ပဲခူးတိုင်း၊ တောင်ငူမြို့၊ ကန်လမ်းရှိ ချမ်းမြေ့တည်းခိုခန်း၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ပြစ်မှု ကျူးလွန်သည်ဟု သံသယရှိသူကို ကရင်အမျိုးသား အစည်းအရုံး (KNU) က ဖမ်းဆီးရမိကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုသည် အောက်တိုဘာ ၁၁ ရက်၊ ည ၈ နာရီ မိနစ် ၄၀ တွင် ဖြစ်ပွားခဲ့ပြီး တည်းခိုခန်းတည်းမှ အမျိုးသားတဦး သေဆုံးကာ အမျိုးသမီးတဦး ဒဏ်ရာရရှိကြောင်း၊ ပေါက်ကွဲမှုနှင် ပတ်သက်၍ သံသယရှိသူ စောထွန်းထွန်းကို နိုဝင်ဘာ ၁၈ ရက်နေ့က ဖမ်းဆီးမိပြီး ပေါက်ကွဲစေတတ်သော အရာဝတ္တုများ အက်ဥပဒေ ပုဒ်မ (၃) ဖြင့် တောင်ငူမြို့ ရဲစခန်းတွင် တရားစွဲဆိုထားကြောင်း သိရှိရသည်။
ပေါက်ကွဲမှုနှင့် ပတ်သက်၍ နေပြည်တော် ရဲတပ်ဖွဲ့က ကူညီရှာဖွေပေးရန် အကူအညီတောင်းခဲ့ကြောင်း၊ ထို့ကြောင့် ရှာဖွေ ဖမ်းဆီးကာ ကျောက်ကြီး ရဲစခန်းသို့ အပ်ခဲ့ကြောင်း ကျောက်ကြီး KNU ဆက်ဆံရေးရုံးမှ ကိုစောဖာခူးက ဧရာဝတီသို့ ပြောသည်။
“ပြစ်မှုကျူးလွန်သူလို့ ယူဆလို့ ကျနော်တို့ စစ်သားတွေက ဖမ်းဆီးပြီး ပို့လိုက်တာပါ။ သူက တောင်ပေါ်မှာ ရာသီသီးနှံတွေကို
ရှာစားတဲ့သူပါ။ သူကို မသင်္ကာလို့ ဖမ်းဆီးလိုက်တာပါ။ ကျန်တဲ့အပိုင်းကို ကျနော်တို့ မသိတော့ပါဘူး” ဟု ကိုစောဖာခူးက ဆိုသည်။
KNU အဖွဲ့အနေဖြင့် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူများကို အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် ပေးမည်ဟု ကတိ ရှိခဲ့သည့်အတိုင်း အခင်းဖြစ်ပြီး ၅ ပတ်အကြာတွင် ပေါက်ကွဲမှု၌ အဓိက ပါဝင်သူကို ဖမ်းဆီးကာ သက်ဆိုင်ရာသို့ လွှဲပြောင်းခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
“ပြစ်မှုကျူးလွန်တဲ့ စောထွန်းထွန်းက သူ့ကိုယ်သူ ဖောက်ကွဲရေးသမားလို့ ဝန်ခံသွားပါတယ်။ အဲဒါကြောင့် ကျနော်တို့ အနေနဲ့လည်း လုပ်စရာရှိတာ ဆက်လုပ်နေပါတယ်။ လောလောဆယ်တော့ တောင်ငူမြို့ အမှတ် (၁) ရဲစခန်းမှာပဲ ရှိပါသေးတယ်” ဟု အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
အောက်တိုဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့ အထိ ဗုံးပေါက်ကွဲမှု ၆ ကြိမ်၊ ဗုံးတွေ့ရှိရမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အစိုးရက နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန် ရည်ရွယ်သော ဗုံးဖောက်ခွဲမှုများကို ဖော်ထုတ်ရာ၌ ပြည်သူများ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း နှိုးဆော်ထားကြောင်း သိရသည်။