• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

လူမျိုးစုပဋိပက္ခဆိုင်ရာ စိန်ခေါ်ချက် (၂)

by ဒိုနယ်လ် အယ်လ် ဟိုရိုဝစ်ဇ်
23 November 2013
in Ethnic Issues
A A
တိုင်းရင်းသား, ဒီမိုကရေစီ, မတူကွဲပြားမှု

လိုင်ဇာညီလာခံကို လုံခြုံရေး ယူပေးနေသည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) အဖွဲ့ဝင်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

3.1k
VIEWS
Share on FacebookShare on Twitter

အင်စတီကျုးရှင်းသစ်တွေကို ချမှတ်ကျင့်သုံးပြီး လည်ပတ်နေချိန်မှာ ထည့်သွင်းခြင်းနဲ့ ဖယ်ထုတ်ခြင်းဆိုင်ရာ ပြဿနာတွေ ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ ဒီအခြေအနေမျိုးမှာ နိုင်ငံရေး အသိုင်းအဝိုင်းဆိုတာရဲ့ နယ်ပယ်အတိုင်းအဆ အယူအဆဟာ အုပ်ချုပ်ရေးပုံစံသစ်ရဲ့ အင်စတီကျူးရှင်းတွေထဲမှာ တချို့အုပ်စုတွေ ပါဝင်ပတ်သက်နေတာကို အကန့်အသတ် လုပ်သွားမှာ ဖြစ်တယ်။

ဒီမိုကရေစီ လှုပ်ရှားမှုတွေထဲမှာရှိတဲ့ အချိုးမကျမှုတွေထဲက တခုကတော့ အနာဂတ်ကို စီစဉ်နေတဲ့အချိန်မှာ အတိတ်ဟာ တဟုန်ထိုး၊ အရှိန်ပြင်းပြင်းနဲ့ ကျူးကျော် ဝင်ရောက်လာတတ်တာပဲ ဖြစ်တယ်။ ဒီအခါမှာ အသစ်စဖို့ဆိုတဲ့ ကိစ္စက အဆင်မပြေ ဖြစ်ဖြစ်သွားတယ်။ လူမျိုးစုဆက်ဆံရေးတွေကို ကြည့်ရင် သမိုင်းဆိုတာ တခါတခါ လူ့အသိုင်းအဝိုင်းရဲ့ ဖယ်ထုတ်မှု အယူအဆတွေဘက်ဆီ ယိမ်းသွားတတ်တာ တွေ့ရမယ်။ ဒီတော့ ဘယ်သူတွေကို ထည့်သွင်းလို့ ပါဝင်နေကြသလဲလို့ မေးစရာရှိတယ်။ ဒီမေးခွန်းအတွက် ဖြေတတ်ကြတဲ့အဖြေကတော့ “ဒီနေရာမှာပဲ အစကတည်းက ရောက်နေခဲ့ပြီးလို့ ယူဆရတဲ့သူ၊ ဒီမှာပဲ အမှန်တကယ်ရှိနေကြတဲ့သူ” တွေကိုပဲလို့ ဆိုတာပဲ။ ကိုယ့်ရဲ့ ဘိုးဘေး စဉ်ဆက်တွေ အစောပိုင်းကတည်းက ရောက်လာခဲ့ကြပြီး ဖြစ်တယ်လို့ ထင်တဲ့သူတွေဟာ ရွှေ့ပြောင်း အခြေချ ဝင်လာပုံရသူတွေထက် ဌာနေတိုင်းရင်းသားဖြစ်မှု အကျိုးထူးရပြီး နိုင်ငံရေးပိုင်း အဓိကဦးစားပေးမှုကို တောင်းဆိုတတ်ကြတယ်။ ပြီးရင် တမိုးအောက်ရဲ့ အစိတ်အပိုင်းအဖြစ် သူတို့ရထားတဲ့ နယ်မြေကို ထည့်စဉ်းစားပေးဖို့ တောင်းဆိုကြတာပဲ။ ဒီမှာတွေ့ရတာက အဲဒီ ဌာနေတိုင်းရင်းသားတွေ ဆိုတာက သူတို့ကိုယ်သူတို့ “တမိုးအောက်” ဆိုတဲ့ စကားလုံးနဲ့ တထပ်တည်း မြင်လိုက်တယ်၊ အဲဒီ “တမိုးအောက်” ဆိုတာကြီးထဲမှာ နယ်မြေတွေကို သင့်တော်သလို အခြေချသတ်မှတ် နေထိုင်နေကြတာ။ အဲဒီသူတွေဟာ စောစောက “တမိုးအောက်” ဆိုတာနဲ့ တထပ်တည်း ကြည့်မြင် မခံရသူတွေထက် ဦးစားပေးမှု ပိုရကြတယ်။

Holo

ဒေါ်နယ် အယ်လ် ဟိုရိုဝစ်ဇ် (Donald L. Horowitz) သည် Duke University မှ ဥပဒေနှင့် နိုင်ငံရေးသိပ္ပံ ပါမောက္ခဖြစ်ပြီး လူမျိုးစုပဋိပက္ခ လေ့လာရေးဆိုင်ရာ ကျွမ်းကျင်သူဖြစ်သည်။ သူရေးသားခဲ့သော Ethnic Groups in Conflict (1985)၊ A Democratic South Africa? Constitutional Engineering in a Divided Society (1991) နှင့် The Deadly Ethnic Riot (2001) စာအုပ်များကို ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ဒီမိုကရေစီမြှင့်တင်ရေး အကြံပေးကော်မီတီဝင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ယခု ဆောင်းပါးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုခဲ့ခြင်း ဖြစ်ပါသည်။ Educational Initiatives အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။

အာရှဟာ အဲဒီလို ဌာနေမွေးရပ် လေသံတွေနဲ့ ပြည့်နှက်နေရာ တိုက်ကြီးတခုပဲ။ သီရိလင်္ကာက တမီလ်တွေဆိုရင် သူတို့ဟာ အိန္ဒိယတောင်ပိုင်း အနွယ် အမှန်၊ ဘင်္ဂါလီတွေက အာသံကို တရားမဝင် ဝင်လာသူတွေ၊ အရှေ့တောင် အာရှ တရုတ်တွေဟာ ရွှေ့ပြောင်းအခြေချသူတွေ၊ မြန်မာပြည်ထဲက မွတ်စလင်တွေက တကယ့် ဘင်္ဂလားနွယ်အစစ်တွေ၊ ကရာချိက မိုဟာဂျီတွေဟာ ဆင်းဟစ်အစစ်တွေ မဟုတ်ကြ အစရှိတဲ့ နယ်မြေစွဲ၊ ဌာနေ တိုင်းရင်းစွဲ လေသံတွေဟာ အာရှဘက်ဆီမှာ အသံပို ကျယ်လောင်နေပါတယ်။ အရှေ့ဥရောပမှာကျတော့ ဇာတိဌာနေ မွေးရပ်မြေ ဆိုတဲ့အပေါ် မေးခွန်းထုတ်မှုတွေဟာ သမိုင်းဆိုင်ရာ မှတ်တမ်းမှတ်ရာ အခြေခံကနေ လာတယ်။ အကြီးမားဆုံး လူနည်းစုအဖွဲ့တွေထဲက နှစ်ဖွဲ့ဖြစ်တဲ့ ဟန်ဂေရီတွေ၊ တူရကီနဲ့ အခြားမွတ်စလင်တွေကို ဟက်စ်ဘာ့ဂ်၊ ဒါမှမဟုတ်၊ အော့တိုမန် လွှမ်းမိုးမှုရဲ့ အကြွင်း အကျန်တွေလို့သာ ဆိုကြတယ်။ အော့တိုမန် လွှမ်းမိုးမှုဟာ အရှေ့ဥရောပကို ရာစုနှစ်နဲ့ ချီပြီးတော့ ဖိနှိပ်ခဲ့တာမို့ ဒီအတွက် အခုချိန်မှာကျတော့ သူတို့ကိုပြန်ပြီး ဖယ်ထုတ်ထားဖို့ ကြိုးစားကြတာ ဖြစ်တယ်။ အရင် ဆိုဗီယက် ပြည်ထောင်စုဟာ ဒီ မွေးရပ်ဌာနေဆိုတဲ့ ကိစ္စအတွက် တမူကွဲပြားတဲ့ ရုန်းကန်တိုက်ပွဲဆင်မှုတွေနဲ့  ရင်ဆိုင်ရဖူးတယ်။ ရုရှတွေသာ မကဘူး၊ ဆလပ်ဗ်မဟုတ်တဲ့ နယ်မြေတွေထဲကို ရွှေ့ပြောင်းဝင်လာခဲ့တဲ့ အခြားဆလပ်ဗ်တွေကို နယ်ချ့ဲ အုပ်ချုပ်ရေးတခုနဲ့ တထပ်တည်းဖြစ်တဲ့ အခြေချနေထိုင်သူတွေလို့ ယူဆကြပါတယ်။ ဒါပေမယ့် အချို့ ဒေသတွေမှာ အဲဒီလူမျိုးတွေဟာ လူများစုပုံစံတွေနဲ့ ရှိနေတတ်ကြပြီး ရုရှနိုင်ငံအပြင်ဘက်မှာ မှီတင်း ရှိနေကြတယ်။ ဒါဟာ ဆိုဗီယက် အုပ်ချုပ်ရေးကနေ တည်ဆောက်ထားတဲ့ နယ်မြေဆိုင်ရာ နယ်နိမိတ် ဘောင်တွေကြောင့် ဖြစ်တယ်။ ဆိုဗီယက် အုပ်ချုပ်ရေးက ရုရှတွေကနေ စိတ်ရှိရင်ရှိသလို၊ ပြောင်းလဲလွယ်နိုင်ကြတယ်လို့ ယူဆမှုအခြေခံတွေနဲ့ တည်ဆောက်ထားတဲ့ နယ်မြေဘောင်တွေပါ။ အကျိုးရလဒ် တခုအနေနဲ့ မော်လ်ဒိုဗန်းတွေ၊ ကာဇက်တွေနဲ့ အက်စ်တိုးနီးယန်းတွေဟာ ရုရှတွေကို အသိုင်းအဝန်း အစုအဖွဲ့ကနေ ဖယ်ထုတ်ပစ်ဖို့ ကြိုးစားကြတာပဲ။ ဒီကြိုးစားမှုကို ရုရှတို့ကလည်း ပြန်တုံ့ ပြန်ဖြေရှင်းနိုင်တာ ဖြစ်တယ်။ ဘယ်လို တုံ့ ပြန်သလဲဆိုရင် သူတို့ကို ဖယ်ထုတ်ထားတဲ့နိုင်ငံကနေ နယ်မြေတွေကို  သီးခြားခွဲထုတ်ပစ်ဖို့ အားထုတ်ကြိုးပမ်း ကြတာပါ။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
105
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2.1k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
102

မော်လ်ဒိုဗာမှာ လူဦးရေရဲ့ သုံးပုံ-နှစ်ပုံလောက်တောင် မရှိတဲ့သူတွေဟာ ရိုမေးနီးယား ဘာသာစကားကို ပြောကြတာ ဖြစ်တယ်။ အဲဒီသူတွေက သူတို့ရဲ့ ဘာသာစကားကို သမ္မတနိုင်ငံသစ်ရဲ့ တရားဝင် ဘာသာစကား၊ တနည်းအားဖြင့် နိုင်ငံတော် ဘာသာစကားအဖြစ် ကြေညာဖို့ စီစဉ်ခဲ့ကြတယ်။ ဒီမှာ ရှိနေတဲ့အယူအဆက မော်လ်ဒိုဗာဆိုတာ မော်လ်ဒိုဗန်းတွေ အတွက် ဖြစ်တယ်ဆိုတာပဲ။ ဒီအယူအဆကို ရုရှ၊ ဂါဂေါဇ်၊ ယူကရိန်း လူနည်းစုတွေ၊ အထူးသဖြင့် ထရန်-ဒီနိုင်းစတာ နယ်မြေမှာရှိတဲ့သူတွေက နားလည်ပေးတယ်။ ၁၉၄၀ မှာ မော်လ်ဒိုဗာ လူမျိုး အတော်များများကို ရိုမေးနီးယားကနေ စတာလင်က ဆွဲထုတ်ယူသွားပြီး ဆိုဗီယက်ပြည်ထောင်စုထဲ ပေါင်းစုပေးခဲ့တာ။ ဒါပေမယ့် ထရန်-ဒီနိုင်းစတာ နယ်မြေဟာ ၁၉၄၀ မတိုင်ခင် ရိုမေးနီးယားနယ်မြေ အစိတ်အပိုင်းထဲ မပါခဲ့ဘူး။ ယူကရိန်းဘက်ကနေ ကွဲထွက်လာခဲ့တာ ဖြစ်တယ်။ ရိုမေးနီးယား ဘာသာစကားပြောသူတွေအတွက် ဆလာဗစ်တို့ ရွှေ့ပြောင်းဝင်ရောက်မှုဟာ အခြေချနေသူတွေရဲ့ တရားမဝင် တောင်းဆိုသံတွေနဲ့ ပေါင်းစည်း စုရုံးမိသွားစေတယ်လို့ မြင်တယ်။ ထရန်-ဒီနိုင်းစတာ နယ်မြေခံတွေအတွက် ၁၉၄၀ ပြည့်နှစ်မှာ နယ်မြေနှစ်ခု တရားမဝင် ရောစပ်ပေါင်းစည်းသွားတဲ့ သဘောဟာ သူတို့ရဲ့ နယ်မြေတွေဟာ မော်လ်ဒိုဗာထဲ မပါဝင်ဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တယ်လို့ မြင်ကြတယ်။ အရင် ရောက်လာပြီး ဖြစ်တယ်ဆိုတဲ့ ပြောဆိုသံတွေကို အရင်ကတည်းက ဒီနေရာဟာ လုံးဝရှိပြီး မဟုတ်ဘူးလို့ဆိုတဲ့ ကန့်ကွက်သံတွေနဲ့  ပြန်တုံ့ပြန်လိုက်သလို ဖြစ်သွားတာပ။ဲ

အဲဒီတော့ ကွန်မြူနတီဆိုတာရဲ့ လူမှုရေးနဲ့ နယ်မြေဆိုင်ရာ နယ်နိမိတ်ဘောင် ပြဿနာတွေဟာ ဒီမိုကရေစီ နိုင်ငံသစ်တွေမှာ ပေါ်ပေါ်ထင်ထင် တွေ့နေရတာ ဖြစ်ပါတယ်။ ထိုင်ဝမ်အုပ်ချုပ်ရေး ဆိုတာကို ပြည်မကြီးကနေ ထွွက်ပြေးလာတဲ့ အစိုးရအဖွဲ့လို့ လေးလေးနက်နက် မြင်ထားရင် ကျွန်းကို ထိုင်ဝမ်ကျွန်းသားတွေ အုပ်ချုပ်ရင် တရား ဥပဒေကြောင်းနဲ့ မညီညွတ်ဘူးလို့ ပြောနိုင်ပါတယ်။ အဲဒီလိုပဲ ပြည်မသားတွေက ခဏတဖြုတ် အလည်အပတ် လာရောက် သူတွေလို့သာ မြင်ထားရင် ကျွန်းရဲ့နိုင်ငံရေးမှာ အချက်အချာနေရာကနေ ပါဝင်ပတ်သက်နေတာကို မေးခွန်းထုတ်လာ နိုင်ပါတယ်။ ပြည်မကြီးသား ဆိုတာကို ယာယီလာနေသူတွေသာ ဖြစ်တယ်လို့ မြင်ခဲ့ကြတယ်။ ဒီတော့ ပြည်မကြီးသားတို့ရဲ့ ပါဝါ အဆောက်အအုံတွေမှာ မပြတ်တမ်း ပါဝင်နေတာကို မေးခွန်း ထုတ်စရာလို့ ထင်ကြမှာ အမှန်ပါ။ ဒီလို နယ်မြေနဲ့ လူမျိုးပြဿနာရပ်တွေကို ဖြေရှင်းနိုင်လို့ ထိုင်ဝမ်ဟာ လူမျိုးစုပေါင်းစုံ ပါဝင်တဲ့ ဒီမိုကရေစီ ဖော်ဆောင်မှုကို အဆင်ပြေပြေ လုပ်လာနိုင်တာ ဖြစ်ပါတယ်။

လစ်သူယေးနီးယားမှာကျတော့ လူသူယေးနီးယန်းတွေနဲ့ ပိုးလ်တွေကြား ဖြေရှင်းလို့မရ ဖြစ်နေတာတွေရှိတယ်။ ကာဇက်စတန်မှာဆိုရင် ကာဇက်တွေနဲ့ ရုရှတွေ၊ ဂျော်ဂျီယာမှာဆိုရင် ဂျော်ဂျီယန်းတွေ၊ အက်ဘ်ကာဇီးယန်းတွေနဲ့ တောင်ပိုင်း အော့စ်ဆက်တီယန်းတွေကြား ပြဿနာတွေ ရှင်းလို့မရ ဖြစ်ကြတာတွေ ရှိပါတယ်။ ရုရှတွေဟာ ဥရောပ၊ အာရှအလယ်ပိုင်း၊ အရင်ဆိုဗီယက် ပြည်ထောင်စုဟောင်းရဲ့ ဆိုက်ဘေရီးယားဘက်ထဲကို ရွှေ့ပြောင်းဝင်ရောက်ကြတာ၊ သူတို့ရဲ့  ဝင်ရောက်လာမှုကြောင့်ပဲ ရုရှတွေကို ဥရောပ အသိုင်းအဝန်းရဲ့ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်တွေလို့ သတ်မှတ်လို့ရမရ တိုင်းတာမယ့် စံနှုန်းတွေ ထွက်ပေါ်လာတာပဲ ဖြစ်တယ်။ နိုင်ငံတော်တော်များများမှာ ရုရှတွေ ရွှေ့ပြောင်း ဝင်ရောက်လာမှုကြောင့်ပဲ နိုင်ငံသားဖြစ်မှု အကန့်အသတ် အစီအစဉ်တွေ လုပ်ဆောင်ခဲ့ရတာပဲ။ လတ်ဗီးယားနဲ့ အက်စ်တိုးနီယား နိုင်ငံနှစ်နိုင်ငံကိုကြည့်ရင် နှစ်နိုင်ငံစလုံးမှာ ကြီးမားတဲ့ ရုရှလူနည်းစုတွေ အခိုင်အမာ မှီခိုနေကြတာပါ။ ဒီတော့ နိုင်ငံအစိုးရတွေက ဒီရုရှ လူနည်းစုကြီးကို သူတို့ နိုင်ငံရင်း ပြန်ပို့ပေးဖို့ လုပ်ရတော့တာပဲ။ အက်စ်တိုးနီးယား မှာဆိုရင် နိုင်ငံသားဖြစ်ခွင့် ဥပဒေဟာ လူဦးရေရဲ့  ၄၂ ရာခိုင်နှုန်းလောက်ကို မဲပေးခွင့် မပြုခဲ့ရတဲ့ အထိပဲ။ အခြေချသူ ဦးရေက များနေခဲ့တဲ့ သဘောပဲ ဖြစ်တယ်။

နိုင်ငံရေးဆိုင်ရာ ကွန်မြူနတီရဲ့  နယ်နိမိတ်ဘောင်ဟာ မေးခွန်းထုတ်စရာ ပြဿနာတခုပဲ။ မေးခွန်းထုတ်မယ်ဆိုရင် အဓိက မေးခွန်းသုံးခုကိုပဲ မေးရမှာ။ (၁) နိုင်ငံသားဆိုတာဘာလဲ။ (၂) နိုင်ငံသားတွေထဲမှာ အခွင့်ထူးရ၊ ဦးစားပေးခံရသူက ဘယ်သူလဲ။ (၃) နိုင်ငံတော်ရဲ့ နှုန်းစံတွေ၊ အလေ့အကျင့်တွေနဲ့ ဘယ်သူ့ရဲ့ နှုန်းစံတွေ၊ အလေ့အကျင့်တွေဟာ သင်္ကေတ သဘောအရ တထပ်တည်း ဖြစ်နေရသလဲ ဆိုတဲ့မေးခွန်းတွေပဲ။ ပြီးရင် နိုင်ငံသားဖြစ်ခွင့် ရပြီဆိုပါစို့၊ ထပ်ပြီး မေးခွန်း ထုတ်ရမှာက အဲဒီလို နိုင်ငံသားဖြစ်မှုထဲ ဝင်ရောက်ခွင့် ရလိုက်သူ အုပ်စုတစုဟာ တခြား နောက်အုပ်စုတွေထက် ပညာရေး အင်စတီကျူးရှင်းတွေ၊ ပြည်သူ့ဝန်ထမ်း အလုပ်တွေနဲ့ လက်နက်ကိုင်တပ်တွေထဲကို ပိုပြီး ဝင်နိုင်ဖို့ အထူး အခွင့်အလမ်း တွေကိုများ စီမံပေးထားသလား ဆိုတာပဲဖြစ်တယ်။ အထူးအခွင့်အလမ်း စီမံပေးချက်ဆိုတဲ့သဘောက နိုင်ငံရေးပိုင်း ဦးစားပေးမှုကို ညွှန်းတာ။

ဒီတော့ ဂျော်ဂျီယာတို့ရဲ့ ဘာသာစကား ဥပဒေကိစ္စကို ကြည့်ပါ။ ဒီဥပဒေက ဂျော်ဂျီယာသားတွေကို သူတို့ရဲ့ ဘာသာစကားအား ဂျော်ဂျီယာနိုင်ငံရဲ့ တရားဝင် ဘာသာစကားဖြစ်အောင် လုပ်ပေးတယ်၊ ဒီလိုပဲ၊ ဘာသာ စကားဥပဒေဟာ ကာဇက်တို့ကို သူတို့ရဲ့ ဘာသာစကားအား ကာဇက်စတန်နိုင်ငံရဲ့ တရားဝင် ဘာသာစကား ဖြစ်စေတယ်။ တနည်းအားဖြင့် ဘာသာစကားဥပဒေကို ပြဋ္ဌာန်းခြင်းဟာ ဘာသာစကားတွေ ယှဉ်ပြိုင်မှု မျက်နှာစာကို ဖွင့်ပေးလိုက်တာပဲ။ ဒီပေါ်လစီတွေဟာ လူအုပ်စုတခုခုရဲ့  ဦးစားပေးမှုသဘောကို သင်္ကေတပြုထားတာ ဖြစ်တယ်။ တရားဝင် ဘာသာစကားကို ပြောနေကြသူ လူအုပ်စုတစုစုကို ဦးစားပေးထားတဲ့ သဘောပဲ။ ဒီပေါ်လစီတွေဟာ ဌာနေတိုင်းရင်းသားဖြစ်မှု အယူအဆ ကန့်သတ်ချက်တွေကို ထင်ဟပ်နေတာလည်း ဖြစ်တယ်။ ဂျော်ဂျီယာကိစ္စကို ကြည့်ရင် ဒီပေါ်လစီတွေဟာ ဒီနယ်မြေကို အရင်ရောက်လာခဲ့တဲ့ ဂျော်ဂျီယာသားတွေလား၊ အက်ဘ်ကာဇီးယန်းတွေလားဆိုတဲ့ ရှည်လျားထွေပြားတဲ့ အငြင်းအခုံတွေကနေ ပေါက်ဖွားလာတာ တွေ့ရမယ်။

