View Larger Map
ကောင်းကင်မှ မြင်ရသော ယနေ့ခေတ် မုတ္တမမြို့တည်နေရာ (ဓာတ်ပုံ – Google Map)
မွန်ပြည်နယ်ရှိ မုတ္တမမြို့ဟောင်းများကို ထိန်းသိမ်းရန်နှင့် ပြန်လည်ဖော်ထုတ်ရန် နည်းပညာနှင့် ကျွမ်းကျင်ပညာရှင်များ၏ အကူ အညီများ၊ ဘဏ္ဍာငွေကြေးများ လိုအပ်နေကြောင်း မုတ္တမမြို့ဟောင်း ပြန်လည်ဖော်ထုတ်ရေး လုပ်ဆောင်နေသူများ က ပြောသည်။
ထို့အပြင် လက်ရှိမြို့ဟောင်းထိန်းသိမ်းရေးနှင့် ပြန်လည်ဖော်ထုတ်ရေးကို ဒေသခံရပ်မိရပ်ဖများနှင့်သာ လုပ်ကိုင်နေရခြင်းဖြစ်ပြီး မြို့ဟောင်းနှင့် ပက်သက်သော သဲလွန်စများသာ ရရှိနေသေးကြောင်း မုတ္တမမြို့ဟောင်း ထိန်းသိမ်းရေးနှင့် ပြန်လည် ဖော်ထုတ်ရေး အဖွဲ့မှ ရှေးဟောင်း သုတေသန ပညာရှင် ဒေါ်နန်းကြည်ကြည်ခိုင်က ဧရာဝတီသို့ ပြောသည်။
“လက်ရှိစုဆောင်းထားနိုင်တဲ့ မြို့ဟောင်းနဲ့ပတ်သက်တဲ့ အထောက်အထားတွေကိုစုပြီးတော့ မုတ္တမက ကော့ဆိုင်ဘုန်းကြီးကျောင်း မှာ ပြတိုက်ဖွင့်ထားတယ်။ ဒါတွေက မြေပေါ် အထောက်အထားတွေပဲ ရှိသေးတာ။ မြို့ဟောင်းလို့ သတ်မှတ်ဖို့ ဆိုတာ အများကြီး ထပ်လုပ်ရဦးမှာ”ဟု ၎င်းက ပြောဆိုသည်။
ရရှိထားသော သမိုင်း အချက်အလက်များနှင့်အညီ နေရာအတိအကျသတ်မှတ်နိုင်ရန်မှာ တူးဖော်စုံစမ်းမှုများစွာ ပြုလုပ်ရဦးမည်ဖြစ် ကြောင်း၊ ကျန်ရှိနေသေးသော အထောက်အထားများ မပျက်စီးရေးကိုသာ အဓိကဦးတည် လုပ်ကိုင်နေရကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် မွန်ပြည်နယ် လွှတ်တော်တွင် မွန်ပြည်နယ်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်များနှင့်ပတ်သက်ပြီး ဥပဒေ တရပ် အတည် ပြုနိုင်ပြီဖြစ်သည့်အတွက် ကျန်ရှိနေသေးသော မုတ္တမမြို့ဟောင်း ၃ နေရာကို စနစ်တကျထိန်းသိမ်းမှု ပြုလုပ်ရမည် ဖြစ်ကြောင်း မွန် ပြည်နယ်အစိုးရအဖွဲ့ ယဉ်ကျေးမှု တာဝန်ခံ၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး ကလည်း ဧရာဝတီ သို့ ပြောသည်။
ထိုမြို့ဟောင်းများနှင့်ပတ်သက်ပြီး လူထုမြင်ကွင်းသို့ ပို့ဆောင်နိုင်ရေးကို ဦးတည်လုပ်ကိုင်နေသေးကြောင်း၊ အထောက်အထားများ မပျောက်ပျက်ရေးအတွက် ဒေသခံများကို ပညာပေးရန် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ဆက် ပြောသည်။
မြို့ဟောင်းတူးဖော်မှုသည် အလွန်သိမ်မွေ့သောကြောင့် စနစ်တကျမလုပ်လျှင် ကျန်ရှိနေသေးသော အထောက်အထားများပင် ပျက်စီးသွားနိုင်သည့်အတွက် တူးဖော်ရေးကို လုပ်ခွင့်မပြုသေးကြောင်း၊ တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန်မှာ ပြည်ထောင်စု အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ကို ယူရဦးမည်ဖြစ်ကြောင်းလည်း ဒေါက်တာ မင်းနွယ်စိုးက ပြောဆိုသည်။
“ဒီကိစ္စက လောလို့မရဘူး။ တကယ်ရှိခဲ့တယ်၊ တကယ် ထင်ပေါ်ခဲ့တယ် ဆိုတာကိုတော့ ဖော်ထုတ်လို့ရတဲ့ နည်းနဲ့ဖော်ထုတ် မှာပါ။ ဒေသခံတွေကိုလည်း ပညာပေးမှုတွေ လုပ်ရဦးမယ်။ ဥပဒေက ပြဌာန်းလိုက်ပြီဆိုတော့ အဲဒီ ဥပဒေအတိုင်း ပြန်ဖော် ဖို့က မြို့ဟောင်း တည်ရှိနေတဲ့ နေရာက ဒေသခံတွေနဲ့လည်း ညှိနှိုင်းမှုတွေ အများကြီးလုပ်ရဦးမယ်။ အခုကတော့ သူတို့နား လည်အောင်၊ ရှေးဟောင်း အမွေအနှစ်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ပဲ ပြောရမှာ”ဟု ၎င်းက ဆိုသည်။
