Health

မသန့်ပေမယ့် ဈေးပေါတဲ့ ရန်ကုန် လမ်းဘေး အစားအသောက်တွေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်၏ ကောင်းကင်မှာ နေဝင်ပြီဆိုလျှင် မြို့တော်၏ စည်ကားရာ နေရာတွေဆီကို အရပ်မျက်နှာအသီးသီး မှနေ၍ အိုးခွက်ပန်းကန်တွေ တင်ဆောင်ထားသည့် ထရပ်ကားငယ်များ၊ လက်တွန်းလှည်းများနှင့် အတူ လူတွေ အစုလိုက်ရောက်လာကြသည်။ နေ့ခင်းဖက်တွင်လည်း မော်တော်ကားတွေ၊ လမ်းသွားလမ်းလာတွေနှင့် ရှုပ်ထွေး ပြည့်ကျပ်နေသော ပလက်ဖောင်းများနှင့် လမ်းများပေါ်တွင် မီးဖိုများနှင့် စားပွဲ၊ ကုလားထိုင်များက နေရာ ယူတတ်ကြသည်။

လမ်းဘေးဈေးသည်တို့၏ ဖောက်သည်ခေါ်သံများက မီးခိုးငွေ့များ၊ သွားရည်ကျချင်စရာ အနံ့များနှင့်အတူ ပျံ့လွင့် နေသည်။ ဒီဆိုင်လေးတွေမှာ မြန်မာ အစားအစာများဖြစ်သည့် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ နှင့် လက်ဖက်သုတ်မှ စ၍ တရုတ်ဒင်းမ်ဆမ်း၊ ဂျပန် ဆူရှီ နှင့် ကိုရီးယား အသားကင်အထိ အမျိုးစုံအောင်ရနိုင်ပါသည်။

ဖွယ်ဖွယ်ရာရာများ ရွေးချယ်ရသည်ကို နှစ်ချိုက်ကြသည့် စားသုံးသူတွေအတွက် ကောင်းသော်လည်း စားသုံးသူကာကွယ်ရေး ဆောင်ရွက် သူများက ရန်ကုန်မြို့ရှိ လမ်းဘေးစားသောက်ဆိုင်များ၏ ၈၀ ရာခိုင်နှုန်း ခန့်သည် ရောဂါကာကွယ်ရေးနှင့် သန့်ရှင်းရေး စံချိန် စံညွှန်းများနှင့် ကိုက်ညီမှုမရှိဟု ပြောကြသည်။

ရန်ကုန်မြို့သူမြို့သား အများစုအတွက်မူ ထိုဆိုင်လေးများသည် ပင်ပန်းနွမ်းနယ်သည့် အလုပ်ချိန်များအပြီးတွင် အစား အသောက် စားသုံးနိုင်သည့်နေရာ၊ မိတ်ဆွေ အပေါင်းအသင်းများနှင့် စကားပြောနိုင်သည့် နေရာဖြစ်သည်။ အရသာ ရှိသော စားသောက်ဖွယ်ရာ တပန်းကန် တပွဲစာခန့်ကို ကျပ်ငွေ ၅၀၀ မှ ၁၅၀၀ အတွင်းသာ ကျသင့် ခြင်းက အစားအသောက်၏ ဘေးကင်းစိတ်ချရမှုအတွက် သံသယမည်မျှပင်ရှိစေကာမူ စားသုံးသူတွေအတွက် ဆွဲဆောင်မှု တခုဖြစ်နေသည်။

“ကျမကတော့ လျှောက်သွားပြီး လမ်းဘေးဆိုင်တွေက ဝယ်စားရတာ သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်က ပြန်လာရင် ကျမမှာ ချက်ပြုတ်ဖို့ အချိန်မရှိဘူးလေ။ ဒီဆိုင်တွေမှာ အရသာရှိတဲ့ အစားအသောက်ကို သင့်တင့်တဲ့ ဈေးနှုန်း နဲ့ ရနိုင်တော့ အချိန်ကုန် ငွေကုန်သက်သာတယ်” ဟု ရန်ကုန်မြို့လည်ရှိ အီလက်ထရောနစ် ပစ္စည်းဆိုင်တဆိုင်မှ အရောင်း ဝန်ထမ်း မိန်းကလေး တဦးက ပြောသည်။

“တကယ်လို့ စားသောက်ဆိုင်ကြီးတဆိုင်ကို သွားမယ်ဆိုရင် ခေါက်ဆွဲတပွဲအတွက် အနည်းဆုံး ၂၅၀၀ကျပ် လောက် တော့ ပေးရမယ်။ လမ်းဘေး အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်သလား၊ စိတ်ချရသလား၊ သန့်ရှင်းမှုရှိသလား ဆိုတာ ကတော့ မသေချာပါဘူး။ ဒါပေမယ့် ဒီအစားအစာတွေက စားလို့ကောင်းတယ်။ ပူပူနွေးနွေးရှိပြီးတော့ ဈေးလည်း သက်သာ တယ်။ ညစ်ပတ်တာ အခုထိမတွေ့သေးပါဘူး။ ကျမကတော့ ဒါနဲ့ အဆင်ပြေနေပါတယ်” ဟုလည်း သူက ဆိုသည်။

စည်ကားသည့်နေရာများ ဖြစ်သော မြို့တော်ခန်းမ တဝိုက်၊ တရုတ်တန်း၊ မြေနီကုန်းနှင့် လှည်းတန်းလမ်းဆုံ နေရာများ သည် အသက်အရွယ် အမျိုးမျိုးရှိသော ရန်ကုန်မြို့နေလူထုအတွက် လမ်းဘေးအစားအစာများ ရရှိနိုင်သည့် လူသိများ သောနေရာများ ဖြစ်သည်။

ရန်ကုန်မြို့မှ လမ်းဘေးအစားအစာများ၏ သန့်ရှင်းမှု၊ ကျန်းမာရေးနှင့် ညီညွတ်မှု စသည်တို့နှင့် ပတ်သက်သော စိုးရိမ် ပူပန်မှုများကို စူးစမ်းကြည့်ရန်အတွက် မြို့လည်ပိုင်းရှိ ရောင်းကောင်းသည့် မုန့်ဟင်းခါးဆိုင် တဆိုင်သို့ရောက်ခဲ့သည်။

ညစ်ပတ်နေသော ထောင့်တနေရာတွင် မိန်းမကလေးတယောက် ရှိနေသည်။ သူ့ အနားရှိ ဆပ်ပြာရည်များ ထည့်ထားသည့် ပလပ်စတစ် ဇလုံငယ်ထဲတွင် ပေကျံနေသော ပန်းကန်တွေ စီထပ်၍ ထည့်ထားသည်။ နီဝါဝါ အဆီများနှင့် နံနံရွက်များက မျက်နှာပြင်ပေါ်တွင် ပေါလောမျောနေ၏။ မိန်းကလေးက ပန်းကန်များ ပန်းကန်လုံးများကို နောက်ကျိနေသော ရေထဲသို့ ထိုးနှစ်ပြီး ရေမြှုပ်စ တစဖြင့် အနည်းငယ် ပွတ်တိုက်လိုက်သည်။ ထို့နောက် ပို၍ နောက်သောရေတွေထည့်ထားသည့် ဇလုံထဲတွင် နောက်ဆုံးအဆင့် ဆေးကြောပြီးသည့်အခါ ပန်းကန်များသည် နောက်တကြိမ် တည်ခင်းဖို့ အသင့်ဖြစ်သွား လေပြီ။

သေးငယ်သည့် ကောင်တာလေးတွင် ဆိုင်ရှင်ဖြစ်သူက ပါဆယ်ဝယ်သွားမည့်သူတွေ အတွက် ပြင်ဆင်ပေးရင်း အလုပ်ရှုပ် နေသည်။ လက်အိတ်မပါသည့် လက်ဗလာဖြင့် ခေါက်ဆွဲဖတ်များကို ပလပ်စတစ် ကျွတ်ကျွတ်အိတ်ငယ်များ အတွင်းသို့ ထည့်ပြီး နောက်ထပ် အိတ်တလုံးထဲသို့ ဟင်းရည် ပူပူတွေလောင်းထည့်လိုက်သည်။ ထို့နောက် ဝယ်သူထံမှ ညစ်ပတ် ပေရေ နေ သော ပိုက်ဆံကို လက်ခံယူသည်။

“ကျွတ်ကျွတ် အိတ်ထဲကို ပူတဲ့အစားအစာတွေ ထည့်ပြီးတော့ သယ်တာ ကျန်းမာရေးအတွက် မကောင်းဘူးလို့ ကျမတို့ကို ပြောကြပါတယ်၊ ဒါပေမယ့် ကျမတို့မှာ ရွေးချယ်စရာလည်း မရှိဘူး။ စက္ကူနဲ့ လုပ်ထားတဲ့ ထည့်စရာတွေ ရောင်းတာလဲရှိ ပါတယ်။ ဒါပေမယ့် အဲဒါတွေသုံးရင် ကျမတို့အတွက် အရင်းအနှီး များလွန်းပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာ တွေရောင်းဖို့ ကျမ အမြဲတမ်းကြိုးစားပါတယ်။ သန့်ရှင်းရေး အတွက်လည်း ဒီလိုပါပဲ” ဟု ဆိုင်ရှင်ဖြစ်သူက ဆိုသည်။

လမ်းဘေး အစားအစာများသည် စားသုံးရန် စိတ်ချရခြင်းမရှိသဖြင့် ဈေးသည်များကို အစားအစာများ ဘေးကင်းစိတ်ချရမှု ရှိရေး အတွက် ပညာပေးရန်လိုအပ်နေသည်ဟု ရန်ကုန် အခြေစိုက် စားသုံးသူကာကွယ်ရေးအသင်း (CPA) ကဆိုသည်။

“ဒီနေ့ အချိန်မှာ ရိုးရာအစားအစာ အမျိုးမျိုး အပါအဝင် အစားအစာ အသစ်အဆန်းတွေ၊ အမြန်စားသုံးနိုင်တာတွေကို လမ်း ဘေးဆိုင်တွေမှာ ရောင်းနေကြတယ်။ သူတို့က အရင်းအနှီးလည်း များများမတတ်နိုင်တော့ ဈေးပေါတဲ့ ကုန်ကြမ်းတွေ သုံးကြတယ်။ ဥပမာ စားအုန်းဆီတို့၊ အနံ့အရသာအတွက် ဓာတုပစ္စည်းတွေ သုံးကြပါတယ်” ဟု စားသုံးသူ ကာကွယ်ရေး အသင်း၏ ပြန်ကြားရေးဌာန အတွင်းရေးမှူး ဒေါ်စိုးကလျာထိုက်က ပြောသည်။

“ရောဂါကာကွယ်ရေးနဲ့ သန့်ရှင်းရေးအတွက်လည်း စနစ်တကျလုပ်တဲ့ အလေ့အထနည်းတယ်။ ဥပမာပြောရရင် မြို့လယ် ခေါင်မှာရောက်နေတဲ့ အချိန်ဆိုရင် ရေသုံးစွဲဖို့က အကန့်အသတ်ရှိတယ်လေ။ ဒါကြောင့် ပန်းကန် ခွက်ယောက်တွေ ဆေး ကြောတဲ့အခါ ရေလျှော့သုံးကြတယ်။ အစားအစာကိုလည်း ဖုန်တွေ၊ ယင်ကောင်တွေ၊ မော်တော်ကား မီးခိုးတွေ မရောက် နိုင်ဖို့ အတွက် ကောင်းကောင်း ကာကွယ်မထားနိုင်ကြဘူး” ဟု သူကထပ်ပြောသည်။

မကြာသေးမီက CPA မှ စစ်တမ်းကောက်ယူ သုတေသနပြုကြည့်သည့် အခါ ရန်ကုန်မြို့လယ်ရှိ လမ်းဘေး ဆိုင်ပေါင်း ၁၀၀၀ ကျော်တွင် ၈၀ ရာခိုင်နှုန်းကျော်သည် ရောဂါကာကွယ်ရေးနဲ့ သန့်ရှင်းရေးပိုင်းတွင် အလွန်အားနည်းပြီး ကျန်းမာ ရေးနှင့် ညီညွတ်မှုမရှိသည့် အစားအစာများကို ရောင်းချနေကြသည်ဟု သိရသည်။

“သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေဖြစ်စေဖို့ အတွက် ဈေးသည်တွေကိုရော စားသုံးသူတွေကိုပါ ပညာ ပေးဖို့ လိုအပ်ပါတယ်။ ဒါက အစိုးရနဲ့သာသက်ဆိုင်တဲ့ ပြဿနာ မဟုတ်ပါဘူး။ အစိုးရဘက်ကလည်း လုပ်စရာတွေ အများ ကြီးရှိပါတယ်။ ဒါပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ကိုင်တွယ်လုပ်ဆောင်ဖို့ ကျတော့ မလွယ်ဘူးလို့ ကျမတို့ ထင်ပါ တယ်။ ဒီကိစ္စကို သတိထားကြအောင်လို့ NGO တွေကလည်း ဖန်တီးပေးဖို့ လိုပါတယ်” ဟုလည်း ဒေါ်စိုးကလျာ ထိုက် က ပြောသည်။

လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကို သိမြင်နိုင်ရန် အတွက် CPA က စာသင်ကျောင်းများတွင် ကလေးငယ်များကို အစားအစာ ဘေးကင်းလုံခြုံမှုဆိုင်ရာ သင်ခန်းစာများ သင်ကြားပေးရန် အစီအစဉ်တခုကို စတင်ဆောင်ရွက်နေသည်။

အခြား NGO အဖွဲ့အစည်းတခုဖြစ်သော မြန်မာနိုင်ငံ စားသောက်ဆိုင်များ အသင်း (MRA) ကလည်း လမ်းဘေးဆိုင် ၁၂ ဆိုင်ကို ရွေးချယ်ပြီး ကောင်းမွန်သော ရောဂါကာကွယ်ရေးနဲ့ သန့်ရှင်းရေး ဆိုင်ရာ သရုပ်ပြမှုအဖြစ် နမူနာပြသပေးနိုင်ရန် စီမံကိန်း တခုကို စီစဉ်နေသည်။

“လမ်းဘေးဆိုင်တွေဟာ စီးပွားရေး အခြေအနေအရ ဝင်ငွေရရှိဖို့ကိုပဲ ဦးစားပေးလုပ်ကိုင်နေရတော့ ရောဂါကာကွယ်ရေးနဲ့ သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး အသိအမြင်လုံလောက်မှုမရှိကြတာ တွေ့ရပါတယ်။ ဥပမာ ပြောရရင် ပိုက်ဆံ မတတ်နိုင်လို့ တခါသုံး မီးဖိုချောင်ပစ္စည်းတွေ မဝယ်နိုင်ဘူး။ ဒါကြောင့် ရှိတာကိုပဲပြန်သုံးနေရတော့ စားသုံးသူရဲ့ ကျန်းမာရေးကို ထိခိုက် စေတယ်” ဟု မြန်မာနိုင်ငံစားသောက်ဆိုင်များ အသင်း(MRA) မှ အထွေထွေအတွင်းရေးမှူး ဦးကျော်မြတ်မိုး ကပြော သည်။

ယခုအခါ MRA က မြို့တော်စည်ပင်မှ သတ်မှတ်ပေးထားသည့်နေရာများမှ လိုင်စင်ရ ဆိုင်များကို အကူအညီပေးရန် လုပ် ဆောင်နေပြီး လမ်းဘေးဈေးသည်များအတွက် တခါသုံး ဦးထုပ်များ၊ လက်အိတ်များကိုအခမဲ့ ဖြန့်ဝေပေးခြင်းနှင့် သန့်ရှင်း ပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ပြင်ဆင်နည်းကိုလည်း ပညာပေးသွားမည်ဟု သူကဆိုသည်။

“တကယ်လို့ ဆိုင်တွေက စနစ်တကျဖြစ်လာပြီဆိုရင် လူတိုင်းအတွက် ကျန်းမာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းတဲ့ အစားအစာ တွေဖြစ်စေဖို့ နမူနာ ကောင်းတွေ ဖြစ်လာမှာပါ။ စားသုံးသူတွေကလည်း စိတ်ကျေနပ်စွာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေစားသုံးရပါလိမ့်မယ်။ နောက်ဆိုရင် မြန်မာနိုင်ငံက လမ်းဘေးအစားအစာတွေဟာ သန့်ရှင်းပြီး ကျန်းမာ ရေးနဲ့ ညီညွတ်လာတော့မှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရောင်းချရတဲ့ အတွက် ဈေးသည်တွေလည်း  အကျိုးအမြတ် ရရှိမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ဦးကျော်မြတ်မိုး ကပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading