ချင်းလူထု၏ သဘောထားဖြစ်သော ချင်းတိုင်းရင်းသား နှစ်ပါတီ ပူးပေါင်းနိုင်ရေးမှာ နှစ်ဘက်ခေါင်းဆောင်များကြား နားလည်မှု မတည်ဆောက်နိုင်သေး၍ တရားဝင် ပူးပေါင်းရန် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်နေရကြောင်း သိရသည်။
ချင်းတိုင်းရင်းသား နှစ်ပါတီဖြစ်သော ချင်းအမျိုးသားပါတီနှင့် ချင်းတိုးတက်ရေး ပါတီတို့မှာ ၂၀၁၅ ရွှေးကောက်ပွဲအလွန် ကာလတွင် ချင်းပြည်နယ် အစိုးရဖွဲ့နိုင်ရန်ဆိုသော ရည်ရွယ်ချက်ဖြင့် ပူးပေါင်းမည့်အစီအစဉ်မှာ လတ်တလော မဖြစ်နိုင်သေးကြောင်း နှစ်ဘက် ခေါင်းဆောင်များ က ဧရာဝတီသို့ ပြောသည်။
ချင်းတိုင်းရင်းသား ပါတီများထဲတွင် ချင်းအမျိုးသားပါတီနှင့် ချင်းတိုးတက်ရေးပါတီတို့မှာ “ချင်းအမျိုးသား တိုးတက်ရေးပါတီ” အမည်ဖြင့် ပူးပေါင်းရန် ၂၀၁၃ ခုနှစ် ဧပြီလကတည်းက နှစ်ဘက်တရားဝင် သဘောတူညီခဲ့သော်လည်း ချင်းလူထု၏ လိုလားချက် အတိုင်း ယခုအချိန်အထိ မပူးပေါင်းနိုင်သေးကြောင်း၊ မြို့နယ်အဆင့် ပါတီဝင်များက နှစ်ပါတီပူးပေါင်းရန် ပြင်းပြင်းထန်ထန် ဆန္ဒရှိနေ သောကြောင့် ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်ကြောင်း သိရသည်။
နှစ်ပါတီပူးပေါင်းမည့် အစီအစဉ်ကို နှစ်ဘက်ဗဟိုကော်မတီအဆင့် ဆွေးနွေးမှုတွင် ချင်း တိုးတက်ရေးပါတီမှ ပါတီသစ်တွင် ဥက္ကဋ္ဌရာထူးပေးရန် တရားဝင်စာပို့ တောင်းဆိုလာသည့် အတွက် နှစ်ပါတီပူးပေါင်းမည့် အစီအစဉ်မှာ ယာယီရပ်ဆိုင်းသွားကြောင်း ချင်း အမျိုးသားပါတီ အတွင်းရေးမှူး ဦးငယ်ပီးက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ပါတီက ဘာကြိုတင်တောင်းဆိုချက်မှ မလုပ်ဘဲနဲ့ ပါတီသစ်ရဲ့ ခေါင်းဆောင်ကို အများဆန္ဒနဲ့ပဲ ရွေးတာမျိုး လုပ်ချင် တယ်။ သူတို့(ချင်း တိုးတက်ရေး ပါတီ) ဘက်က ဥက္ကဌ ရာထူးပေးမှ ပူးပေါင်းဖို့ စဉ်းစားမယ်ဆိုတာမျိုး ပြောလာတယ်။ တချို့ မြို့နယ်အဆင့် ချင်းတိုးတက်ရေး ပါတီဝင်တချို့ကတော့ ကျနော်တို့ ပါတီဘက်ကို လာပေါင်းမယ့် သဘောမျိုးတွေ ရှိနေတယ်”ဟု ဦးငယ်ပီးက ပြောပြသည်။
သို့သော် ချင်းအမျိုးသားပါတီ၏ ပြောဆိုချက်ကို ချင်းတိုးတက်ရေးပါတီက ငြင်းဆိုလိုက်ပြီး ပါတီသစ်တွင် ရာထူးနေရာကိစ္စ ဆွေးနွေးခြင်း လုံးဝမရှိသေးဘဲ ဥက္ကဌ ရာထူး တောင်းဆိုထားခြင်းမျိုး မရှိကြောင်း ချင်းတိုးတက်ရေးပါတီ ဒု ဥက္ကဌ ဟောင်း ဖလမ်းမြို့ အမှတ် ၁ မဲဆန္ဒနယ်မှ ဦးနထန်းက ဧရာဝတီသို့ ပြောသည်။
“ပူးပေါင်းဖို့က ဆက်ဆွေးနွေးရဦးမှာပါ။ ပါတီသစ်မှာ ဘယ်သူဘယ်နေရာယူမယ်ဆိုတာ လုံး၀ ဆွေးနွေးတာ မရှိပါ။ အပြင်က ဒီလို ကောလာဟလ တွေ ထုတ်လို့ အခုလို မပူးပေါင်းနိုင်ဘဲ ဖြစ်နေတာ။ အစည်းအဝေးမှာ တရားဝင် ဘယ်သူမှ မပြောပါဘူး”ဟု ဦးနထန်းက ဆိုသည်။
နိုဝင်ဘာ ၁၂-၁၅ ရက်နေ့က ချင်းပြည်နယ် ဟားခါးမြို့တွင် ပြုလုပ်ခဲ့သော ချင်းအမျိုးသား ညီလာခံ၌ ချင်းနှစ်ပါတီတွေ့ဆုံမှုတွင် ပါတီ နာမည်ပေးနိုင်ရေး ကိစ္စကိုပင် ၅ နာရီခန့်အထိ ဆွေးနွေးခဲ့ရကြောင်း၊ ချင်းပြည်နယ် အမှတ်အသားဖြစ်သော အောက်ချင်းငှက်နှင့် တောင်ဇလပ်ပန်းကို ပါတီ အမှတ် တံဆိပ်ပြုလုပ်သွားရန် အကြမ်းဖျင်း သဘောတူထားကြောင်းလည်း ဦးနထန်းက ပြောသည်။
ချင်းနှစ်ပါတီ ပူးပေါင်းရန် နှစ်ဘက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအားလုံးက စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုထားကြောင်း၊ နှစ်ပါတီ ပူးပေါင်းနိုင်ခြင်းအားဖြင့် ၂၀၁၅ ရွေးကောက်ပွဲအလွန်တွင် ချင်းပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေး အထိ ရည်မှန်းထား ကြောင်း ချင်းတိုင်းရင်းသား ခေါင်းဆောင်များက ပြောဆိုထားသည်။
ချင်းပြည်နယ်တွင် အင်အားကြီး ပါတီနှစ်ခုပူးပေါင်းရန်မှာ လူထုဆန္ဒ အစစ်အမှန်ပင် ဖြစ်ကြောင်း၊ ချင်းလူထုက ဒုတိယအကြိမ် ချင်း ညီလာခံတွင် ချင်းပါတီအားလုံး ပူးပေါင်းရန် တောင်းဆိုခဲ့ပြီး ချင်းအားလုံး၏ ဘုံရပ်တည်ချက်ဖြစ်ကြောင်း ချင်းပြည်နယ် ဖွံဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသော ကျေးလက်ဖွံဖြိုးရေးအဖွဲ့မှ ဦးဂျိုးဇက်ကုန်ဇမှုန်း က ပြောသည်။
“နှစ်ပါတီ ဆိုတာထက် ချင်းပါတီတွေ အားလုံးပေါင်းနိုင်ရင် ချင်းပြည်နယ် အစိုးရဖြစ်လာမယ်။ အခုက ကျနော်တို့လက်ရှိဝန်ကြီးချုပ် က ကြံခိုင်ရေးပါတီက ဆိုတော့ လူမျိုးစုမျက်နှာထက် နေပြည်တော်မျက်နှာကို ကြည့်နေရတယ်။ ဒေသဖွံဖြိုးရေးဆောင်ရွက်တဲ့အခါ နှောင့်နှေးမှုတွေ ရှိနေတယ်။ ပြည်နယ်အတွက် တချို့စီမံကိန်းတွေကို မတောင်းရဲဘူးဖြစ်နေတယ်”ဟု ဦးဂျိုးဇက်ကုန်ဇမှုန်း က ဆို သည်။
ချင်းအမျိုးသားပါတီက ချင်းပြည်နယ်လွှတ်တော်တွင် ၉ နေရာရထားပြီး ချင်းတိုးတက်ရေးပါတီက ၁၁ နေရာ ရထားကြောင်း နှစ် ဘက် ခေါင်းဆောင်များက ပြောဆိုသည်။
ချင်းပြည်နယ်တွင် ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ဇိုမီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဇိုမီးချင်းပါတီ)၊ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အရှိုချင်း အမျိုးသားပါတီ ဟူ၍ လက်ရှိတွင် ချင်းတိုင်းရင်းသား ပါတီ ၅ ခုအထိ ရှိနေသည်။