဆန္ဒပြသူ ၆ ဦးကို စမ်းချောင်းနှင့် အလုံမြို့နယ်တရားရုံးတို့က ပုဒ်မ ၁၈ ဖြင့်ပင် ပြစ်ဒဏ်စီရင်ချက်များ ထပ်မံ ချမှတ်ဖွယ်ရှိကြောင်း သိရှိရသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ နိုဝင်ဘာလ စာရင်းများအရ ပုဒ်မ ၁၈ ဖြင့် တရား ရင်ဆိုင်နေရသူ ၁၃၀ ဦး၊ ထောင်ဒဏ်ချခံရသူ ၅၂ ဦး နှင့် လက်ရှိ အကျဉ်း ထောင်များတွင်း အကျဉ်းကျခံနေရသူ ၁၈ ဦး ကျန်ရှိနေသေးကြောင်း သိရှိရသည်။
သမ္မတဦးသိန်းစိန်၏ အမိန့်ဖြင့် သမ္မတရုံး ဝန်ကြီးဦးစိုးသိန်း၊ နိုင်ငံရေးအကျဉ်းသားများအရေး လှုပ်ရှားသည့် အဖွဲ့များ၊ နိုင်ငံရေး အကျဉ်းသားဟောင်း များ နှင့် နိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းထားသော လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီက ပုဒ်မ ၁၈ နှင့် ပတ်သက်၍ ဆွေးနွေးမှုများရှိနေကြောင်း သိရသည်။
သမ္မတဦးသိန်းစိန်သည် နိုဝင်ဘာ ၁၅ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ၆၉ ဦး လွှတ်ပေးခဲ့ပြီး ယခုနှစ်ကုန် မြန်မာနိုင်ငံ တွင် နိုင်ငံရေးအကျဉ်းသား မရှိစေရဟု အနောက်နိုင်ငံ ခရီးစဉ်များအတွင်း ကတိပေး ပြောဆိုခဲ့သည်။