ဂျော်ဂျီယာဖြစ်ရပ်ကနေ ရှင်းလင်းသွားတဲ့ အရာတခုရှိတယ်။ အဲဒါကတော့ လူမျိုးစုပဋိပက္ခနဲ့ အာဏာရှင် အုပ်ချုပ်ရေးကြား ဆက်သွယ်ချက် တချို့ကို နားလည်မိသွားစေတာပါ။ ဆိုဗီယက်လွန် အုပ်ချုပ်ရေးဟာ လူနည်းစုတွေကို ဖယ်ထုတ်ဖို့ ပုံစံ ထုတ်ထားတဲ့ ပေါ်လစီနံွတွေထဲမှာ ရုန်းထွက်မရ ပိုပြီး နစ်သထက်နစ်လာခဲ့တယ်။ လူမျိုးစုဖယ်ထုတ်မှု ပုံစံတွေဟာ အစွန်းရောက်လွန်းပြီး ဒီပုံစံတွေ လည်ပတ်အလုပ်လုပ်နိုင်ဖို့က ဒီမိုကရေစီ စည်းမျဉ်းသဘောတရားတွေကို လုံး၀ ရန်စောင် နေရမယ့် ဥပဒေ လုပ်ငန်းဘောင်တရပ် လိုအပ်တယ်။ အဲဒီပေါ်လစီတွေအောက်မှာ တပြေးညီ ကိုယ်စားပြုခြင်းဆိုတဲ့ အယူအဆတွေကို ကျင့်သုံးနိုင်မှာမဟုတ်ဘူး။ ထပ်ပြီးပြောရရင် ဖယ်ထုတ်ခံထားရတဲ့ အုပ်စုဟာ ပုန်ကန်ခြင်းလိုမျိုး ဥပဒေနဲ့ မညီတဲ့ နည်းလမ်းတွေကို ကျင့်သုံးလာမယ်။ အဲဒီလိုဆိုရင် ထင်ရာစိုင်း ဖမ်းဆီးမှုတွေ ရှာဖွေမှုတွေ၊ စစ်ဆေးစီရင်မှု မရှိဘဲ ဖမ်းဆီးထိန်းသိမ်းမှုတွေ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် တားဆီးပိတ်ပင်ချက်တွေကို တရားဝင် လုပ်ပိုင်ခွင့်ပေးမယ့် ဥပဒေတွေ၊ စည်းမျဉ်းတွေ ပေါ်ပေါက်လာနိုင်ဖွယ်ရှိတာ အသေအချာပဲ ဖြစ်တယ်။ လူမျိုးရေး အစွန်းရောက် အနေအထားတွေကို လှုံ့ဆော်ကြတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေဟာလည်း လူမျိုးစုရေးရာကို အလွန်အကျွံ မဖြစ်အောင် ထိန်းရမှာထက် သူတို့ကိုယ်တိုင် အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေ အလေ့အကျင့်တွေကို အားပေးတဲ့ဘက်ဆီ ပိုပြီး တိမ်းညွတ်သွားကြတယ်။

ထည့်သွင်းခြင်းနဲ့ ဖယ်ထုတ်ခြင်း

ကွဲပြားမှုနက်နဲတဲ့ လူ့အဖွဲ့အစည်း တခုအတွင်းမှာ ဒီမိုကရေစီ ဖော်ဆောင်မှုဖြစ်စဉ် စတင်ပြီးတဲ့နောက် လူမျိုးစုပေါင်းစုံ ပါဝင်တဲ့ ကွန်မြူနတီတခုကို ဖန်တီးတည်ဆောက်ဖို့အတွက် နောက်ထပ် အဟန့်အတားတခု ရှိသေးတယ်။ ဒီအဟန့် အတားဟာ ကျဉ်းမြောင်းချုပ်ခြယ်တဲ့ သဘောရှိတဲ့ ကွန်မြူနတီဆိုင်ရာ အယူအဆတွေ (Restrictive conceptions of community) ကနေ ပေါက်ဖွားလာတာတော့ မဟုတ်ဘူး။ အဲဒီကျဉ်းမြောင်းတဲ့ ကွန်မြူနတီ အယူအဆတွေဟာ ဌာနေတိုင်းရင်းသားဖြစ်မှု (Indigenousness) အပေါ် အခြေခံကြတာတွေ ဖြစ်တယ်။ အထက်က အဟန့်အတားဟာ လူမျိုးစုကွဲပြားတဲ့ လူ့အဖွဲ့အစည်းတခုမှာ ထည့်သွင်းခြင်းမူကို ကိုင်စွဲ ထိန်းသိမ်းထားတဲ့ နေရာမှာ အုပ်ချုပ်ရေးမှန်သမျှ ရင်ဆိုင်ရတဲ့ အခက်အခဲကနေ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ အာဖရိကဟာ ဌာနေတိုင်းရင်းဖြစ်မှု အကျိုးထူးကို ကိုင်ပြီး လူအုပ်စုတစုအပေါ် အလေးထား ဦးစားပေးရေးကို တောင်းဆိုတာမျိုး သိပ်မရှိတဲ့ ဒေသကြီးပဲ။ ဒါပေမယ့် လူမျိုးစုဆိုင်ရာ ထည့်သွင်းခြင်းနဲ့ ဖယ်ထုတ်ခြင်း ပြဿနာတွေကို ပျံ့နံှ့စေတဲ့ နိုင်ငံလို့တော့ ပြောနိုင်တယ်။

အာဖရိကမှာ ဒီမိုကရေစီ ဖော်ဆောင်မှု အဓိကအောင်မြင်တဲ့ နိုင်ငံအဖြစ် ဇမ်ဘီယာကို အကျယ်အပြန့် လက်ခံ သတ်မှတ် ထားကြတယ်။ ဘာကြောင့်လဲဆိုရင် ဇမ်ဘီယာသမ္မတ ကင်းနက်ကောင်ဒါဟာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေကို လိုက်လျော ခွင့်ပြုတယ်၊ ရွေးကောက်ပွဲတွေမှာ အကြံအဖန်မလုပ်ဘူး၊ သူရှုံးရင်လည်း အရှုံးကို လက်ခံပြီး နောက်ဆုတ် ပေးလို့ပါပဲ။ ဒါပေမယ့် အနိုင်ရသွားတ့၊ဲ ဒါမှမဟုတ်၊ နောက်တက်လာမယ့် အုပ်ချုပ်ရေးဟာ အဓိက လူမျိုးစုအုပ်စုတွေ အားလုံးကို ပါဝင်နေအောင် ဆက်ထိန်းထားနိုင်စွမ်း မရှိဘူး။ တကယ်တမ်း ပြောရင် အုပ်ချုပ်ရေးသစ်ဟာ သူ့အရင်က ကျဉ်းမြောင်းတဲ့ အုပ်ချုပ်ရေး အခြေခံအတိုင်း ဖယ်ထုတ်ခြင်း ဖြစ်စဉ်ကိုသာ ပြန်ကျင့်သုံးဖို့ စလုပ်တော့တာပါပဲ။

