Ethnic Issues

UNFC ၏ ပြည်ထောင်စု တပ်မတော် မူဝါဒ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင်  ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး နှင့် ပြည်ထောင်စု တပ်မတော် ထူထောင်ရေး အတွက် တိုင်းရင်းသား လူမျိုးများ  ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ  ဖက်ဒရယ်ကောင်စီ (UNFC)မှ ကိုယ်စားလှယ်များ
တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွင် ယနေ့ညနေပိုင်း တွေ့ဆုံပြီးနောက်  ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“တိုင်းရင်းသား တွေက ပြည်ထောင်စုစနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်တခု လိုချင်တယ်လို့ ပြောတယ်။ ပြည်ထောင်စု စနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်ဆိုတာကတော့ ပြည်ထောင်စုထဲမှာဆိုရင် ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ တပ်မတော် ပဲ ဖြစ်ရမှာ ပေါ့´´ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေး ဆိုသော မူဝါဒ ၂ ခုတွင် တိုင်းရင်းသားများနှင့် NLD  အမြင်မတူ သော်လည်း သဘောထားကွဲလွဲခြင်းမဟုတ်ဘဲ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ အဓိက အားဖြင့် ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထွန်းကားရေးဖြစ်ကြောင်း ပြောဆိုကြသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ အတွင်းရေးမှူး ဦးနိုင်ဟံသာက ဒေါ်အောင်ဆန်းစုကြည် သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော် လမ်းကြောင်း မှတဆင့် ထိုးဖောက်ဝင်ရောက်မည်ဖြစ်ပြီး UNFC သည် လွှတ်တော်လမ်းကြောင်းမှ ဝင်ရောက်ဆောင်ရွက်၍ မရသောကြောင့် လွှတ်တော်ပြင်ပမှ တိုင်းရင်းသားအခွင့်အရေး အာမခံချက်ရှိသော ဖွဲ့စည်းပုံကို အသစ်ရေးဆွဲမည်ဖြစ်ကြောင်း ပြောသည်။

“စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့ ကျနော်တို့ အမြင်ချင်း ဖလှယ်ခဲ့ကြတယ်။ ဒါကကျနော်တို့ ဆုံးဖြတ်ချက်ချတဲ့ အစည်းအဝေးပွဲ မဟုတ်ပါဘူး။ ကျနော်တို့ အပြင်မှာနေတဲ့လူတွေက လွှတ်တော်ထဲမှာလည်း ဝင်တိုးလို့မရဘူး။ ဒီဖွဲ့စည်းပုံ အနေအထားအရ လွှတ်တော်ထဲမှာလည်း ပြင်ဖို့ မလွယ်ဘူးလို့ မြင်တယ်။ ဒါကြောင့် အန်ကယ် တို့ကတော့ အသစ်ရေးတာကတော့ မြန်တယ်။ လွယ်တယ်လို့ပဲ ယူဆတယ်။ ကိုယ်လိုချင်တဲ့  ပုံစံမျိုး ရမယ်လို့ ယုံကြည်ပြီးတော့ အဲဒါကို ပြောပြတာ´´ဟု ဦးနိုင်ဟံသာက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသား အရေးအတွက် အသိသက်သေအနေဖြင့်သော်လည်းကောင်း၊ ဝိုင်းဝန်းကူညီသူအနေဖြင့်သော်လည်း အမြဲတမ်းကြိုဆိုဖိတ်ခေါ်နေကြောင်း၊ တိုင်းရင်းသားများနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လိုအပ်ကြောင်း ဦးနိုင်ဟံသာက ဆက်လက်ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို အသိသက်သေအနေနဲ့ရော ၊ ဝိုင်းဝန်းကူညီနိုင်တဲ့ အနေအထားကနေ ပါဖို့ရော အန်ကယ်တို့ က အမြဲတမ်းဖိတ်ခေါ်နေပါတယ်။ထာဝရ ငြိမ်းချမ်းရေးရဖို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့လိုတယ်ဆိုတာ တော်တော် လေးကို အဓိကကျတဲ့ အခန်းဖြစ်တယ်။ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ဖြစ်နိုင်ဖို့က ပြည်ထောင်စုအစိုးရကို အာဏာ တချို့ အပ်ပြီးတော့မှ ပြည်နယ်အစိုးရတွေမှာ ထိုက်သင့်တဲ့ အာဏာတွေ လွဲအပ်ပေးဖို့ လိုပါတယ်။ တိုင်းရင်းသားတွေ အချင်းချင်း ဆိုတဲ့နေရာမှာ တန်းတူညီမျှရှိဖို့ လိုအပ်ပါတယ်´´ဟု ဦးနိုင်ဟံသာက ရှင်းပြသည်။

အခြေခံဥပဒေ နှင့် ပတ်သက်၍ UNFC နှင့် ချည်းကပ်သည့်  လမ်းစဉ်မတူသော်လည်း  အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် နှင့် UNFC သဘောထား မကွဲလွဲကြောင်း၊ အဓိကမှာ စစ်မှန်သော ပြည်ထောင်စု စနစ် တရပ် ပေါ်ထွန်းရေး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

“ ဒီကိစ္စပေါ်မှာ အခြေခံပြီးတော့ စိတ်ဝမ်းကွဲတာ လုံးဝမရှိပါဘူး။ အားလုံးလိုလားတာက စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုပဲ။ အဲဒီ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ဖို့ဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဒီပုံစံနဲ့  တော့ မရဘူးဆိုတာ ကျမတို့ အားလုံး လုံး၀ သဘောတူတယ်။ အားလုံးအတူတူလက်တွဲပြီးတော့ ငြိမ်းချမ်းရေး ရအောင် လုပ်ရမယ်။ အားလုံးလက်တွဲလုပ်မှ အန်တီတို့ လိုချင်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ဖြစ်လာမှာ။ တိုင်းရင်းသား တွေရဲ့ လိုအပ်ချက်ကို အန်တီအနေနဲ့ အမြဲတန်းဖြည့်ဆည်းပေးမှာပါ´´ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောဆိုသည်။

UNFC သည် ယနေ့ ၂၅ ရက်နေ့ မွန်းလွဲပိုင်း၊ ရန်ကုန်မြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုဌာနချုပ်ရုံးတွင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) မှ ခေါင်းဆောင် များ နှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးတွဲ အကောင်အထည်ဖော်သွားရန် သဘောတူညီကြသည်ဟု ယနေ့ ကြေညာချက်တရပ် ထုတ်ပြန်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading