ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်စားဆင်ယင် နေထိုင်သူများအတွက် အမှတ်တရနေ့ကို ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်တွင် နိုဝင်ဘာ ၂၀ ရက်နေ့က ကျင်းပသွားသည်။
အမျိုးသမီးချင်း ချစ်ခင်စုံမက်သူ၊ အမျိုးသားချင်း ချစ်ခင်စုံမက်သူ၊ အမျိုးသား အမျိုးသမီး နှစ်မျိုးစလုံး ချစ်ခင် စုံမက်သူများ စုပေါင်း ၍ အဆိုပါပွဲကို ကျင်းပခြင်းဖြစ်ပြီး တက်ရောက်လာသူများက ၎င်းတို့၏ ခံစားချက်များကို ဖွင့်ဟပြောဆိုကြသည်။
ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်စားဆင်ယင် နေထိုင်သူများအတွက် အမှတ်တရနေ့ကို ကျင်းပရခြင်းမှာ လူအများက နားလည် လက်ခံ လာစေရန် ဖြစ်ကြောင်း အခမ်းအနားမှူး ကိုတင်ကိုကိုက တက်ရောက်လာသူများကို ပြောကြားသည်။
ဆန့်ကျင်ဘက်လိင် ကဲ့သို့ ပြုမူနေထိုင်သူများကို လူမှုအသိုင်းအဝိုင်းက ခွဲခြားနှိမ်ချ ဆက်ဆံနေမှုများနှင့်ပတ်သက်၍လည်း ၎င်းက ရှင်းလင်း ပြောဆိုသွားသည်။
ကိုတင်ကိုကိုက“ဟိုးအရင်တုန်းကတည်းက ခွဲခြားဆက်ဆံခံရတယ်၊ ကိုယ့်ရဲ့လိင်စိတ် ခံယူမှုကြောင့် ကိုယ်နှစ်သက်သလို ဝတ်စား နေထိုင်တာတွေကို ဒီလိုဝတ်ရမလား၊ ဒီလိုနေရမလား ဆိုပြီး ရိုက်နှက်တာတွေ၊ အသက်န္တရာယ်အထိ ရန်ရှာတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် မိဘဂုဏ်သိက္ခာ ကျမှာစိုးလို့ တိုင်ကြားမှုှုတွေ မရှိခဲ့ပါဘူး၊ မတရားမှန်း သိရဲ့နဲ့ ရေငုံနှုတ်ပိတ် နေကြရပါတယ်”ဟုလည်း ပြောသည်။
ထို့ပြင် လုပ်ငန်းခွင်များတွင်လည်း ဖိနှိပ်ဆက်ဆံခံရမှုများ ရှိခဲ့ကြောင်း သူက ဆက်လက်ပြောပြသည်။
အမျိုးသားချင်း ချစ်ခင်စုံမက်သူ မသဒ္ဒါကလည်း“လမ်းသွားတဲ့အခါတောင် တခြားသူတွေလည်း သွားနေတာပဲ၊ ဒါပေမယ့် ကျမတို့ အပွင့်မ(မိန်းကလေးကဲ့သို့ ဝတ်စား ဆင်ယင်ပြုမူ နေထိုင်သည့် ယောက်ျား) တွေဆိုရင် မင်းတို့ ဒီကို ဘာလာ လုပ်တာလဲ၊ အဲသလိုမျိုး စစ်လားဆေးလား တွေလုပ်ပါတယ်။ ကိုယ့်ဟာကိုယ် နေတာတောင်မှ အပြောခံရပါတယ်”ဟု ပြောပြသည်။
ကျောင်းနေစဉ်ကာလကတည်းက စာသင်ခန်းတွင် ခွဲခြားဆက်ဆံခံရမှု အပါအဝင် ညှဉ်းပန်း နှိပ်စက်မှုများကို ကြုံတွေ့ခဲ့ရဖူးကြောင်းလည်း ၎င်းက ပြောသည်။
“ရဲစခန်းမှာ ယောက်ျားစစ်စစ် တယောက်နဲ့ ကျမနဲ့အတူတူ အဖမ်းခံရတာ၊ ယောက်ျားလေးကို ပြန်လွှတ်ပြီး ကျမကိုအကျႌချွတ် ပြီး ပွဲဈေးထဲမှာ လမ်းလျှောက်ခိုင်းပါတယ်။ အဲ့သလိုမျိုးတွေ နောက်ထပ်ညှဉ်းပန်း နှိပ်စက်မှုတွေ မဖြစ်ရအောင် ဒါဒါ အနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ အသုံးဝင်တဲ့ လူတယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ”ဟု မသဒ္ဒါ က ဆက်လက် ပြောဆိုသည်။
အမျိုးသမီးချင်း ချစ်ခင်စုံမက်သူ(Lesbian) ဆူးချိုး ကလည်း“ကျနော်က ကျောင်းမှာလည်း ခွဲခြားခံရပါတယ်။ တချို့ကတော့ ဖော်ဖော်ရွေရွေ ဆက်ဆံကြပါတယ်။ တခြားလူတွေ ခွဲခြားဆက်ဆံတာထက် ကိုယ့်မိသားစုကခွဲခြားတာ ပိုခံစားရပါတယ်”ဟုပြော ကြား သွားသည်။
အခမ်းအနားတွင် ကွယ်လွန်သွားသည့် ဆန့်ကျင်ဘက် လိင်ကဲ့သို့ ဝတ်စားဆင်ယင် နေထိုင်သူများအတွက် လွမ်းဆွတ်သော အားဖြင့် ၂ မိနစ်ခန့် ငြိမ်သက်၍ ဖယောင်းတိုင်ထွန်း ဆုတောင်းကြသည်။ ဆုတောင်းပြီးနောက် မနွမ်းသောပန်း ပြဇာတ်ဖြင့် ကပြ ဖျော်ဖြေသည်။
ယခု အခမ်းအနား ကျင်းပသော LGBT အဖွဲ့သည် အမျိုးသားချင်း၊ အမျိုးသမီးချင်း ချစ်ခင်စုံမက်သူများ၊ ဆန့်ကျင်ဘက်လိင် ကဲ့သို့ ပြောင်းလဲ ခံယူနေထိုင်သူများ ၊အမျိုးသား၊ အမျိုးသမီး နှစ်မျိုးစလုံး ချစ်ခင်စုံမက်သူများ နှင့် ၎င်းတို့အပေါ် နားလည် လက်ခံလာနိုင် သူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်သည်။
LGBT အခွင့်အရေးဆိုင်ရာ အသိပညာပေးခြင်း၊ LGBT အခွင့်အရေး အကြောင်းများ ပတ်ဝန်းကျင်က ပိုမိုသိရှိရန်အတွက် ပညာပေး လှုံ့ဆော်မှုများ၊ အခြားအဖွဲ့အစည်းများနှင့်အတူ လူ့အခွင့်ရေး မြှင့်တင်ရေးများအတွက် လုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်သည်။