မုတ္တမမြို့ဟောင်းများနှင့်ပတ်သက်ပြီး သမိုင်း အထောက်အထားများအရ မြို့တည်ထောင်မှု ၃ နေရာရှိခဲ့ကြောင်း၊ ပထမမြို့ဟောင်း သည် မုတ္တမတောင်တန်း၏ အမြင့်ဆုံးတောင်ထိပ်ပေါ်၌ သက္ကရာဇ် ၁၉၁ ခုနှစ်တွင် ဥဒိန္နရာဇာမင်းက ဓုံမူးတမော့ မြို့(ဓညဝတီမြို့)
ကို တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ရာဘာ ခြံများအတွင်း တည်ရှိနေကြောင်း ဆရာကြီး ဦးပညာ ရေးသားခဲ့သော မုတ္တမ ရာဇဝင် ပေါင်းချုပ်နှင့် မုတ္တမ စစ်တမ်းစာဟောင်းကျမ်းတွင် ဖော်ပြထားသည်။
ဒုတိယမြို့ဟောင်းသည် သက္ကရာဇ် ၄၅၄ ခုနှစ်တွင် ပုဂံပြည် အလောင်းစည်သူ မင်းကြီးက မြို့တည်ပြီး အလိမ္မာအမတ်ကို မြို့စား အဖြစ် ခန့်အပ်ထားခဲ့ကြောင်း၊ သက္ကရာဇ် ၆၄၃ တွင် နောက်ဆုံး အလိမ္မာမင်းက ပုဂံမင်းကိုခြားနားပြီး မင်းပြုခဲ့သဖြင့် မွန်နန်းမြို့ ဖြစ် ခဲ့ပြီး ယခုကာလတွင် မုတ္တမမြို့ မီးရထားရုံသစ်၏ အနောက်မြောက် လူနေရပ်ကွက်များအတွင်း ကျရောက်နေကာ မြို့ဟောင်း နှင့် သက်ဆိုင်သော အထောက်အထား များစွာပျက်စီးနေပြီ ဖြစ်ကြောင်း သိရသည်။
တတိယမြို့ဟောင်းမှာ သက္ကရာဇ် ၆၄၃ ခုနှစ်တွင်ပင် တကော့ဝန်ရွာ ဇာတိ မဂဒူးက နောက်ဆုံးအလိမ္မာမင်းကို လုပ်ကြံပြီး သိမ်း ပိုက်၍ သက္ကရာဇ် ၆၄၉ တွင် သီရိရတနာပူရမြို့ကို ဒုတိယမြို့ဟောင်းနေရာ၏ အရှေ့တောင်ဘက်၊ မြသိန်းတန် စေတီ၏ မြောက် ဘက် မီးရထားရုံသစ် တလျှောက် မြို့သစ်တည်ခဲ့ပြီး ယခုအချိန်တွင် နန်းတော်ကုန်းနှင့် မြို့ရိုးဟု ယူဆနိုင်သော နေရာများ ကျန် ရှိ နေသေးကြောင်း မှတ်တမ်းများတွင် ပါရှိသည်။
လက်ရှိအခြေအနေအရ မြေပေါ် အထောက်အထားတချို့နှင့် သမိုင်းဆိုင်ရာ အချက်အလက်များကိုသာ စုဆောင်းထားနိုင်သေးပြီး မုတ္တမမြို့ဟောင်းများ တည်ရှိခဲ့သော နေရာများတွင် ကျန်ရှိနေသေးသော အထောက်အထားများ မပျက်စီးစေရန် ဒေသခံများကို မေတ္တာရပ်ခံ ထားရကြောင်း မုတ္တမမြို့ဟောင်း ထိန်းသိမ်းရေးနဲ့ ပြန်လည်ဖော်ထုတ်ရေးအဖွဲ့ ဥက္ကဌ ဒေါက်တာသန်းဦးက ပြောသည်။
“ကျနော်တို့က မြို့ဟောင်းတည်ခဲ့တဲ့ နေရာတွေမှာ ရှိနေကြတဲ့ ဒေသခံတွေ၊ ရာဘာလုပ်ငန်းရှင်တွေကို ကျန်ရှိနေသေးတဲ့ သမိုင်း အထောက်အထားတွေ ပျက်အောင် ဆက်မလုပ်ကြဖို့တော့ မေတ္တာရပ်ခံထားရတယ်။ တတိယမြို့ဟောင်းရဲ့ မြို့ရိုးလို့ ယူဆရ တဲ့ နေရာဆိုရင် အခု ရန်ကုန်မော်လမြိုင် အဝေးပြေးကားလမ်းက မြို့ရိုးနေရာကို ဖြတ်ဖောက်ထားတာ။ မပျက်စီးသေးတဲ့ မြို့ရိုး ဆိုလို့ နည်းနည်းပဲ ကျန်တော့တယ်”ဟု ၎င်းက ဆိုသည်။
မုတ္တမမြို့ဟောင်းများနှင့် ပတ်သက်ပြီး သုတေသန စာတမ်းဖတ်ပွဲ တခုကိုလည်း နိုင်ဝင်ဘာ ၁၀ ရက်နေ့က မုတ္တမ အထက်တန်း ကျောင်း တွင် ကျင်းပခဲ့ပြီး မုတ္တမ မွန်ယဉ်ကျေးမှု နယ်မြေသစ် ပေါ်ပေါက်ရေး အကြံပြုလွှာစာတမ်း၊ မုတ္တမ မွန်မင်းဆက် ဝါရီရူ ဓမ္မသတ် အပေါ် လေ့လာခြင်းစာတမ်း၊ မုတ္တမ အိုး၊ မုတ္တမမြို့ဟောင်းများ စသော စာတမ်းများကို ဖတ်ကြားခဲ့ကြောင်း သိရသည်။