၁၉၉၁ ရွေးကောက်ပွဲ အနိုင်ရသူ ဖရက်ဒရစ် ချီလူဘာ လိုပဲ၊ ကောင်ဒါဟာ အစောပိုင်းမှာ လူမျိုးစုပေါင်းစုံရဲ့  အကျယ်အပြန့် ထောက်ခံအားပေးမှုရှိတဲ့ ပါတီတခုရဲ့  အကြီးအကဲနေရာကနေ အာဏာကို ကိုင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံမှာရှိတဲ့ အဓိက လူမျိုးစုအုပ်စု ဒါဇင်ဝက်လောက်ဟာ တောင်ပိုင်းက အီလာ (Ila) နဲ့ တွမ်ဂါ (Tonga) တို့ဖြစ်ကြတယ်။ အဲဒီ လူမျိုးစုတွေဟာ နိုင်ငံလူဦးရေရဲ့  ငါးပုံကျော်ကျော်လောက်ရှိကြတာ မဟုတ်ဘူး။ အဲဒီအုပ်စုတွေသာ အတိုက်အခံကို ထောက်ခံအားပေးခဲ့ကြတာ ဖြစ်တယ်။

ဒါပေမယ့် လွတ်လပ်ရေးရပြီး သိပ်မကြာခင်မှာပဲ အုပ်စိုးသူ ပါတီအတွင်းမှာ လူမျိုးစု အကွဲအပြဲတွေ စဖြစ်ပေါ်လာခဲ့ တော့တာပဲ။ ပါတီ ရွေးကောက်ပွဲတွေမှာ သူတို့တွေ ရှုံးနိမ့်သွားပြီးတဲ့ နောက်မှာ လိုဇီ (Lozi) လူမျိုးစုခေါင်းဆောင်တွေဟာ အတိုက်အခံဘက်ထဲကို ဝင်ပူးပေါင်းသွားခဲ့ကြပါတယ်။ ဒီအခြေအနေမှာ ကောင်ဒါဟာ ပါတီခေါင်းဆောင်မှုပိုင်းမှာ ဘမ်ဘာရဲ့  ကိုယ်စားပြုမှု လွန်ကျူးနေတာကို တုံ့ပြန်ဖို့အတွက် ခံစစ်ပိုင်း ဗျူဟာတွေကို အသုံးပြုခဲ့တယ်။ အခဲမကျေတဲ့ ဘမ်ဘာဟာ နိုင်ငံရဲ့  လွတ်လပ်ရေးတိုက်ပွဲမှာ သူတို့တွေက အဓိက ခေါင်းဆောင်မှု နေရာကနေ ပါဝင်ခဲ့တယ်လို့ပဲ ယုံကြည်ထားတာ ဖြစ်တယ်။ ဒီတော့ သူတို့ရဲ့ ကိုယ်ပိုင်ပါတီကို သူတို့ဖာသာ ဖွဲ့စည်း တည်ထောင်ခဲ့ကြတာပဲ။ အတိုက်အခံလုပ်မှု ကြီးထွားလာခဲ့တော့ အာဏာရပါတီရဲ့ လူမျိုးစုဆိုင်ရာ အတိုင်းအဆဟာ ကျဉ်းမြောင်းလာခဲ့တယ်။ ဘယ်လောက်အထိ ကျဉ်းမြောင်းလာသလဲဆိုရင် ကောင်ဒါက တပါတီ နိုင်ငံတော်ကို ကြေညာခဲ့ရတဲ့ အထိပဲ။

ဒီတပါတီနိုင်ငံတော်ဟာ ကောင်ဒါရဲ့ အုပ်ချုပ်ရေးကို ခြိမ်းခြောက် လှုပ်ခါနေစေမယ့် ရွေးကောက်ပွဲ အန္တရာယ်ကို အလိုလိုပဲ အဆုံးသတ်သွားစေခဲ့တယ်။ သဘောက ကောင်ဒါရဲ့ အုပ်ချုပ်ရေးဟာ ခိုင်မာပြီး မပြောင်းလဲဘဲ အုပ်စိုးထားနိုင်တာပဲ ဖြစ်တယ်။ နောက်ပြီးတော့ သူ့ပါတီရဲ့  အခြေခံကျဉ်းမြောင်းမှုကိုလည်း ဖုံးကွယ်ပေး ထားသလို ဖြစ်ခဲ့ပါတယ်။ အကျိုးဆက်က ဘာလဲဆိုရင် နောက်ဆယ်စုနှစ် နှစ်ခုနီးပါးကြာတော့ နောက်ဆုံးရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ ကောင်ဒါဟာ ပြည်နယ်အရှေ့ပိုင်း အမတ်နေရာအားလုံးမှာ အနိုင်ရခဲ့တော့တာပဲ၊ တခြားနေရာတွေ မှာတော့ လက်တဆုပ်စာလောက်သာ အနိုင်ရခဲ့တယ်။ လူမျိုးစုအချင်းချင်း အတိုက်အခံအဖွဲ့ ဖြစ်တဲ့ ပါတီစုံ ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့ (Movement for Multiparty Democracy – MMD)က ကျန်တဲ့နေရာတွေမှာ အပြတ်အသတ် အောင်ပွဲခံ ခဲ့တာဖြစ်တယ်။

တနှစ်ကျော်ကျော်လောက်မှာတော့ သမိုင်းဘီးဟာ တပတ် ပြန်စလည်လာတာပဲ။ ဘမ်ဘာဟာ အစိုးရ အခန်းကဏ္ဍနဲ့ ပါတီရာထူးတွေကို မျှတမှုမရှိဘဲ မျှဝေယူလိုက်ရတယ်ဆိုပြီး ပြောသံတွေ ထွက်လာခဲ့ပြီး လိုဇီနဲ့ ဘမ်ဘာအဖွဲ့ဝင် ဝန်ကြီး တယောက်စီ ရာထူးက ထုတ်ပယ်ခံခဲ့ရတယ်။ နောက်ထပ် လိုဇီနဲ့ သြဇာရှိတဲ့ အိုင်လာ ဝန်ကြီး တယောက်စီလည်း ရာထူးက နှုတ်ထွက်ခဲ့ရတယ်။ ဒီလိုနဲ့ ဘမ်ဘာအခြေပြု ပါတီသစ်တခု ဖွဲ့စည်းပေါ်ပေါက်လာခဲ့တယ်။ အစိုးရကို ဆန့်ကျင်ဖို့ နယ်မြေအတော်များများကို စည်းရုံးခဲ့ကြပါတယ်။ အရင် အခြေကျယ်ပြန့်ခဲ့တဲ့ အတိုက်အခံအဖွဲ့ဟာ ကောင်ဒါရဲ့ လူနည်းစု လွှမ်းမိုးပြီး အာဏာရှင်ဆန်တဲ့ အုပ်ချုပ်ရေးကို ဖြိုချမယ့် လမ်းကြောင်းပေါ်မှာ ကောင်းကောင်း ရပ်တည်နေခဲ့တာပဲ ဖြစ်ပါတယ်။

