ဧရာရွှေဝါ စိုက်ပျိုးရေးကုမ္ပဏီက ဧရာဝတီတိုင်းဒေသကြီး အစိုးရထံ ပြန်လည် အပ်နှံထားသည့် မြေဧက ၄ သောင်းကျော် အနက် ဧက ၂ သောင်း ၈ ထောင်ကျော်ကို လယ်သမားများထံ ပေးအပ်ပြီးဖြစ်ကြောင်း ဧရာဝတီတိုင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနက ပြောသည်။
ဧရာရွှေဝါကုမ္ပဏီက လုပ်ကိုင်ခွင့်ယူပြီး ၁၉၉၈ ခုနှစ်က သိမ်းယူခဲ့သည့် မြေဧက ၄၁,၂၀၀ အား ဧရာဝတီတိုင်း အစိုးရထံ ပြန်လည်အပ်နှံခဲ့ရာ လက်ရှိအချိန်အထိ တိုင်းအစိုးရ အစီအစဉ်ဖြင့် လယ်မြေ ၂၈,၉၅၁ ဧက ပြန်ပေးပြီးဖြစ်ကြောင်း တိုင်းဒေသကြီး ကြေးတိုင်နှင့် မြေစာရင်းဌာန ဦးစီးမှူး ဦးကျော်ထင်က ဧရာဝတီကို ပြောသည်။
“အခုပြန်လည် အပ်နှံထားတဲ့ ဧရိယာတွေထဲက ပြန်လည် ချထားပေးဖို့ ဧက ၆၀၀၀ ဝန်းကျင် လောက်ပဲ ကျန်တော့မှာပါ။ တော်တော်များများက ပြဿနာမရှိဘဲ ငြိမ်းချမ်းစွာနဲ့ ခွဲဝေပေးပြီးလည်း ဖြစ်ပါတယ်” ဟု သူက ပြောသည်။
လယ်သမားများထံ ပြန်လည်ပေးအပ်သည့် မြေဧကများမှာ ကန်ကြီးထောင့်မြို့နယ်တွင် ၃,၇၇၉ ဧက၊ ကျောင်းကုန်းမြို့နယ်တွင် ၇,၅၀၈ ဧက၊ ရေကြည်မြို့နယ်တွင် ၇,၃၁၈ ဧကနှင့် သာပေါင်းမြို့နယ်တွင် ၁၀.၃၄၆ ဧက ဖြစ်ကြောင်း တိုင်းကြေးတိုင်နှင့် မြေစာရင်းဦးစီးမှူးက ပြောသည်။
တိုင်းအစိုးရက လယ်များပြန်ပေးခဲ့ရာ၌ ယခင်ကတည်းက ဧရာရွှေဝါ ကုမ္ပဏီကို သီးစားခပေး၍ အကျိုးတူ စိုက်ပျိုးလုပ်ကိုင်ခဲ့သည့် ယူနစ်လယ်သမားများသာ လယ်လုပ်ခွင့်ရနေပြီး လယ်သိမ်းခံခဲ့ရသည့် မူလပိုင်ရှင် လယ်သမားအများစု ယနေ့တိုင် လယ်ပြန်မရသေးကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
“တိုင်းအစိုးရက ပြန်ပေးတယ်ဆိုပေမယ့် လယ်တွေက ဧရာရွှေဝါနဲ့ အကျိုးတူပူးပေါင်း လုပ်နေတဲ့သူတွေလက်ထဲ ရောက်နေတယ်။ မူလဆုံးရှုံးတဲ့ နွမ်းပါးတဲ့တောင်သူတွေ လက်ထဲကို မရောက်ဘူး။ တဆင့်ခံယူထားတဲ့ လက်ကြီးသမား၊ သူဌေးလယ်သမားတွေ လက်ထဲမှာပဲ ရောက်နေတာ” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သာပေါင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက ပြောသည်။
ကုမ္ပဏီမှ ပြန်လည်အပ်နှံသည့် လယ်ယာမြေများမှာ ရပ်ကွက်နှင့် ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များထံ ရောက်ရှိလာပြီးနောက် လယ်လုပ်ခွင့်ကို မူလပိုင်ရှင် လယ်သမားအား ချမပေးဘဲ ယူနစ်လယ်သမားကိုသာ
ချထားပေးခဲ့သည့် အတွက် အောက်ခြေတွင် လယ်ယာမြေအငြင်းပွားမှု အမြောက်အမြား ဖြစ်ပွားနေကြောင်း အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရေကြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေးက ပြောသည်။
“ကျမတို့ ရေကြည်မြို့နယ်တင် မဟုတ်ဘူး။ ဧရာဝတီတိုင်းထဲမှာ ဧရာရွှေဝါ ပြန်ပေးတဲ့ လယ်အားလုံးရဲ့ ၉၅ ရာခိုင်နှုန်းက
မူလလက်ငုပ် လယ်သမားလက်ထဲကို ပြန်မရောက်ဘူး။ အဲဒါ သေချာတယ်။ အောက်ခြေမှာလည်း လယ်ယာမြေ အငြင်းပွားမှုတွေက အများကြီး ဖြစ်နေတာ” ဟု သူက ပြောသည်။
လယ်များပြန်ပေးရာတွင် မူလပိုင်ရှင် လယ်သမားနှင့် လက်ရှိလုပ်ကိုင်နေသူ လယ်သမားတို့ အငြင်းပွားမှု မရှိစေရန်
ရပ်/ကျေး မြေယာစီမံခန့်ခွဲမှုအဖွဲ့များ၊ မြေအသုံးချမှု စီမံခန့်ခွဲရေး အဖွဲ့များနှင့် ရပ်ကျေး အထောက်အကူပြု ကော်မတီများ ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက် ဖြေရှင်းပေးနေကြောင်း ကြေးတိုင်နှင့် မြေစာရင်းဌာနမှူး ဦးကျော်ထင်က ပြောသည်။
“လယ်သမားတွေ ပြန်ပေးရာမှာ တချို့နေရာတွေမှာ ပေးဖို့ခက်တဲ့ အနေအထားရှိတယ်။ အဲဒါကတော့ တချိန်က လုပ်ကိုင်ခဲ့တဲ့ မူလလက်ငုပ်ရယ်။ လက်ရှိ မြေပြင်ပေါ်မှာ လုပ်ကိုင်နေသူ လက်ရှိ လက်ငုပ်ရယ် ဒီ ၂ ဦး အငြင်းပွားပြီးတော့မှ ဘယ်သူ့ကို လုပ်ပိုင်ခွင့်ပေးရမလဲ ဆိုတာကို ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိတယ်။ အဲဒီလိုမှ ညှိုနှိုင်းလို့မရရင် ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဆီမှာ မူလမြေယာမှုခင်း ဖွင့်လှစ်ဖို့ ဒီလိုပဲ ဆောင်ရွက်နေတာတွေ ရှိပါတယ်” ဟု သူက ပြောသည်။
လယ်မြေများနှင့် ပတ်သတ်၍ ဧရာရွှေဝါနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခဲ့သည့် လက်ငုပ် လယ်သမားအား ထည့်သွင်း စဉ်းစားရန် မလိုအပ်ကြောင်း သာပေါင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက ဆိုသည်။
“မူလသိမ်းသွားတာ ဘယ်သူ့လက်ထဲက သိမ်းသလဲ။ မူလသိမ်းသွားတဲ့လူ လက်ထဲ ရောက်အောင် ပြန်ထည့်ပေးရမှာပေါ့။ လက်ရှိလက်ငုပ် ဆိုတာက ဧရာရွှေဝါကသူ့ကို အငှားချထားလို့ သူက လက်ငုပ်ဖြစ်နေတာလေ။ သူတို့ကကြားလူပဲ။ ဧရာရွှေဝါနဲ့ လယ်သိမ်းခံရတဲ့ လယ်သမားကြားမှာ ကြားလူဖြစ်တဲ့ ယူနစ်သမားတွေကို ထည့်စဉ်းစားဖို့ မလိုအပ်ဘူးလို့ ကျနော်ထင်တယ်” ဟု သူက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရက ၁၉၉၈ ခုနှစ်တွင် ရေကြီးကွင်း၊ ရေနက်ကွင်း၊ မြေလွတ်မြေရိုင်းများ ဖော်ထုတ်ရေး စီမံကိန်းအဖြစ် ဧရာရွှေဝါကုမ္ပဏီအား
ဧရာဝတီတိုင်းရှိ ရေကြည်၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ ဒါးက၊ သာပေါင်းစသည့် မြို့နယ်များမှ မြေဧက ၄ သောင်းကျော်ကို လုပ်ကိုင်ခွင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းစီမံကိန်းကို အကြောင်းပြု၍ ဧရာရွှေဝါ ကုမ္ပဏီက မြေခွန်ပြေစာ၊ သီးစားပြေစာများရှိသည့် ဒေသခံ လယ်သမားတို့၏ လယ်ယာမြေဧက သောင်းနှင့်ချီ၍ သိမ်းယူခဲ့ပြီး လျှော်ကြေး အနည်းငယ်သာ ပေးအပ်ခဲ့ကြောင်း၊
ဧရာရွှေဝါ ကုမ္ပဏီကြောင့် ဧရာဝတီတိုင်းမှ လယ်သမား မိသားစု အမြောက်အမြား ဘဝပျက်ခဲ့ကြကြောင်း လယ်သမားအရေး ကူညီပေးနေသူ လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက်မှ ကိုမြင့်နိုင်က ပြောသည်။
“ဧရာရွှေဝါကို ပေးလိုက်တဲ့ စီမံကိန်းက မြေလွတ်မြေရိုင်းနဲ့ ရေနက်ကွင်း ဖော်ထုတ်ဖို့ ပေးလိုက်တာ။ အဲဒီထဲမှာ သီးစားတွေ ပါသွားတယ်။ အဲတော့ သီးစားလယ်မြေတွေကို မူလလက်ငုပ် လယ်သမားကို မဖြစ်မနေ ပြန်ပေးပါ။
လယ်သမားတွေ စောင့်ခဲ့ရတာလည်း ကြာပါပြီ။ ကြာလာရင် မငြိမ်းချမ်းတဲ့ အခြေအနေတွေ ဆူပူမှုတွေ ဖြစ်လာနိုင်ပါတယ်” ဟု သူက ပြောသည်။
ဧရာရွှေဝါ ကုမ္ပဏီက ၎င်းတို့ လုပ်ပိုင်ခွင့်ရမြေဧက ၄ သောင်းကျော်အား ကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇ ကိုယ်တိုင် လက်မှတ်ထိုး၍ ဧရာဝတီတိုင်း အစိုးရထံ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက် နေ့တွင် ပြန်လည်အပ်နှံခဲ့သည်။
အစိုးရထံ မြေများအပ်နှံ၍ ၁ နှစ်နှင့် ၄ လ ကြာမြင့်သည့်တိုင် မူလပိုင်ရှင် လယ်သမားများ ပြန်လည် မရရှိသေးဘဲ ဖြစ်နေသည်။