လက်ရှိ မြန်မာ့ တပ်မတော်ကို အခြေခံသည့် ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းနိုင်ရေး ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒု စစ် ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ပြောဆိုလိုက်သည်။
“အခုရှိနေတဲ့ တပ်မတော်ကို ဖျက်သိမ်းရေး မဟုတ်ပါဘူး။ တပ်မတော်ဆိုတာ တခုတည်းရှိရမယ်ဆိုတာကို လက်ခံတယ်၊ သို့သော် တပ်မတော်ဖွဲ့စည်းပုံနဲ့ပတ်သက်တဲ့ နေရာမှာ အရာရှိ အကြပ်တပ်သားတွေ ရွေးချယ် တည်ဆောက်တဲ့နေရာတွေက အစ လုပ်ပုံလုပ်နည်းများကိုသာ ပြင်လိုက်မယ်ဆိုရင် ပြည်ထောင်စု တပ်မတော်အသွင်ကို တကယ်ကို အနှစ်သာရ ဆောင်ပါလိမ့်မယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောဆိုကြောင်း အစည်းအဝေး တက်ရောက်သူ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီမှ ကိုယ်စားလှယ် ဦးမျိုးညွှန့်က ဧရာဝတီကို ပြောသည်။
KIA အနေဖြင့် မြန်မာနိုင်ငံတွင် တပ်မတော်တခုတည်း ရှိရမည်ဆိုသော မူကို ၂၀၀၉ ခုနှစ်ကတည်းက လက်ခံထားပြီးဖြစ်ကြောင်း၊ အဆိုပါသဘောထားကို ထိုစဉ်က စစ်အစိုးရ ခေါင်းဆောင်များထံလည်း ပို့ခဲ့ပြီးဖြစ်ကြောင်း၊ ယခုအထိလည်း ယခင် သဘောထား မပြောင်းလဲကြောင်း ဗိုလ်ချုပ် ဂွန်မော်က ရှင်းပြခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များနှင့် ပြည်တွင်းမှ နိုင်ငံရေး ပါတီ ၁၁ ခုမှ ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ကျင်းပသော ဆွေးနွေးပွဲတွင် ဗိုလ်ချုပ် ဂွန်မော် က ထိုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်းက ချင်းမိုင်၌ ကျင်းပသော UNFC အစည်းအဝေးတွင် လည်း ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သေးသည်။
မြန်မာ့ တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးကလည်း မကြာသေးခင်က ကျင်းပခဲ့သော မြစ်ကြီးနား ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ တွင် ပြည်ထောင်စု တပ်မတော် တခုတည်းသာ ရှိရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ယခင်က ထိတွေ့ဆက်ဆံခွင့်မရခဲ့၍ တဦးနှင့်တဦး၊ တဖွဲ့နှင့်တဖွဲ့ သဘောထားဆန္ဒများကို ပွင့်လင်းစွာ ဆွေးနွေးခွင့်မရခဲ့ဘဲ တချိန် က နားလည်မှုတည်ဆောက်ရေးပိုင်းတွင် အားနည်းခဲ့ကြသည်ဟုလည်း ဆိုသည်။
သို့သော် ချင်းမိုင်မြို့တွင် ယနေ့ ဆွေးနွေးသော ဆွေးနွေးမှုများသည် အလားအကောင်းတခုဖြစ်ကြောင်း၊ ခိုင်မာသည့် ငြိမ်း ချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး တည်ဆောက်နိုင်ရေးအတွက် အချိန်ယူထိတွေ့ဆွေးနွေးမှုများ ဆက်တိုက်လုပ်ဆောင်ရန် လိုကြောင်း အစည်းအဝေး တက်ရောက်လာသူများက ပြောသည်။
“အခု ဒီအစည်းအဝေးက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပြည်တွင်းစစ် အဆုံးသတ်ဖို့ အတွက် လက်ရှိ လုပ်ဆောင်နေမှုတွေ အတွက် အကျိုးရှိတယ်”ဟု ဦးမျိုးညွှန့်က ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF) ခေါင်းဆောင် ဦးခင်မောင်ဆွေက နိုင်ငံရေးပါတီများသည် ပြည်သူ့ကိုယ်စား ယခု ကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွ့ဲများနှင့် လာရောက်ဆွေးနွေးရာတွင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်များ ပေါ်ထွန်း လာရေးအတွက်သာ ဆွေးနွေးပြောဆိုကြောင်း၊ သို့သော် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာများသည် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့များနှင့် မြန်မာ့ တပ်မတော်တို့၏ အပိုင်းသာ ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။
“အစိုးရက တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် အရင်ထိုးပြီးမှ နိုင်ငံရေး ဆက်ဆွေးနွေး လို တယ်။ တိုင်းရင်းသားတွေက နိုင်ငံရေးအာမခံချက်တခုခု ရပြီးမှ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးလိုကြတယ်။ ဒီကိစ္စ ပြေ လည်ရေး အချိန်တခု ယူပြီး ဆွေးနွေးသွားဖို့ လိုတယ်”ဟု သူ က ဆိုသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်ကလည်း “လက်ရှိ မြန်မာ့နိုင်ငံရေး၊ တပ်မတော် ကိစ္စတွေကို ကျမတို့ နွေးနွေးထွေးထွေး ဆွေးနွေးခဲ့ပြီး ကျမတို့ဘက်က စိုးရိမ်ပူပန်မှုတွေကိုလည်း ရှင်းပြခဲ့တယ်”ဟု ပြောသည်။
အစိုးရက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေသော်လည်း အောက်ခြေစစ်တပ်များနှင့် သက်ဆိုင်ရာ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေမှုသည် တိုင်းရင်းသားများ၏ စစ်တပ်အပေါ် ယုံကြည်မှု အပြည့် အဝ မရသည့်အချက် ဖြစ်ကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) က ဗိုလ်မှူး စိုင်းလောင်ဆိုင်းကလည်း ပြောဆိုသွားသည်။
တိုင်းရင်းသား အားလုံးက တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖက်ဒရယ် ပြည်ထောင်စုကို လိုလားကြောင်းပြောဆိုကြပြီး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးနှင့် ပတ်သက်၍ တိုင်းရင်းသားများနှင့် တသဘောတည်းရှိကြောင်း ပြောဆိုဆွေးနွေးကြသည်ဟု သိရသည်။
အစိုးရဘက်က ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် တနေ့တချိန်တွင် လက်နက်ဖြုတ်သိမ်းရမည်ဆိုသည့် အချက်ကိုလည်း သဘောမတူကြဟု ဆိုသည်။
ဆွေးနွေးပွဲသို့ ပြည်တွင်းမှ တရားဝင် နိုင်ငံရေးပါတီ ၁၁ ခုဖြစ်သော NDF ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ NLD ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်း အမျိုးသား ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ၊ မတူကွဲ ပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ စသည့် ပါတီများနှင့် ရန်ကုန်တိုင်း အစိုးရ ရခိုင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်း အစိုးရ ကရင် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးစောထွန်းမြင့်၊ စစ်ကိုင်းတိုင်း အစိုးရ ချင်းရေးရာ ဝန်ကြီး ဦးနိုထန်ခပ်တို့ တက်ရောက်ခဲ့သည်။
ချင်းမိုင် ဆွေးနွေးပွဲကို မြန်မာငြိမ်းချမ်းရေးစင်တာ(MPC) က နိုင်ငံရေးပါတီ ၁၂ ပါတီ၏ ကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေး ရန် ဖိတ်ကြားခဲ့သော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မပါဝင်ကြောင်း သိရသည်။