နည်းနည်းထပ်ရှင်းရရင် ၁၉၉၁ ရွေးကောက်ပွဲအချိန်မှာ ကောင်ဒါကို ဆန့်ကျင်ပြီး လူမျိုးစု ပေါင်းစုံပါဝင်ရေး MMD ရဲ့  ရပ်တည်ချက်ဟာ တကယ်က ယှဉ်ပြိုင်နေချိန်မှာ ခဏတဖြုတ် စွဲကိုင်ထားတဲ့သဘောပဲ ဖြစ်တယ်။ ကောင်ဒါကိုယ်တိုင်

အစောပိုင်း ကိုလိုနီအုပ်ချုပ်ရေးကို ဆန့်ကျင်ရေးဆိုတဲ့ ရပ်တည်ချက်ဟာ ဗြိတိသျှတို့လည်း ထွက်သွားရော သိပ်ကြာကြာ မခံလိုက်ဘူး။ အဲဒီရပ်တည်ချက်က မရှိတော့ဘူး ဖြစ်သွားတာ။ အောင်ပွဲဆိုတာ လူမျိုးစုတိုက်ပွဲတခုရဲ့ အစပဲ ဖြစ်တယ်။ ဒီတိုက်ပွဲထဲမှာ သူ့အုပ်စုနဲ့သူ ရပ်တည်ဦးစီးနေတဲ့ ခေါင်းဆောင်တွေဟာ အုပ်ချုပ်ရေးသစ်ကို လွှမ်းမိုးနိုင်ဖို့ ပြိုင်ဆိုင် နေကြတာပါ။ သူတို့များ ရှုံးသွားရင်တော့ အစောပိုင်းက စွဲကိုင်ဖုံးထားတဲ့ လူမျိုးစုပေါင်းစုံ ပါတီဖြစ်ရေးဆိုတဲ့ မျက်နှာဖုံးဟာ လုံးဝကို ကွာကျသွားခဲ့တော့တာပဲ။

လွတ်လပ်ရေးတိုက်ပွဲတွေ အလွန်မှာ လူနည်းစုထောက်ခံမှု ရရှိခဲ့တဲ့ အဲဒီလို ပါတီတွေဟာ အတိုက်အခံကို မတရားအသင်းအဖြစ် ကြေညာပစ်ကြတာ ထုံးစံပါပဲ။ ပြီးရင် တပါတီ နိုင်ငံတော် (Single-party state) ဆိုတာကို ကြေညာတော့တယ်။ အဲဒီ တပါတီဆိုတာထဲမှာ လူမျိုးစုအရ ထည့်သွင်းမှု ရှိထားတယ်လို့လည်း အသံဟစ်ကြသေးတာ။ ဒါပေမယ့် တကယ်တမ်းက လူနည်းစုတွေထဲမှာ ပါဝါကို ကိုင်ထားတာ ဖြစ်တယ်။ ရွေးကောက်ပွဲတွေ ဆက်ရှိ ကျင်းပနေဦးမယ်ဆိုရင်တော့ ပါဝါကို ကိုင်ထားနိုင်တာ မဟုတ်ပေဘူး။ ဒီကိစ္စဟာ ဇမ်ဘီယာ အတွက်သာ မှန်တာမဟုတ်ဘူး၊ ကင်ညာ၊ ကင်မရွန်း၊ ယူဂန်ဒါ၊ ချက်ဒ်၊ အိုင်ဗရီကို့စ်၊ ဂီနီ၊ မော်ရီတေးနီးယား၊ ဆယ်ရာ လီယွန်နဲ့ အခြားနိုင်ငံတွေမှာလည်း အတူတူပဲ။ တပါတီဆိုတဲ့ ကိစ္စဟာ လူမျိုးစုဆိုင်ရာ လွှမ်းမိုးမှုအတွက် မျက်နှာဖုံးတခုပဲ ဖြစ်တယ်။ ဇမ်ဘီယာက ဖြစ်ရပ်တွေဟာ အခုချိန်မှာ အဲဒီလမ်းကြောင်းအတိုင်း ရှိနေတယ်ဆိုရင် ဒါဟာ အဲဒီ အတိုင်းပဲ အတူတူဖြစ်တဲ့ အင်အားစုတွေ၊ တွန်းအားတွေ ရှိနေသေးတာလို့ ဆိုရမယ်။ ရွေးကောက်ပွဲသစ်တွေ ကျင်းပကြတဲ့အတွက် သူတို့တွေဟာ ဘာကြောင့် ပြောင်းလဲပစ်သင့်ကြသလဲ။

ထည့်သွင်းခြင်းနဲ့ ဖယ်ထုတ်ခြင်း သံသရာလည်နေတဲ့ ဖြစ်စဉ်တွေကို မောင်းနှင်နေတဲ့ အရာက အဆက်အစပ် ပြောင်းလဲမှုပဲ။ ကိုလိုနီအုပ်ချုပ်ရေး အစိုးရ၊ ကောင်ဒါ အစိုးရ အုပ်ချုပ်ရေး၊ မိုွင်အုပ် အစိုးရ အုပ်ချုပ်ရေးတွေဟာ လူမျိုးစုအရ ဖယ်ထုတ်ခြင်းမူကိုကိုင်ပြီး ဒီမိုကရေစီနည်းကျ မဟုတ်ကြဘူးလို့ ကောက်ချက်ဆွဲပြောဖို့ မခက်ဘူး။ အတိုက်အခံ လုပ်တဲ့သူ တွေဟာ လူထုသဘောထားတွေကို စုစည်းမိနိုင်ဖို့ အာမခံချက်မရှိဘူး။ တကယ်လို့ အတိုက်အခံတွေက လူထု သဘောထားကို စုစည်းမိလိုက်တယ် ဆိုရင်တောင် ဒါဟာ သူတို့အနေနဲ့ ကွဲပြား ခြားနားမှုတွေကို ဖိနှိပ်ပစ် လိုက်တာကြောင့် မဟုတ်ဘူး။ အဲဒီ ကွဲပြားခြားနားမှုတွေကိုက မဆီမဆိုင်ကိစ္စတွေ ဖြစ်ပြီး လောလောဆယ်မှာ အရေးမကြီးနေသေးနေလို့ပဲ။ ဒီကွဲပြားခြားနားမှု တွေဟာဘယ်သူက အုပ်ချုပ်မလဲ ဆိုတာကို ဆုံးဖြတ်လိုက်တဲ့ အချိန်ရောက်မှသာ ဆက်စပ် ဖြစ်ပေါ်လာကြတာတွေပါ။ ဒီအချိန်မှာ အုပ်စုအပေါ် မေးခွန်းထုတ်၊ သတ်မှတ်မှုတွေ ပေါ်လာတာပဲ။ သဘောက နယန်ဂျာ (Nyanja) တွေက ပိုပြီး ပညာတတ်ကြတယ်၊ အုပ်ချုပ်ဖို့ အရည်အသွေး ပိုပြည့်ဝတယ်။ အရင်အုပ်ချုပ်ရေးဟောင်းကို ဝိုင်းပယ်ရေး ခံယူချက်ဟာ ဘမ်ဘာတွေမှာ ပိုရှိကြတယ်၊ လိုဇီဟာ လွတ်လပ်ရေးမှာ ကတိပြုခဲ့တဲ့ ကိုယ်ပိုင်ဒေသ အုပ်ချုပ်ပိုင်ခွင့်ကို ငြင်းတယ်အစရှိတဲ့ ကွဲပြားခွဲခြားမှု အသံဗလံတွေ ထွက်လာတော့တာပ။ဲ ဒီအသံတွေဟာ တခြား သူတွေဘက်က ပြန်ပြီး ရန်စောင်တဲ့ အဖြေကိုပဲ ထွက်ပေါ်လာစေမှာ ဖြစ်တယ်။

အခု နားလည်သွားရတာက အထွေထွေ ရွေးကောက်ပွဲတခုမှာ မဲအားလုံးရဲ့ သုံးပုံ၊ ဒါမှမဟုတ်၊ သုံးပုံ ကျော်ကျော်လောက် ရပြီး အနိုင်ရတဲ့ ပါတီတခုဟာ ခွဲဝေပေးမှု ပြဿနာတခုကို ရင်ဆိုင်ရနိုင်တယ် ဆိုတာပဲ။ ၁၉၉၁ ဇမ်ဘီယာက MMD လုပ်ခဲ့ သလိုမျိုးပဲ။ တဖက်မှာ ထောက်ခံအားပေးသူများလေ၊ အုပ်ချုပ်ရေးဟောင်းမှာ အတိုက်အခံ အင်အားစု ပိုများလေပဲ။ အဲဒီထဲက အချို့ဟာ စိတ်ပျက်လက်ပျက် ဖြစ်သွားကြမှာ အနှေးနဲ့ အမြန်ပဲ။ ဒါပေမယ့် မကျေနပ်ချက်တွေ စဖြစ်လာရင် ကောင်ဒါနဲ့ သူ့အနေအထားအတွင်းက အခြားသူတွေဟာ အဲဒီ အခြေအနေကို ဘာကြောင့် ဘရိတ်မအုပ်နိုင် ဖြစ်ရသလဲ။ ဝန်ပိနေတဲ့ ကျဉ်းမြောင်းတဲ့ လူနည်းစု အုပ်ချုပ်ရေးထက် အားနည်း ဆုတ်ယုတ်မှုရှိတဲ့ လူများစု အုပ်ချုပ်ရေးနဲ့ အတူ အဆုံးသတ်သွားဖို့ရာ အခြေအနေကို ကောင်ဒါနဲ့ သူ့လူတွေ ဘာကြောင့် မရပ်တန့်နိုင်သလဲ။

အဖြေက တချို့အုပ်ချုပ်ရေးတွေဟာ အခြေအနေတခုမှာ ရပ်တန့်သွားနိုင်တယ်။ ဘယ်လို အခြေအနေလဲဆိုရင် နိုင်ငံတော်ရဲ့ လူမျိုးစု အုပ်စု တဝက်လောက်ဟာ အခြား တဝက်အပေါ် ဖက်ပြိုင်အံတုနေတဲ့ အချိန်မှာပဲ ဖြစ်တယ်။ ဒီလို နိုင်ငံတော်တွေထဲမှာ လူမျိုးစု အုပ်စုကြားထဲက ဆက်နွယ်မှုတွေဟာ တောင်ကို မြောက်က ဆန့်ကျင်နေတဲ့ နှစ်ဖက် ခွဲထွက်နေတဲ့ အခြေအနေကို ဖန်တီးဖြစ်ပေါ်စေတာပဲ။ ဒါမှမဟုတ် မွတ်စလင်ဘာသာဝင်တွေကို ခရစ္စယာန် ဘာသာဝင်တွေက ဆန့်ကျင်မယ်၊ အဓိကအုပ်စုကြီးတခုက တခြားအုပ်စုတွေအပေါ် ဆန့်ကျင်မယ်၊ ဥပမာ ကွန်ဂိုနိုင်ငံက လာရီတွေကို အမ်ဘိုချီတို့ ဆန့်ကျင်မှု၊ တိုဂိုမှာဆိုရင် အီဝီတွေကို ကာဘရိုင်းတို့ ဆန့်ကျင်မှုတွေ အစရှိတဲ့

နှစ်ခြမ်းခွဲထွက်နေတဲ့ အခြေအနေတရပ်ကို ဖြစ်ပေါ်စေတာပဲ။ အဲဒီနေရာတွေမှာ တကယ့်ကို ဆက်နွှယ်ရင်းနှီးမှုတွေနဲ့ အုပ်စုအကွဲ အပြဲတွေဟာ သိသိသာသာနဲ့ ရှိနေတာပါ။

အဲဒီလို အဖြေရလဒ် တခုလိုဖြစ်လာတဲ့ နှစ်ခြမ်းခွဲထွက်မှု သဘောဟာ ဘယ်လိုမှ စေ့စပ်မရတော့ဘဲ ပြင်းပြင်းထန်ထန်ကို နှစ်ခြမ်းကွဲသွားမှု၊ ပဋိပက္ခကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒီ နှစ်ခြမ်းကွဲသွားမှုဟာ ဘေဘုယျအားဖြင့်တော့ ရွေးကောက်ပွဲမှာ မတိမ်းမယိမ်း အနိုင်ရလိုက်မှုကြောင့် ဖြစ်လာတာ။ အဲဒီ အနိုင်ရတဲ့ ရွေးကောက်ပွဲမှာ နိုင်ငံတော်ရဲ့ တဝက်နီးပါးရှိတဲ့ အုပ်စုတစုဟာ သူတို့အနေနဲ့ ဖယ်ထုတ်ခံလိုက်ရတယ်လို့ ခံစားမိသွားတယ်၊ ပြီးရင် အဲဒီရွေးကောက်ပွဲ အနိုင်ကနေပဲ စစ်တပ်ကို ပန်ကြားနိုင်တယ်။ ဒါမျိုးဟာ နိုင်ဂျီးရီးယား နိုင်ငံရေးသမိုင်းမှာ တွေ့ရတဲ့ ကိစ္စပဲ။ နိုင်ဂျီးရီးယားမှာ ၁၉၆၆ အာဏာသိမ်းမှုတွေ ဖြစ်ပေါ်ပြီး ၁၉၆၇ ကနေ ၁၉၇၀ အထိ ဘိုင်ယာဖရန် စစ်ပွဲတွေ ဖြစ်ပေါ်ခဲ့တာပါ။ နှစ်ဖွဲ့ပေါင်းစည်းမှုတွေနဲ့ နှစ်ခြမ်းကွဲသွားမှုတွေဟာ အမြဲတမ်း ရှိနေတဲ့ ပြဿနာတော့ မဟုတ်ဘူး။ အဲဒီပြဿနာကြောင့်ပဲ လူနည်းစု အုပ်ချုပ်ရေးဘက်ဆီ ဦးတည်ယိမ်းသွားမယ့် အနေအထားကို ရပ်တန့်နိုင်ဖို့တော့ ခက်လာတယ်။ ဇမ်ဘီယာနဲ့ ကင်မရွန်းနိုင်ငံက ဖြစ်ရပ်တွေက ဒီသဘောကို ကိုယ်စားပြုနေခဲ့တာပါ။

ဒါ့အပြင် အုပ်ချုပ်ရေးတခုကို လွှမ်းမိုးအုပ်ချုပ်နေသူတွေဟာ တပါတီနိုင်ငံတော်ကို အတိအလင်း ပြောပြီးတော့ပဲ ဖြစ်ဖြစ်၊ တခြား နည်းလမ်းတွေနဲ့ပဲဖြစ်ဖြစ် သူတို့ကိုယ်သူတို့ အခိုင်အမာဖြစ်အောင် တည်ဆောက်နိုင်ရင် မဲဆန္ဒရှင်တွေရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို တွေ့ကြုံရလိမ့်မှာတော့ မဟုတ်ဘူး။ နိုင်ငံတော်အပေါ် တောင်းဆိုသူတွေ ပိုနည်းပါးလာတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ဖယ်ထုတ်ခံလိုက်ရတဲ့ လူများစုကြီးဟာ အုပ်ချုပ်ရေးကို ဆန့်ကျင်ဖို့အတွက် လက်နက်ကိုင်ရမယ့် အခြေအနေကို လိုအပ်တယ်လို့ တွေးလာတယ်။ ယူဂန်ဒါမှာ အီဒီအာမင်ရဲ့ လူနည်းစု အုပ်ချုပ်ရေးကို အဲဒီလို လက်နက်ကိုင်ပြီး ဆန့်ကျင်ခဲ့ကြတယ်။ ဆီးရီးယားမှာလည်း ဟဖက်ဇ် အဲလ် အာဆတ်ရဲ့ အုပ်ချုပ်ရေးကို ပုံမှန် လက်နက်ကိုင်ပြီး တော်လှန်ခ့ြဲကတာပဲ ဖြစ်တယ်။

ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေဟာ လူမျိုးစုဆိုင်ရာ ဖယ်ထုတ်ခြင်းကို ဖြစ်ပေါ်စေတဲ့အခါ တဖက်မှာ ဒီမိုကရေစီ နည်းကျမဟုတ်တဲ့ တုံ့ပြန်ချက်တွေ ဖြစ်ပေါ်လာမှာကိုလည်း မျှော်လင့်ရနိုင်ပါတယ်။ ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်မှု မော်ဒယ်တခုအဖြစ် အမွှမ်းတင်ခံထားရတဲ့ ဇမ်ဘီယာလိုပ၊ဲ ဘီနင်နိုင်ငံမှာ ၁၉၉၁ ရွေးကောက်ပွဲတွေကနေ လူမျိုးစုကြား ပြိုင်ဆိုင်မှု လမ်းကြောင်းသုံးခုကို ထွက်ပေါ်လာစေခဲ့တယ်။ အဲဒီ ယှဉ်ပြိုင်မှုဟာ လွတ်လပ်ရေး ရပြီးတဲ့နောက်မှာ ထင်ပေါ်လာတာ။ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ သမ္မတလောင်း သုံးယောက်ဟာ တယောက်ကို သူတို့အပိုင်ဒေသတွေမှာ ပထမအဆင့်မှာတင် မဲက ၇၀ နဲ့ ၈၀ ရာခိုင်နှုန်းကြား ရရှိခဲ့ကြတယ်။ ပြင်သစ်ပုံစံ ရွေးကောက်ပွဲမှာဆိုရင် ပြင်သစ်မှာက တောင်-မြောက် ပြိုင်ဆိုင်မှုပဲ ရှိတယ်။ အဲဒီရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမတ်လောင်းဟာ တောင်ပိုင်းပြည်နယ်ရဲ့ မဲ ၉၀ ရာခိုင်နှုန်းနီးပါး ရတယ်။ ရှုံးသွားတဲ့ အမတ်လောင်းကတော့ မြောက်ပိုင်းပြည်နယ်ရဲ့ မဲ ၉၄ ရာခိုင်နှုန်းနီးပါး ရတာ။ ဒီမှာ ရှေ့နောက်မညီတဲ့ ဝိရောဓိသဘော (Paradox) ဖြစ်နေတာ တွေ့ရမယ်။

နောက်တနှစ်လောက်ကြာတော့ မြောက်ပိုင်းသားတွေ လွှမ်းမိုးတဲ့ စစ်တပ်ယူနစ်တွေဟာ အာဏာသိမ်းဖို့ ကြိုးစားခဲ့ပြီး တပ်တွင်း ပုန်ကန်မှုတွေ လုပ်လာခဲ့ကြတာပဲ။ အစောပိုင်း ဆယ်စုနှစ်တွေမှာလည်း သူတို့ အဲဒီလိုမျိုးတွေ လုပ်ခဲ့ကြတာ အကြီးအကျယ် အောင်မြင်မှုရခဲ့တယ်။ နောက်ဆုံးတော့ ရွေးကောက်ပွဲအနိုင်ရတဲ့ တောင်ပိုင်းအစိုးရ အာဏာရလာခဲ့တယ်။ အာဖရိကမှာ စစ်တပ်အုပ်ချုပ်ရေးဆိုတာ ရွေးကောက်ပွဲ နိုင်ငံရေးမှာ လူမျိုးစုတို့ အောင်မြင်မှုမရ ဖြစ်ရတဲ့ သဘောကို ညွှန်းနေတယ်။ အဲဒီ စစ်တပ်အုပ်ချုပ်ရေး အတိုင်းအဆကို ခန့်မှန်းဖို့တောင် မလွယ်နိုင်ဘူး ဖြစ်နေတာ။ လက်ရှိ ရွေးကောက်ပွဲတွေဟာ အစောပိုင်း ကိုလိုနီ အလွန်ကာလကထက် လူမျိုးစုတို့ရဲ့ ကျရှုံးမှုအန္တရာယ်ကနေ ပိုပြီး လုံခြုံစိတ်ချရတဲ့ အနေအထားမျိုးမှာ ရှိမနေတော့ဘူး။ သဘောက ရွေးကောက်ပွဲမှာ အနိုင်ရတယ် ဆိုဦးတော့၊ တဖက်မှာ လူမျိုးစုဆိုင်ရာ ပုန်ကန်မှု၊ တုံ့ပြန်မှုတွေကို ခံရနိုင်တယ်။ ဒီတော့ ရွေးကောက်ပွဲ အနိုင်ရပြီဆိုတာနဲ့ စိတ်ချလက်ချ နေလို့မရဘူး။ အချိန်မရွေး ကိုယ့်ရဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်ဟာ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားနိုင်တဲ့ အနေအထားမှာ ရှိနေတယ်ဆိုတာကို သိထားဖို့ လိုအပ်တာပဲ။

(ဆက်လက်ဖော်ပြပါမည်)

ဒေါ်နယ် အယ်လ် ဟိုရိုဝစ်ဇ် (Donald L. Horowitz) သည် Duke University မှ ဥပဒေနှင့် နိုင်ငံရေးသိပ္ပံ ပါမောက္ခဖြစ်ပြီး လူမျိုးစုပဋိပက္ခ လေ့လာရေးဆိုင်ရာ ကျွမ်းကျင်သူဖြစ်သည်။ သူရေးသားခဲ့သော Ethnic Groups in Conflict (1985)၊ A Democratic South Africa? Constitutional Engineering in a Divided Society (1991) နှင့် The Deadly Ethnic Riot (2001) စာအုပ်များကို ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ဒီမိုကရေစီမြှင့်တင်ရေး အကြံပေးကော်မီတီဝင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ယခု ဆောင်းပါးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုခဲ့ခြင်း ဖြစ်ပါသည်။ Educational Initiatives အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။

Your Thoughts …
ဒိုနယ်လ် အယ်လ် ဟိုရိုဝစ်ဇ်

ဒိုနယ်လ် အယ်လ် ဟိုရိုဝစ်ဇ်

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
SEA Games, SEAP Games, ပြေးခုန်ပစ် အားကစား

ကျွန်းဆွယ် ဆီးဂိမ်းနှင့် မြန်မာ ပြေးခုန်ပစ် (၂)

ချင်း, တိုင်းရင်းသား, ချင်းပါတီ, ချင်းတိုးတက်ရေး, ဟားခါး

ချင်း တိုင်းရင်းသား နှစ်ပါတီ ပူးပေါင်းရေး နှောင့်နှေးနေဆဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate