Politics

ရန်ပုံငွေအတွက် ကားပါမစ် ယူခဲ့ကြောင်း ABSDF ပြော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်များ အစိုးရထံမှ ရယူခဲ့ခြင်းသည် နိုင်ငံရေး လုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်ရန် ရန်ပုံငွေအတွက်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

“တော်လှန်ရေး တရပ်မှာတော့ ဒီတော်လှန်ရေးဟာ ရှေ့ဆက်ပြီး ဆောင်ရွက်နိုင်ဖို့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်ဖို့အတွက် ရန်ပုံငွေ လိုအပ်ပါတယ်” ဟု ABSDF ဒု ဥက္ကဋ္ဌ ဦးမျိုးဝင်းက ဧရာဝတီကို ပြောသည်။

ကားတင်သွင်းခွင့် ပါမစ်များ တင်သွင်းခွင့် ရရှိသည့်အတွက် ရန်ပုံငွေများ ရရှိမည်ဖြစ်သကဲ့သို့ တခြားသော ရရှိသည့် ရန်ပုံငွေများကိုလည်း ချမှတ်ထားသည့် လုပ်ငန်းစဉ် အကောင်အထည် ဖော်ဆောင်ရေးအတွက် အဓိက သုံးစွဲသွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ဘာလို့လဲ ဆိုတော့ ဒါ တဦးတယောက် ကောင်းစားဖို့အတွက်လည်း မဟုတ်ဘူး၊ အဖွဲ့အစည်း ကောင်းစားဖို့ အတွက်လည်း မဟုတ်ပါဘူး။ ကျနော်တို့ ဒီရန်ပုံငွေနဲ့ လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေကို အထောက်အကူ ဖြစ်စေမယ့် နိုင်ငံရေး လုပ်ငန်းစဉ်တွေကိုပဲ ဖော်ဆောင်သွားမှာပါ” ဟု ဦးမျိုးဝင်းက ဆိုသည်။

ဦးမျိုးဝင်းနှင့် ABSDF ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံမှ တရားဝင် နိုင်ငံရေးပါတီ ၁၁ ပါတီ ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာ့နိုင်ငံရေး ဆွေးနွေးဖလှယ်ရန် လာရောက်စဉ် ဧရာဝတီက ကားပါမစ်ကိစ္စ မေးမြန်းမှုကို ထိုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။

လွန်ခဲ့သည့်လပိုင်းက အင်တာနက် အွန်လိုင်း စာမျက်နှာများတွင် သမ္မတရုံး ဝန်ကြီးဌာန (၄) ၏ ရုံးတံဆိပ်ဖြင့် ဝန်ကြီး ဦးအောင်မင်း လက်မှတ်ရေးထိုးကာ ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲထံ မော်တော်ယာဉ် အစီး ၆၀ ကို ABSDF မှ အသုံးပြုရန် ပေးအပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဝန်ကြီး ဦးအောင်မင်း၏ အဆိုပါ စာအရ ABSDF အကြီးအကဲများစီးရန် ၂၀ စီး၊ တပ်ဖွဲ့ဝင်များအတွက် ၄၀ စီးကို ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ် အစိုးရ အဖွဲ့များထံ ဆက်သွယ် ဆောင်ရွက်ရန် အကြောင်းကြားထားသည်။ ABSDF အကြီးအကဲများ စီးရန် ကားများအတွက် အကောက်အခွန်မဲ့ လိုင်စင်ထုတ်ပေးခြင်းနှင့် တပ်ဖွဲ့ဝင်များ စီးနင်းမည့် ယာဉ်များအတွက် ၆၀ ရာခိုင်နှုန်း အခွန်ပေးဆောင်စေ၍ လိုင်စင်ထုတ်ပေးရန် ၎င်းစာက ဖော်ပြထားသည်။

တဖန် ရဲဘော်သံခဲ၏ လက်မှတ်ဖြင့်စာတွင် အဆိုပါကား အစီး ၆၀ တင်သွင်းခွင့် ပါမစ်ကိစ္စများကို ABSDF အထွေထွေ အတွင်းရေးမှူး ဦးဆန်နီအား လုပ်ပိုင်ခွင့် အပ်နှင်းထားကြောင်း ဖော်ပြထားသော်လည်း ဒု ဥက္ကဋ္ဌ ကိုမျိုးဝင်းကမူ ကားအစီး မည်မျှ တင်သွင်းခွင့်ပေးသည်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

ယခင်က နိုင်ငံတကာရောက် ABSDF တပ်ဖွဲ့ဝင်ဟောင်းများက ၎င်းတို့၏ လုပ်အားခများထဲမှ လစဉ် ထည့်ဝင်မှုများ စုဆောင်းကာ တောတွင်း၌ တော်လှန်ရေးဘ၀ ဖြတ်သန်းနေကြသော ABSDF တပ်ဖွဲ့ဝင်များ၏ စားဝတ်နေရေး၊ ကျန်းမာရေး တို့အတွက် ထောက်ပံ့မှုတချို့  ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ထောက်ပံ့မှုတချို့ ဆက်လက် မရရှိကြောင်းလည်း သိရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ပြောဆိုဆွေးနွေးမှုများ လုပ်ဆောင်လာရင်း မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်များ ထုတ်ပေးခြင်းဖြစ်သည်။

အဆိုပါ ကားပါမစ်များကို ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် နေပြည်တော်မှာ ကျင်းပခဲ့သည့် ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဝန်ကြီး ဦးအောင်မင်းက စာအိတ်များနှင့် ပေးခဲ့ခြင်းဖြစ်ကြောင်း ချင်းအမျိုးသား တပ်ဦး (CNF) အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ရွှေခါးက ဧရာဝတီကို ပြောခဲ့သည်။

CNF အဖွဲ့အနေဖြင့် ကားအစီး ၆၀ တင်သွင်းခွင့်ပါမစ် ရခဲ့ပြီး ခေါင်းဆောင်ပိုင်း အသုံးပြုရန် ကားအစီ ၂၀ ကို အခွန်ကင်း လွတ်ခွင့်နှင့်အတူ လိုင်စင် လုပ်ခွင့်ရခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်များအတွက် ကား ၄၀ စီးကို အခွန် ၆၀ ရာခိုင်နှုန်း ဆောင်ရ ခြင်းဖြစ်ပြီး ကား ၆၀ စီးအား လိုင်စင်လုပ်ဆောင်ပြီး ဖြစ်ကြောင်း ဒေါက်တာ ရွှေခါးကလည်း ပြောထားသည်။

ကရင် အမျိုးအသား အစည်းအရုံး (KNU) က ကားအစီး ၁၂၀ အတွက် တင်သွင်းခွင့် ပါမစ် ရရှိသကဲ့သို့ တခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များလည်း ကားတင်သွင်းခွင့် ပါမစ်များ ရကြသော်လည်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ကမူ လက်ခံခြင်း မရှိကြောင်းလည်း သိရသည်။

ရန်ကုန်နှင့် မြို့ကြီးတချို့ရှိ ကား ဝယ်/ရောင်း စီးပွားရေး လုပ်ငန်းရှင်တဦးက လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များ ရရှိခဲ့သည့် ကားတင်သွင်းခွင့်များ အနက် ခေါင်းဆောင်ပိုင်းအတွက် ကားအရေအတွက်ကိုသာ အဆိုပါ အဖွဲ့အစည်းများက အသုံးပြုကြပြီး တပ်ဖွဲ့ဝင်များအတွက် ကားများကို ကားဈေးကွက်တွင် အရောင်းအဝယ်လုပ်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက ရန်ပုံငွေ ရရှိနေကြကြောင်း ဧရာဝတီကို ပြောသည်။

“အဖွဲ့အစည်းတွေက သူတို့ တင်သွင်းလာတဲ့ ကားအမျိုးအစားအပေါ် မူတည်ပြီး တစီးအတွက် (ကျပ်) သိန်း ရာဂဏန်း ရ ကြတယ်” လို့ သူက ဧရာဝတီကို ပြောပါတယ်။

ယခုကဲ့သို့ အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချမှတ် အကောင်အထည် ဖော်နေချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ကားပါမစ်များ လက်ခံလိုက်ကြသည့်အတွက် တော်လှန်ရေး ဂုဏ်သိက္ခာ ထိခိုက်ကြောင်း ဝေဖန်ပြော ဆိုမှုများလည်း ရှိနေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading