နိုင်ငံရေးအကျဉ်းသားတွေ ကုန်စင်အောင် လွှတ်ပေးသွားမယ်လို့ အစိုးရက ထုတ်ဖော်ပြောဆိုခဲ့တဲ့နောက်၊ ဒီလ တတိယ ပတ်ထဲမှာ အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် နိုင်ငံတော် ပုန်ကန်မှုနဲ့ နှစ်ရှည်ထောင်ကျနေတဲ့ အာဏာ ရှင်ဟောင်း ဦးနေဝင်း မျိုးဆက်တွေ အပါအဝင်၊ နိုင်ငံရေး အကျဉ်းသား တချို့လည်း လွတ်မြောက် လာခဲ့ပါတယ်။
လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေအနက် အမျိုးသမီး နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဒေါ်နော်အုန်းလှလည်း ပါဝင်ခဲ့ပါတယ်။
လက်ပံတောင်းအရေးနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားခဲ့တဲ့ ဒေါ်နော်အုန်းလှကို အခုနှစ် သြဂုတ်လ ၂၉ ရက်နေ့မှာ နိုင်ငံတော် ကို အကြည်ညိုပျက်စေအောင် ပြုလုပ်တဲ့အတွက် ဆိုပြီး ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ် ခဲ့ပါတယ်။
ဒေါ်နော်အုန်းလှဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် လက်ပံတောင်းတောင် စီမံကိန်းနဲ့ပတ်သက်ပြီး မုံရွာ မြို့ပေါ်မှာ ဆန္ဒ ထုတ်ဖော်ရင်း အဖမ်းခံခဲ့ရာကနေ ထောင်ဒဏ် အပြစ်ပေး ခံလိုက်ရတာပါ။
သူဟာ အခုနှစ် နိုဝင်ဘာ ၁၅ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်တုန်းကလည်း ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်က မကွေး ပရိယတ္တိ စာသင်တိုက်မှာ ဆွမ်းကပ်ပြီးအပြန် ၅၀၅(ခ) ပုဒ်မနဲ့ပဲ ပထမအကြိမ် ထောင် ဒဏ် ၂ နှစ် အပြစ်ပေးခြင်း ခံခဲ့ရပါသေးတယ်။ ၂၀၁၁ ခုနှစ် မေလအတွင်းကမှ ထောင်ကပြန်လွတ်လာပြီး နိုင်ငံရေးလှုပ်ရှားမှုတွေ ပဲ ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။
ဒုတိယ အကြိမ် ပြန်လည် လွတ်မြောက်လာတဲ့ ဒေါ်နော်အုန်းလှရဲ့ ထောင်တွင်း အတွေ့အကြုံတွေကို ဧရာဝတီ သတင်းထောက် စနေလင်းက တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ လက်ပံတောင်းမှာ ဆန္ဒပြခဲ့ပြီး ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ကျခဲ့ရတဲ့ အဖြစ်အပျက်ကို အရင်ဦးဆုံး ပြောပြပေးပါလား။
