လေကြောင်းညွှန်ကြားမှု ဦးစီးဌာနက ပြည်တွင်း လေဆိပ် ၆၉ ခုထဲမှ လေဆိပ် ၃၀ ကို အဆင့်မြှင့်တင်ရေးအတွက် ပြည်တွင်း ပြည်ပမှ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများအား နိုဝင်ဘာလ ၂၀ ရက်နေ့က ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။
နိုင်ငံတော် အနေဖြင့် လက်ရှိတွင် လေဆိပ် ၆၉ ခု အတွက် အမေရိကန်ဒေါ်လာ ၁၂ သန်း နှစ်စဉ် သုံးစွဲကြောင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ခြင်းသည် နိုင်ငံတော် ဘတ်ဂျက်သုံးစွဲမှုကို လျှော့ချခြင်းဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောသည်။
“အခုလို ပြည်တွင်းလေဆိပ်တွေ အဆင့်မြှင့်တင်ရေး ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ရတာက လာမယ့်နှစ်မှာ အစိုးရ ဘတ်ဂျက် သုံးစွဲမှုကို လျှော့ချပစ်နိုင်ဖို့ ဆုံးဖြတ် လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဘတ်ဂျက် အလုံအလောက် မရှိတော့ လေဆိပ် ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းတွေ မလုပ်နိုင်သလို၊ ကျွမ်းကျင် ပညာရှင်တွေကိုလည်း လုံလောက်တဲ့ အထောက်အပံ့ပေးပြီး ဆွဲဆောင်နိုင်ခြင်း ရှိပါဘူး။ ဒီလို အခြေအနေတွေကြောင့် ပြည်တွင်း ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ရတာ ဖြစ်ပါတယ်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောသည်။
ယခင် စစ်အစိုးရ လက်ထက်က မှားယွင်းသည့် အုပ်ချုပ်ရေးစနစ်နှင့် လေကြောင်း လုပ်ငန်းအပေါ် လျစ်လျူရှုခဲ့သဖြင့် ဆယ်စုနှစ်ပေါင်းများစွာ လေကြောင်းပို့ဆောင်ရေး၊ လေဆိပ် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ မလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ လက်ရှိတွင် လေဆိပ်များမှာ သေးငယ်ပြီး စိတ်မချရသည့်အပြင် ခေတ်မီနည်း ပညာများလည်း အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
၂၀၁၂ နှင့် ၂၀၁၃ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သည့် လေယာဉ် မတော်တဆ ဖြစ်မှုများကြောင့် လေကြောင်း လုံခြုံရေးမှာ အရေးပါသည့် အခန်းကဏ္ဍတရပ် ဖြစ်လာသည်။ Reuters သတင်းဌာန၏ ဖော်ပြချက်တရပ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားသည့် လေယာဉ် မတော်တဆမှုများသည် ကမ္ဘာတဝှမ်း ပျမ်းမျှ ဖြစ်ပွားမှုထက် ၉ ဆ ပိုများသည်ဟု ဆိုသည်။
မြန်မာ့လေကြောင်း ပို့ဆောင်ရေး အနေဖြင့် လာမည့်နှစ်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးလာမည်ဟု မျှော်လင့်ကြောင်း၊ ပြည်တွင်း ပြည်ပ လေကြောင်းလိုင်းများလည်း တိုးချဲ့ပျံသန်းမှုများ လုပ်ဆောင်လျက်ရှိသဖြင့် လေယာဉ်စီး ခရီးသည် အရေအတွက်လည်း မြင့်တက်လာကြောင်း သိရှိရပြီး ၂၀၁၂ ခုနှစ်တွင် ခရီးသည် ၃ ဒသမ ၆ သန်း ရှိရာမှ ၂၀၁၃ တွင် ၄ ဒသမ ၂ သန်းအထိ မြင့်တက်လာနိုင်ကြောင်း၊ ၂၀၃၀ အတွင်း လေယာဉ်စီး ခရီးသည် သန်း ၃၀ အထိ ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများက လေဆိပ် ထိန်းသိမ်းရေး လုပ်ငန်း အခြေခံအဆောက်အအုံ နှင့် နည်းပညာဆိုင်ရာများ ထည့်သွင်း ရေးဆွဲထားသည့် အဆိုပြုလွှာများ ပြည့်စုံစွာ ပါရှိစေလိုကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိက သဘောတူ ဖက်စပ် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ လေဆိပ်လုံခြုံရေးနှင့် လေကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများကို လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနက ဆက်လက် တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စိတ်ပါဝင်စားသည့် ကုမ္ပဏီများ အနေဖြင့် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း လေကြောင်း ဦးစီးဌာနသို့ အဆိုပြုလွှာ နှင့်အတူ လာရောက် လျှောက်ထားနိုင်ကြောင်း၊ လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနက တင်ပြလာသည့် အဆိုပြုလွှာ များကို စိစစ်ရွေးချယ်ကာ အစိုးရတင်ဒါ အဖွဲ့သို့ လျှောက်ထားစေမည် ဖြစ်ကြောင်း သိရသည်။
“တင်ဒါ စနစ်နဲ့ ခေါ်ယူရာမှာ ပွင့်ပွင့်လင်းလင်း မျှမျှတတ ဖြစ်စေမှာပါ။ ဒါဟာ စိတ်ဝင်စားသူတွေကို အာမခံ ပေးတာပါပဲ” ဟု ဦးတင်နိုင်ထွန်းက ပြောသည်။ လက်ရှိတွင် လွှတ်တော်၌ လေကြောင်း ဥပဒေ ပြဋ္ဌာန်းနိုင်ရေး လုပ်ဆောင်နေကြောင်း၊ ဥပဒေသည် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ အကာအကွယ် ပေးနိုင်ကြောင်း သိရသည်။
လေကြောင်း ညွှန်ကြားရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြည်တွင်း လုပ်ငန်းရှင်များကို ဦးစားပေး လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံလိုသူများ အနေဖြင့် မိမိတို့ တင်ပြထားသည့် အဆိုပြချက်အတိုင်း လုံလောက်သည့် ငွေကြေး ပြည့်စုံရန် အရေးကြီးကြောင်း ပြောဆိုသည်။
“အခုနှစ် အစောပိုင်းက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေ လေဆိပ် စီမံကိန်းအတွက် တင်ဒါအောင် လုပ်ကိုင်ခွင့် ရရှိသွားတာနဲ့ ပတ်သက်ပြီး ပြည်တွင်း လုပ်ငန်းရှင်တွေက တုံ့ပြန် ပြောဆိုတာတွေ ကြားရပါတယ်။ ဒါကြောင့် အခု လေဆိပ် စီမံကိန်းတွေမှာတော့ ပြည်တွင်း ရင်းနှီးမြှုပ်နှံသူတွေကို ဦးစားပေးသွားမှာပါ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လက မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးနှင့် စီးပွားရေးမြို့တော် ရန်ကုန်အနီး ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကုန်ကျမည့် ဟံသာဝတီ နိုင်ငံတကာ လေဆိပ် တည်ဆောက်ရေး လုပ်ကိုင်ခွင့်အတွက် တောင်ကိုရီးယား နိုင်ငံမှ အင်ချွန် (Incheon) နိုင်ငံတကာ လေကြောင်း ကော်ပိုရေးရှင်းကို ရွေးချယ်ခဲ့သည်။
ဒေါ်လာ သန်း ၁၅၀ ကုန်ကျမည့် ရန်ကုန် မင်္ဂလာဒုံ လေယာဉ်ကွင်းဟောင်း ပြန်လည် ထိန်းသိမ်းမြှင့်တင်ရေး လုပ်ကိုင်ခွင့်အတွက် ဘိန်းဘုရင် လော်စစ်ဟန်၏ သား စတီဗင်လော (ခ) ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် Asia World ကုမ္ပဏီက ဦးဆောင်သည့် ကုမ္ပဏီ အုပ်စုက လုပ်ကိုင်ခွင့် ရရှိခဲ့သည်။
မန္တလေး နိုင်ငံတကာ လေဆိပ် ထိန်းသိမ်းမြှင့်တင်ရေး အတွက် ဂျပန်နိုင်ငံမှ Mitsubishi ကော်ပိုရေးရှင်း ဦးဆောင်သည့် ကုမ္ပဏီအုပ်စုက လုပ်ကိုင်ခွင့် ရရှိခဲ့သည်။