ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ မုံးစီးဒေသက မူးယစ်ဆေးဝါး ထုတ်လုပ်နေတယ်လို့ ယူဆရတဲ့ စခန်းပုန်းတခုကို နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဌာန ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒီလ ၂၀ ရက်နေ့က စီးနင်း သိမ်းပိုက်လိုက်ကြောင်း သတင်းရရှိပါတယ်။
ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ဒေသခံလူထုရဲ့ သတင်းပေးပို့ချက်အရ မုံးစီးဒေသကို ရှင်းလင်းရေး ဝင်ရောက်ခဲ့ရာ အခုလ ၂၀ ရက်နေ့က မုံးစီးရွာ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာမှာ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စခန်းပုန်းကိုပါ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်တယ်လို့ ဒီကနေ့ထုတ် အစိုးရ သတင်းစာတွေက ဖော်ပြထားပါတယ်။
ပူးပေါင်းတပ်တွေ စခန်းပုန်းကို စီးနင်းသိမ်းပိုက် ရာမှာတော့ လူ ၁၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက် အသေးစား ၂၂ လက်၊ ခဲယမ်းမျိုးစုံ ၈၉၇ တောင့်၊ လက်ပစ်ဗုံး ၁၃ လုံး၊ ဗုံးသီးနှစ်လုံး၊ ကျည်အိမ်မျိုးစုံ ၁၉ ခု၊ ညကြည့် မှန်ပြောင်း တခု၊ အသံတိတ်ကိရိယာ တခု၊ စနိုက်ပါ မှန်ပြောင်းတခုတို့ကို သိမ်းဆည်းရမိကြောင်း သိရပါတယ်။
ဒါ့အပြင် ကာလ တန်ကြေး စုစုပေါင်း ကျပ် ၂၇၇ ဒသမ ၁ သန်း တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး အဲဒီအထဲမှာ ဘိန်းဖြူ ၆ ဒသမ ၃ ကီလိုဂရမ်၊ ဘိန်းညို ၁၂ ဒသမ ၇ ကီလိုဂရမ်၊ ဘိန်းစိမ်း ဝ ဒသမ ၈ ကီလိုဂရမ်၊ ဘိန်းဆီခဲ ၃ ဒသမ ၁ ကီလိုဂရမ်လည်း ပါတယ်တယ်လို့ သိရပါတယ်။
သိမ်းဆည်းရမိတဲ့ အထဲမှာ မူးယစ်ဆေးပြားရိုက်ဖို့ ဖော်စပ်ထားတဲ့ အညိုရောင်အမှုန့် ၄ ဒသမ ၅ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၇၂ဝဝ၊ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ ယာဉ်ငယ်တစ်စီးတို့ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဖမ်းဆီးရမိထားသူတွေကိုတော့ ဆက်လက် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့၊ မုံးစီးနယ်မြေခံရဲတပ်ဖွဲ့နဲ့ ဒေသတွင်း မူးယစ်ဆေးဝါး စိုက်ပျိုး ထုတ်လုပ်မှု၊ ရောင်းချမှုကို စောင့်ကြည်နေသူတွေကို ဧရာဝတီက ဆက်သွယ် မေးမြန်းကြည့်ရာမှာ အစိုးရတပ်ဖွဲ့တွေ စီးနင်းသိမ်းပိုက် လိုက်တာ ဟုတ်မှန်ကြောင်း ပြောပါတယ်။
ဒါ့အပြင် အဲဒီဒေသမှာ အစိုးရ စစ်တပ် လက်အောက်ခံ ဦးအုန်းခိုင် ဦးဆောင်တဲ့ မုံးစီး ဌာနေပြည်သူ့စစ်အဖွဲ့ က ထိန်းချုပ်လှုပ်ရှား နေသလို အစိုးရစစ်တပ် ခလရ (၄၅)၊ (၁၄၃)၊ (၁၄၅) တပ်တွေ နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ရင်း (၉) တပ်ဖွဲ့တို့လည်း လှုပ်ရှားနေကြတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးရုံး (UNODC) ရဲ့ ၂၀၁၃ ဇွန်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်က ဘိန်းထုတ်လုပ်မှု အများဆုံး နိုင်ငံတွေ စာရင်းထဲမှာ အာဖဂန်နစ္စတန်ပြီးရင် မြန်မာနိုင်ငံက ဒုတိယနေရာမှာ ရပ်တည်နေဆဲဖြစ်ကြောင်း ဖော်ပြထားပြီး တကမ္ဘာလုံးမှာ ဘိန်းသုံးစွဲမှုကြောင့် နှစ်စဉ် တနှစ်ကို ၂ သိန်းနှုန်း သေဆုံး နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အရှေ့တောင်အာရှမှာ မူးယစ်ဆေးဝါး အသုံးပြုမှုနဲ့ ထုတ်လုပ်မှု မြင့်တက်ရာမှာ မြန်ဆန်လာတဲ့အတွက် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုကို ခြိမ်းခြောက် လာတာကြောင့် မဟာမဲခေါင် ဒေသ ကိုယ်စားပြုနိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတွေနဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့ (UNODC) တို့ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ဖြန့်ဖြူး ရောင်းချမှုနဲ့ အသုံးပြုမှု အန္တရာယ်ကို တိုက်ဖျက်ဖို့အတွက် ပူးပေါင်းဆောင်ရွက် ကြဖို့ ဒီနှစ်မေလ ၉ ရက်နေ့က သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။
သမ္မတ ဦးသိန်းစိန်ကတော့ ၂၀၁၄ ခုနှစ်မှာ နိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အောင်မြင်ရမယ်လို့ ပြောဆို ထားပါတယ်။ ဒါပေမယ့် ၁၉၉၉ ခုနှစ်တုန်းကလည်း ၁၅ နှစ် စီမံကိန်းချ ကျိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့အပြင် ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှုတွေက ပိုမိုများပြားလာခဲ့ပါတယ်။