မြန်မာနိုင်ငံ ရခိုင်ဒေသရှိ မွတ်စလင်များကို ရိုဟင်ဂျာအဖြစ် နိုင်ငံသားပြုခွင့် ဆောင်ရွက်ပေးရန် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တိုက်တွန်းမှုကို မြန်မာအစိုးရက ပယ်ချလိုက်ပြီး ရိုဟင်ဂျာဟူသော စကားလုံးကိုလည်း ကန့်ကွက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးက ပြောဆိုလိုက်သည်။
နိုဝင်ဘာ ၁၉ ရက်က ကျင်းပသော ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက နိုင်ငံမဲ့ ဖြစ်နေသော ရိုဟင်ဂျာ (ဘင်္ဂါလီ) များအား နိုင်ငံသား အပြည့်အ၀ ဖြစ်သူများနည်းတူ တန်းတူ အခွင့်အရေး ပေးရန် တိုက်တွန်းလိုက်ပြီး အတည်ပြု ဆုံးဖြတ်ချက်တွင် ဘင်္ဂါလီနှင့် မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက် တိုက်ခိုက်မှုများကို အရေးယူရန်လည်း တိုက်တွန်းထားသည်။
ယခု ချမှတ်လိုက်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး တတိယကော်မတီ၏ ဆုံးဖြတ်ချက်၌ အထိအခိုက်မခံသော မလိုလားသည့် ရိုဟင်ဂျာ ဟူသော စကားလုံးအသုံးအနှုန်း သုံးထားသည့်အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်တင်က ကုလသမဂ္ဂ ညီလာခံတွင် ကန့်ကွက်ပြောဆိုသည်။
ရိုဟင်ဂျာကို နိုင်ငံသား ဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက မြန်မာ အစိုးရကို တိုက်တွန်းကြောင်း သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အစိုးရ၏ ရပ်တည်ချက်မှာ ရိုဟင်ဂျာဆိုသော စကားလုံးကို လုံး၀ လက်မခံနိုင်ကြောင်း၊ ရခိုင် ပြည်နယ်အတွင်းရှိ ဘင်္ဂါလီလူမျိုးများ အနက် ၁၉၈၂ နိုင်ငံသား ဥပဒေနှင့် ကိုက်ညီသူတိုင်း နိုင်ငံသားပြုခွင့် ရမည် ဖြစ်ကြောင်း သူ၏ ဖေ့စ်ဘုတ် စာမျက်နှာမှတဆင့် ထုတ်ပြန် ပြောဆိုထားသည်။
“ဥပဒေနဲ့ မညီသူများကိုတော့ ဘယ်သူက ဖိအားပေးပေး နိုင်ငံသားပြုခွင့် မပေးနိုင်ပါဘူး။ ဒါဟာ ကျနော်တို့ ရဲ့အချုပ်အခြာ အာ ဏာပိုင်ခွင့် ဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန်အပါအဝင် အနောက်ဒီမိုကရေစီ နိုင်ငံများမှာလည်း နိုင်ငံသားပြုခွင့်နဲ့ ပတ်သက်ပြီး သီးခြားပြဋ္ဌာန်းထားတဲ့ ဥပဒေများ၊ စည်းကမ်းချက်များ ရှိပါတယ်။ အဲဒီ ဥပဒေများနဲ့ မကိုက်ညီတဲ့သူတွေကို ဘယ်နိုင်ငံတကာအဖွဲ့အစည်းပြောပြော သက်ဆိုင်ရာနိုင်ငံက နိုင်ငံသားပြုပေးမှာ မဟုတ်ပါဘူး”ဟု ဦးရဲထွဋ်က ဆိုသည်။
အစိုးရကမူ ကုလသမဂ္ဂအနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနက ဆောင်ရွက်နေသော စာရင်းကောက် ယူရေး လုပ်ငန်းများတွင် ဘင်္ဂါလီ လူမျိုးများက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်သော လုပ်ဆောင်ချက်များကိုလည်း ထောက်ပြရန် လိုအပ်ကြောင်း အကြံပြုထားသည်။
ကုလသမဂ္ဂ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြည်တွင်း ရခိုင်နှင့် မွတ်စလင်အဖွဲ့များကြားတွင်လည်း မတူညီသော အမြင်များဖြင့် သဘောထား ကွဲပြားလျက် ရှိသည်။
ရိုဟင်ဂျာ အငြင်းပွားမှုတွင် ပါလီမန် ဒီမိုကရေစီခေတ်က ဦးနုအစိုးရသည် ရခိုင်နယ်စပ်တွင် ပုန်ကန်နေသော မူဂျာဟစ်သူပုန်များအရေးတွင် ရခိုင်ဒေသမှ မွတ်စလင်များ ပါဝင်ခြင်းမရှိဘဲ အစိုးရအပေါ် သစ္စာစောင့်သိခဲ့သောကြောင့် မြန်မာ-မွတ်စလင် အဖွဲ့နှင့် တိုင်ပင်ကာ နိုင်ငံသားပြုရေး ထောက်ခံပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးနုထံတွင် ကိုယ်ရေးအတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့သူ ဝါရင့်နိုင်ငံ ရေး သမား ဦးသုဝေက ဧရာဝတီသို့ ပြောသည်။
“အဲဒီတုန်းက တိုင်းပြည်ကလည်း လွတ်လပ်ရေးရခါစ ဖြစ်နေတယ်။ အစိုးရအဖွဲ့ထဲမှာတောင် မွတ်စလင်တွေ ပါခဲ့တယ်။ နောက်ပြီး မူဂျာဟစ် သူပုန်ထတုန်းကလည်း သူပုန်အဖွဲ့ထဲမှာ မွတ်စလင်တွေ မပါတဲ့အတွက် အဲဒီတုန်းက ရှိတဲ့ မြန်မာ-မွတ်စလင်အဖွဲ့နဲ့ တိုင်ပင်ပြီးတော့ နိုင်ငံသားပြုရေးမှာ အသိအမှတ်ပြုပေးပြီး ရွေးကောက်ပွဲဝင်နိုင်အောင်အထိ လုပ်ပေးခဲ့တာမျိုးရှိတယ်”ဟုလည်း ဦးသုဝေ က ပြောပြသည်။
ရိုဟင်ဂျာ အမည်ခံထားသော အမျိုးသား ဖွံဖြိုးတိုးတက်ရေး ပါတီမှ တာဝန်ရှိသူ အဘူတာဟေး ခေါ် ဦးသာအေးက ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်ကို ကြိုဆိုလိုက်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ပါ ကိုက်ညီ သော တိုက်တွန်းမှုဟု ဧရာဝတီသို့ ပြောဆိုသည်။
ရိုဟင်ဂျာများသည် ဗြိတိသျှ အစိုးရခေတ် မတိုင်မီကပင် နေထိုင်ခဲ့ကြောင်း တွေ့ရှိခဲ့သောကြောင့် လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီခေတ်၌ အစိုးရက ၁၉၅၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့တွင် ကက်ဘိနက် ဆုံးဖြတ်ချက်ဖြင့် ရိုဟင်ဂျာကို တိုင်းရင်း သား အဖြစ် အသိအမှတ်ပြုပေးခဲ့ကြောင်း၊ ၁၉၆၁ ခုနှစ် မေလတွင် ရိုဟင်ဂျာတိုင်းရင်းသား အသံလွှင့်အစီအစဉ် ထုတ်လွှင့်ပေးခဲ့ပြီး ထိုနှစ်တွင်ပင် ရိုဟင်ဂျာလူများစုနေထိုင်သော နေရာကို မေယုနယ်ခြားခရိုင်အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း အဘူတာဟေး ခေါ် ဦးသာအေးက ဧရာဝတီသို့ ပြောသည်။
“ရိုဟင်ဂျာကို လက်ခံတဲ့ အစိုးရ ဆုံးဖြတ်ချက် ၃ ခုရှိခဲ့ပါတယ်။ တရားဝင် လက်ခံခဲ့တဲ့ ကိစ္စပါ။ တဦးတယောက်က ရိုဟင်ဂျာကို လက်ခံခဲ့တာ မဟုတ်ဘဲနဲ့ အစိုးရကိုယ်တိုင် လက်ခံခဲ့တာပါ”ဟု အဘူတာဟေး ခေါ် ဦးသာအေးက ဆိုသည်။
မြန်မာ့စွယ်စုံကျမ်း အတွဲ(၉)တွင်မူ မေယုနယ်ခြားခရိုင် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၌ ဆူပူသောင်းကျန်းနေသော မူဂျာဟစ် သူပုန်များကို ထိရောက်စွာ နှိမ်နင်းရန် ပါဝင်ပြီး တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတို့အတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ် ကြောင်း၊ နယ်ခြားဒေသ အုပ်ချုပ်ရေးဌာန လက်အောက်တွင် ထားရှိ၍ တိုက်ရိုက်အုပ်ချုပ်ခဲ့ကြောင်း၊ နောက်ပိုင်း၌ စစ်တွေခရိုင် လက်အောက်သို့ ပြန်လည်သွတ်သွင်းခြင်းကို ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ပြီးနောက် ၁၉၆၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်ထဲရေးဌာန လက်အောက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။
ကုလသမဂ္ဂ၏ အထက်ပါဆုံးဖြတ်ချက်သည် နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဥပဒေများကို တရားဝင်စိန်ခေါ် ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးရာများကို ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်း၊ ထိုထုတ်ပြန်ချက်သည် ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း၊ ရခိုင်တိုင်းရင်းသားများ အနေဖြင့် ယင်းထုတ်ပြန်ချက်အား ကန့်ကွက်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် က ပြောဆိုသည်။
“သူတို့(ကုလသမဂ္ဂ)မှာ ဘတ်ဂျက်တွေ ရန်ပုံငွေတွေ နည်းလာတော့ ပိုက်ဆံချမ်းသာတဲ့၊ ရေနံထွက်တဲ့ နိုင်ငံတွေဆီက ပိုက်ဆံ ရတော့ အဲဒီနိုင်ငံတွေရဲ့ သဘောလိုက်ပြီး လုပ်နေတဲ့ သဘောဖြစ်လာတယ်။ အခုလို ထုတ်ပြန်ချက်ကိုတော့ လုံး၀ ကန့်ကွက် တယ်”ဟုလည်း ဦးဇော်အေးမောင်က ဆိုသည်။
ရိုဟင်ဂျာ မွတ်စလင် ပြဿနာသည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ပိုမိုကြီးထွားလာပြီး နိုင်ငံတဝန်း ပဋိပက္ခ အကြမ်း ဖက်မှုများ ဖြစ်ပွားခဲ့ရာ ယင်းကိစ္စမှာ မြန်မာသည် ကမ္ဘာတွင် လူဆိုးကြီးဖြစ်နေပြီဟု သမ္မတဦးသိန်းစိန်က သူ၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ပြောဆိုခဲ့ဖူးသည်။