ဖြေ။ ။ ၂၀၁၃၊ သြဂုတ် ၅ရက်က လက်ပံတောင်းမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်နဲ့ ပတ်သက်ပြီး နောက်ပိုင်း အဲဒီဒေသမှာ မအေးချမ်းဘူး ဖြစ်ခဲ့တယ်။ တော်ကြာနေ ရွာကိုဝင်စီးတော့မယ်ဆိုတဲ့ အနေအထားတွေက ဆက်တိုက်ရှိနေတယ်။ ကျမ လက်ပံတောင်း ရောက်တော့ ဆန္ဒပြဖို့ကို ၁ ကြိမ်တင်တယ်။ ဒါပေမယ့် ကျမ မတင်ခင်မှာ လက်ပံတောင်း ဒေသခံ တွေက ၈ ကြိမ်ရှိပြီတင်နေတာ။ ခွင့်ပြုချက် မရကြဘူး။ ကျမက ကိုယ့်တယောက်တည်း ဆန္ဒပြတဲ့အခါမှာ ဘယ်တုန်းကမှ စာတင်လေ့ မရှိဘူး။ ဆန္ဒထုတ်ဖော်တဲ့ ဥပဒေမှာက ၁ ယောက်ထက်ပိုမှ တင်ရတဲ့အတွက် အရင်က မတင်ဘူး။
ဒီတကြိမ်မှာတော့ တင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတခါလည်း ငြင်းပယ်ခံရတယ်။ ဒေသခံတွေကို ကျမဆန္ဒပြဖို့ စာတင်ထား တယ် လို့ပဲပြောတာ။ ကျမက သူတို့ကို မလိုက်ပါနဲ့လို့ ပြောလို့မှမရတာ။ ကျမက ပြချင်လို့ပြတယ်။ သူတို့ လိုက်ချင်တာ၊ မလိုက်ချင်တာက သူတို့ကိစ္စလေ။ အဲဒီ ၁၃ ရက်နေ့မနက်က ကျမက မုံရွာက ဘုန်းကြီးကျောင်းသွား၊ ပြီးတော့ ကံကုန်းရွာ၊ စံပယ်တောင်ဘက်ကို ဆိုင်ကယ်နဲ့သွားတယ်။ ပြီးတော့မှ မုံရွာမြို့ထဲကို ချင်းတွင်းမြစ်ကူးတံတားကနေ ဖြတ်လာခဲ့တာ။ ကျမ အသိအိမ်တအိမ်မှာ ရေချိုး၊ ထမင်းစားပြီးတော့မှ ဇက်ဆိပ်မှာဆင်းပြီးတော့ လမ်းလျှောက်တဲ့အခါမှာ ရွာကလူတွေ လိုက် လာတယ်။ လမ်းစလျှောက်ခါစပဲ ရှိသေးတယ်။ ရဲတွေက လာတားတယ်။
ကျမက တယောက်တည်း လျှောက်တာပြောတော့ သူတို့က မဟုတ်ဘူး၊ အများကြီး လျှောက်နေတာတဲ့။ ကျမက သူတို့ဘာသာ လိုက်လာတာ။ ကျမကတော့ ကျမတယောက်တည်း လမ်းလျှောက်တာလို့ အခြေအတင် ဖြစ်ကြရောပေါ့။ ရဲတွေက ကျမကို ပြန်ခိုင်းတယ်။ ကျမက ဆက်သွားမယ်ဆိုတော့ တယောက်တည်း သွားတဲ့။ ကျမလည်း တယောက်တည်းသွားမယ် လုပ်တော့ ပေးမသွားပြန်ဘူး။ အဲဒီမှာ ကျမကို ရဲတွေက အတင်းဆွဲရော။ ၃ ကြိမ်တောင်ဆွဲတာ။ ပထမ အကြိမ်ဆွဲတော့ ရွာသားတွေက ကျမကိုပြန်ဆွဲယူတယ်။ အဲဒီမှာ ဖုန်းတွေလာနေတော့ ကျမက လက်ခံပြောတယ်။
အဲဒီမှာ ကျမ ကို အတင်းဆွဲတာ။ အကျႌတွေပါ ပြုတ်ထွက်တဲ့အဖြစ် ရောက်တယ်။ ကျမ တယောက်တည်း လမ်းလျှောက် ထွက်မယ် ဆိုတာကို တားတာတွေကိုလည်း တရားရုံးမှာ သူတို့ထွက်ဆိုတော့ မပါလာဘူး။ ဖုန်းလာလို့ လက်ခံစကားပြော တာကိုလည်း မုံရွာလူထုကို စည်းရုံးလှုံ့ဆော်တယ်လို့ ရဲတွေက တရားရုံးမှာ လုပ်တယ်။
မေး။ ။ မိန်းမတယောက်ဖြစ်တော့ အခုလို အကျႌတွေဘာတွေ ပြုတ်သွားတဲ့ အဆင့်ထိ ဖြစ်ခဲ့တဲ့အပေါ်ကိုရော ဘယ်လို ထင်မြင် လဲ။
ဖြေ။ ။ ဒါဟာ အကြမ်းဖက်တာပဲလေ။ ကျမတို့နိုင်ငံမှာ စစ်အစိုးရ လက်ထက်မှာတည်းက ခဏခဏ အကြမ်းဖက် ခံရ တယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက စစ်အစိုးရ ဖြစ်ခဲ့တဲ့အတွက် ကျမလက်ခံတယ်။ ဒီဘက် အရပ်သားအစိုးရ လက်ထက်မှာ မျိုးက ကျမလက်မခံဘူး။ နိုင်ငံတကာမှာရော ပြောင်းလဲလာပြီလို့ ပြောနေတဲ့ အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ သဏ္ဌာန်ကို ဖော်ပြတာပဲ။ ကျမတို့ ကိုယ်တိုင် ဒီလိုဖြစ်တာ မဆန်းပေမယ့်လို့ ကျမတို့နိုင်ငံမှာ အစိုးရတရပ်က လပေါင်း ၃၀ ကျော်တာတောင် ရဲတွေက ဘာမှ မပြောင်းလဲသေးဘူး။
မေး။ ။ အဲဒီတုန်းက တရားရုံးမှာလဲ ရုံးထွက်ဖို့ ငြင်းဆန်ခဲ့သေးတယ်နော်။ ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ။
ဖြေ။ ။ ပထမတချက်က ၂၇ ရက်နေ့ ရုံးချိန်းထုတ်တာမှာ ကျမရှေ့နေက နောက်လ ၂ ရက်နေ့ ရုံးထပ်ထွက်ဖို့ ပြောတယ်။ အဲဒီ ၂ ရက်နေ့မှာ ကျမတော့ မထွက်ဘူး။ ကျမရှေ့နေပဲ ထွက်ပါလို့ ပြန်ပြောတယ်။ ရှေ့နေနဲ့ တရားသူကြီး ဘာတွေ ပြော နေတယ် ဆိုတာ ကျမနဲ့ဝေးနေတော့ မကြားရဘူး။ ဒါပေမယ့် တကယ့်တကယ် တရားရုံးထုတ်တော့ ၂၈ ရက်နေ့နဲ့ ဆက် တိုက် ထုတ်တယ်။ အဲဒီလိုလုပ်တော့ ကျမကပိုပြီးတော့ ရုံးမထွက်တော့ဘူး။ ဖမ်းတုံးက အကြမ်းဖက်တာထက် ပိုဆိုးတယ်။ တအားကို ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့တယ်။ အကျႌ ကြယ်သီးတွေ အကုန်ပြုတ်ကုန်တာ။
ဖြစ်ပုံက ထောင်ပိုင်က ဝရမ်းမရှိလို့ ထောင်မှာလက်မခံနိုင်တဲ့အတွက်လို့ ခေါ်ပြောတော့ ရဲတွေကို ထောင်ဘူး၀ တံတားမှာ သွားအပြောမှာပဲ ရဲတွေကအတင်းဆွဲတင်ပြီး တရားရုံးကိုခေါ်လာခဲ့တယ်။ ကျမက မလိုက်ဘူး၊ ရုံးထုတ်မယ် ဆိုရင် တောင် ရှေ့နေပါမှလိုက်မယ်လို့ အတင်းရုန်းတယ်။ ဒါပေမယ့် ရှေ့နေမပါဘဲ တရားရုံး ထုတ်ခံရတဲ့အပြင် ကျမ တယောက်တည်း ကို ပဲ ထုတ်တာ။ အဲဒီလို အကြမ်းဖက်ခံရတာ၊ ဖြစ်ပျက်ခဲ့တာတွေကြောင့် စိတ်အရမ်း ဆိုးပြီးတော့ အဲဒီနေ့တည်းက စပြီး ကျမ ဘာမှ မစားတော့ဘူး။
မေး။ ။ အဲဒီထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြတာနဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်ပျက်ခဲ့တယ် ဆိုတာကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ အစာငတ်ခံ ဆန္ဒပြတာက ထောင် ၂ ထောင်လုံးပေါင်းရင် ၁၈ ရက်ကြာတယ်။ မုံရွာထောင်မှာ ၂၈ ရက်နေ့ ရုံးထုတ်၊ အမိန့်ချတဲ့နေ့ကစရင် ၁၅ ရက်ကြာတယ်။ မန္တလေးထောင်မှာ ၃ ရက်ကြာတယ်။ ၉လပိုင်း ၁၁ရက်နေ့ညမှာ မန္တလးထောင် ကို ရွှေ့တာ။ ၂၈ ရက်နေ့ ပြန်လာကတည်းက ထောင်ပိုင်ကြီးကို အစာငတ်ခံဆန္ဒပြဖို့ ပြောထားလိုက်တယ်။ ထောင်ပိုင်ကြီးက စာတင်ရမယ်လို့ပြောတော့ ကျမက စာတင်မယ်လို့ပြောပြီး တကယ်တမ်း တင်ဖြစ်တာက သမ္မတ တဦးတည်းကို လိပ်မူပြီး ဘာတွေ ကြုံတွေ့ရတယ်၊ ဘာ့ကြောင့် အစာငတ်ခံ ဆန္ဒပြရတယ် ဆိုတာကို တိုင်တဲ့စာပဲ တင်လိုက်တယ်။
အဲဒီစာတင်တဲ့ အချိန်က အစာငတ်ခံတာ ၂ ရက်ရှိနေပြီဖြစ်တဲ့ အတွက်ကြောင့် ဦးခေါင်းက နည်းနည်းမူးနေခဲ့တယ်။ မုံရွာထောင်မှာ အစာငတ်ခံ ဆန္ဒပြတာ ၄ ရက်မြောက်မှာ ဆရာဝန် ရောက်လာတယ်။ အချိုဓာတ် လိုအပ်ရင် အချိုသွင်းရမယ်၊ မူး လာရင် ဘာလုပ်ရမယ် ဆိုပြီး ဆရာဝန်နဲ့ သဘောတူညီချက် ရယူလိုက်ရတယ်။ မန္တလေးထောင် ရောက်တော့လဲ အစာငတ်ခံ ဆန္ဒပြတာကို စာထပ်တင်ရသေးတယ်။ မန္တလေးထောင် ရောက်တော့ ဆေးစစ်တယ်။ သွေးပေါင်ချိန်တာက မနက် တခါ၊ ညနေတခါ ချိန်တယ်။ တကယ်တမ်း ပြောရရင် ၁၈ ရက်ကြာတာတောင် ကျမက ဘာမှမဖြစ်ဘူး။ ညဘက်မှာ လေအန်တာ လောက်ပဲ ရှိတယ်။
မန္တလေးထောင်မှာ ၃ ရက်ကြာလာတော့ အစာပြန်စားတယ်။ ၁၈ ရက်လုံးလုံး ဘာမှမစားခဲ့ပေမယ့် လူကလည်း ဘာမှမဖြစ် ဘူး။ အဲဒီလို အစားစာ ပြန်စားတော့မှပဲ နေမကောင်း ဖြစ်ရတော့တာပဲ။ အဲဒီကနေ အခုချိန်အထိ ဆေးကိုနေ့စဉ် သောက် နေရတယ်။
မေး။ ။ ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြတာမှာ ခြိမ်းခြောက်မှုတွေကရော ရှိလား။
ဖြေ။ ။ မုံရွာထောင်မှာရော၊ မန္တလေးထောင်မှာပါ အဲဒီလိုလုပ်လို့ ခြိမ်းခြောက်မှုတွေကတော့ မရှိပါဘူး။ မုံရွာထောင်မှာတုန်း က အစာမစားတဲ့အတွက် သူတို့ကိုယ်တိုင် စိတ်မကောင်းကြပါဘူး။ ထောင်ထဲမှာ ဒီလိုလုပ်ရင် သူတို့အတွက်လည်း အလုပ် အရမ်း ရှုပ်တယ်လေ။ နေ့စဉ်မှတ်တမ်း အသေးစိတ် တင်ရတယ်။ ကျမကလည်း သူတို့ကို နည်းနည်း တော့ သည်းခံပေးပါ၊ ကူညီပါ လို့ပြောရတယ်။ ကျမအခန်းမှာ အစားအစာတွေ လာပေးတာကို အကုန်သူများကို ဝေပေးလိုက်တယ်။ ဘာမှမထားဘူး။ သကြားနဲ့ရေ၊ ဆေးကလွဲလို့ ဘာမှမထားဘူး။ မန္တလေးထောင်မှာ အစာပြန်စား တာက ကိုယ်လည်း ဒီလိုလုပ်လို့ ချက်ချင်းသေ မှာမဟုတ်ဘူး၊ အစိုးရဘက်ကလည်း ဘာမှတုံ့ပြန်မှု မရှိသေးတာ ကြောင့် ပြန်စားတာ။ ၁၈ ရက်လုံးလုံး အစာမစားခဲ့ပေမယ့် ဘာမှမဖြစ်တာကို အရမ်းအံ့သြကြတယ်။ ကျမကိုယ်တိုင် လည်း ၅ ရက်လောက်ဆို လဲမယ်လို့ထင်ထားတာ။ မန္တလေးထောင် မှာ အစာပြန်စားတော့ သူတို့အရမ်းကို ဝမ်းသာကြတယ်။
မေး။ ။ အရင်အစိုးရ လက်ထက်တုန်းကလည်း ထောင်ကျခဲ့ဖူးတော့ အခု ထောင်ထပ်ကျတာမှာ ထောင်ထဲနေရတဲ့ အနေ အထား ဘာတွေ ကွာခြားတာကို တွေ့ရလဲ။
ဖြေ။ ။ ၁၉၉၈ ခုနှစ်ထောင်ထဲ စရောက်တုန်းက ခေါင်းစွပ်နဲ့ သွားရတဲ့ အခြေအနေပဲ။ ဘယ်သူနဲ့မှလည်း မတွေ့ရ၊ ဘယ်သူ နဲ့ မှလည်း စကားမပြောရဘူး။ အခုနောက်ပိုင်း တဖြည်းဖြည်း ပြောင်းလာတာမှာ၊ အခုချိန်မှာ ထောင်ပုံစံက ပြောင်းလဲနေပါပြီ။ အရင်လောက် မကြပ်တည်းတော့ဘူး။ အရင်က ခြင်ထောင်မပေးတာမှာ အခုခြင်ထောင် ပေးတယ်။ ထောင်ထဲမှာက ထောင်စည်းကမ်းလို နေရပေမယ့် ဆရာဝန်တွေကအစ ပြောင်းလဲသွားတာ သိသာတယ်။ ကျမက အသားဓာတ် လိုနေတဲ့အတွက် နေ့စဉ်ကြက်သားဟင်း ရတယ်။
မေး။ ။ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချခဲ့တာကို ဘာကြောင့် အယူခံ မဝင်ခဲ့ရတာလဲ။
ဖြေ။ ။ ၂၀၀၉ ခုနှစ်မှာ ဒီအမှု ၅၀၅ (ခ) နဲ့ ထောင်ဒဏ်ခံရတုန်းက အယူခံဝင်ခဲ့ဖူးပါတယ်။ ရှေ့နေက အယူခံဝင်ဆိုလို့ ဝင်ခဲ့ လိုက်တာ။ ဒါပေမယ့် ဘာမှ မထူးခဲ့ပါဘူး။ ဒီတကြိမ်တော့ အယူခံဝင်ရင်လည်း ဘာမှထူးမှာမဟုတ်တဲ့အတွက် မဝင်တော့တာ။ ရှေ့နေကတော့ ဝင်ခိုင်းပေမယ့် ကျမကိုယ်တိုင် မဝင်တော့တာ။ သူတို့က ထောင်ချချင်လို့ ချတာပဲလို့ ခံယူထားတယ်။
မေး။ ။ အခု လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်လိုက်တဲ့ အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ အခုလို ကိုယ်လွတ်လာပေမယ့် ဝမ်းသာစရာမရှိပါဘူး။ ထောင်ထဲမှာက ကျန်ခဲ့သေးတာပဲလေ။ နောက်တချက် က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တကယ်လွှတ်ပေးချင်ရင် အကုန်လုံးကို လွှတ်ပေးလိုက်ပါ။ ဟိုနည်းနည်း၊ ဒီနည်းနည်း မလုပ်စေချင် ဘူး။ နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်တဲ့သူအားလုံးကို တကယ် စိတ်ကောင်းစေတနာရှိရင် လွှတ်လိုက်ပါ။ အခုက အဲဒီ လို လုပ်နေတာ မဟုတ်ဘူး။ ကျမအမြင်ကတော့ အစိုးရက နိုင်ငံတကာ ဖိအားနည်းနည်းလာမှ ဒီလိုလေးလုပ်နေတာ ပြည်သူတွေကို အခုအချိန်ထိ ပြန်ပေးဆွဲထားတယ် လို့ပဲ မြင်တယ်။ အစိုးရတရပ်က ပြောင်းလဲနေပြီဆိုရင် စေတနာရှိရှိနဲ့ အကုန်လုံးကို လွှတ် ပေး လိုက်ပါလား။ နိုင်ငံရေးမှာ တူတာ၊ မတူတာ ရှိနေတာပဲလေ။
မေး။ ။ အခု အစိုးရက ဒီ ၂၀၁၃ ခုနှစ်အကုန်မှာ နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာလုံးဝမရှိ ရတော့ပါဘူးလို့ ပြောနေ တယ်။ အဲဒီအပေါ်မှာရော ဘာပြောချင်လဲ။
ဖြေ။ ။ မဖြစ်နိုင်ဘူး။ နောင်လည်း ရှိဦးမှာပဲ။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၈၊ ၂၉ ရက်နေ့မှ လွှတ်ပြီးတော့ နောင်နှစ်တွေမှာလည်း ဒါမျိုး ရှိလာဦးမှာပဲ။ အခု ပုဒ်မ ၁၈ နဲ့မပြတ်သေးတဲ့ အမှုတွေ ရှိနေသေးတယ်။ တကယ်လို့ စေတနာ မှန်မှန်လေးနဲ့ အစိုးရတရပ်က လုပ်ပေးချင်လို့ရှိရင် အမှုအားလုံး ပိတ်သိမ်းလိုက်လေ။
မေး။ ။ အခု ထောင်ကထွက်လာပြီ။ ဘာဆက်လုပ်ဖို့ ရည်မှန်းထားလဲ။
ဖြေ။ ။ ကျမ နဂိုကတည်းက လုပ်နေကျ မတရားမှုတွေကို ကူညီတာတွေ၊ အမျိုးသမီးတွေ မတရား ဖိနှိပ်ခံရတာတွေကို ကူညီဖို့၊ အထူးသဖြင့် လယ်သမားတွေနဲ့ ပတ်သက်လို့ ဥပဒေရေးရာတွေ၊ အသိပညာတွေ တိုးတက်လာအောင်၊ ရှိနေတဲ့ လယ်သမား ဥပဒေတွေရဲ့ ကောင်းကျိုးတွေ၊ ဆိုးကျိုးတွေကို ဆက်လုပ်ရမယ်။ ။