ဗုဒ္ဓဖွားမြင်ရာ ရက်စွဲသည် ရာစုနှစ်တခု နီးပါးမျှ နောက်သို့ဆုတ်သွားစေနိုင်သည့် အထောက်အထားများ နီပေါနိုင်ငံ လုမ္ဗီနီတွင် ရှာဖွေတွေ့ရှိ ခဲ့သည်။
နာမည်ကျော် National Geographic မဂ္ဂဇင်းက ဗုဒ္ဓဖွားမြင်ရာနေရာအဖြစ် ထင်ရှားပြီး ဘုရားဖူးများ လာရောက်ကြသည့်နေရာဖြစ်သည့် နီပေါနိုင်ငံ လုမ္ဗီနီရှိ မာယာဒေဝီကျောင်းတော်တွင် ဘီစီ ၅၅၀ ခန့်တွင် တည်ဆောက်ခဲ့သည်ဟု ယူဆရသည့် ရှေးအကျဆုံးသော အထောက်အထားများကို ရှေးဟောင်း သုတေသန မြေတူး ပညာရှင်များက တွေ့ရှိခဲ့ကြောင်း သတင်းပေးပို့ထားသည်။
ထိုတွေ့ရှိချက်က ဗုဒ္ဓဖွားမြင်သည့်နေ့သည် ပညာရှင်အများအပြားက လက်ခံထားသော နေ့ထက် ရှေ့ကို ရာစုနှစ်တခုခန့် ပိုစောကြောင်း ညွှန်ပြနေသည်ဟု သတင်းက ဆိုသည်။
“ဗုဒ္ဓဟာ ဘယ်ကာလမှာ နေထိုင်သွားခဲ့တာလဲ ဆိုတာကို အကြီးအကျယ် အချေအတင် ငြင်းခုန်ခဲ့ကြရပါတယ်။ ခုအချိန်မှာ ကျနော်တို့ တွေ့ရှိခဲ့တဲ့ တည်ဆောက်ပုံကတော့ ဘီစီ ၆ ရာစုလောက်ကို ညွှန်ပြနေပါတယ်” ဟု လေ့လာသူအဖွဲ့ ခေါင်းဆောင်ဖြစ်သော အင်္ဂလန်နိုင်ငံ Durham တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင် Robin Coningham က တနင်္လာနေ့တွင် ထုတ်ဝေခဲ့သော Antiquity ဂျာနယ်သို့ ပြောကြားခဲ့ကြောင်း သတင်းက ဆိုသည်။
ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်ရှိ ဘာသာကြီးများထဲက တခုဖြစ်ပြီး ကိုးကွယ်ယုံကြည်သူ သန်း ၃၅၀ ကျော်ရှိပြီး အများစုမှာ အာရှ အရှေ့ပိုင်းတွင် နေထိုင်ကြသည်။
ရိုးရာယုံကြည်မှုအရ လုမ္ဗီနီတွင် သည် ဗုဒ္ဓ၏ မယ်တော်ဖြစ်သူ မာယာဒေဝီက သစ်ပင်တပင်ကို ဆုပ်ကိုင်အားယူရင်း နောင်အခါ တွင် ဗုဒ္ဓဖြစ်လာမည့် သိဒ္ဓတ္ထ ဂေါတမ မင်းသားကို မွေးဖွားခဲ့သည့် ဥယျာဉ်နေရာဖြစ်သည်။
ဗုဒ္ဓဖွားမြင်ရာ နေ့ရက်အတိအကျသည် အငြင်းပွားဖွယ်ရာများရှိနေသည်။ နီပေါ အာဏာပိုင်များက ဘီစီ ၆၂၃ ခုနှစ် ဟု လက်ခံထားကြပြီး အခြားယုံကြည်မှုများက ပို၍ နောက်ကျသော ဘီစီ ၄၀၀ ခုနှစ်ဝန်းကျင်ဟု သတ်မှတ်ကြသည်။
ဘီစီ ၂၄၉ ခုနှစ်မှ စ၍ လုမ္ဗီနီသည် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာဖြစ်သော သံဝေဇနိယ လေးဌာန အနက်မှ တခု ဖြစ်လာသည်။ ဗုဒ္ဓဘာသာကို အာရှတလွှားသို့ ပျံ့နှံ့အောင် ဆောင်ရွက်ခဲ့သော အိန္ဒိယ ဧကရာဇ် အသောကက ဘီစီ ၂၄၉ ခုနှစ်တွင် ကဗ္ဗည်းကျောက်တိုင် စိုက်ထူ၍ အလေးအမြတ်ထားရမည့် နေရာအဖြစ် သတ်မှတ်ခဲ့သည်။
နောက်ပိုင်းတွင် တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပြီး ၁၈၉၆ ခုနှစ်တွင်မှာ ပြန်လည်တွေ့ရှိကာ ဝတ်ပြုရန်အတွက် မာယာဒေဝီ ဘုရားကျောင်း အဖြစ်ပြန်လည်တည်ထောင်ခဲ့သည်။ အခုအခါ မာယာဒေဝီ ဘုရားကျောင်းကို ကမ္ဘာ့ အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခြင်းခံထားရပြီ ဖြစ်သည်။
လာရောက်ကြည့်ရှု့ကြသူများကိုလည်း အတားအဆီးမဖြစ်စေဘဲ Robin Coningham နှင့်လုပ်ဖော်ကိုင်ဖက်များက UNESCO အဖွဲ့ ဂျပန်နှင့် နီပေါအစိုးရများ၏ ထောက်ပံ့ ကူညီမှုဖြင့် လုမ္ဗနီမှ အခြေအနေများကို မှတ်တမ်း မှတ်ရာများ စုဆောင်းခြင်းနှင့် အသောက ခေတ်လက် ကျန် အုတ်လွှာများ အောက်ကို တူးဖော်ပြီး သမိုင်းကို စူးစမ်းလေ့လာခြင်းများ ပြုလုပ်နေသည်။
အဆိုပါလေ့လာမှုကို အမျိုးသား ပထဝီဝင်အသင်းကြီး (National Geographic Society) ကလည်း ထောက်ပံ့ ကူညီပေး နေသည်။
နိုင်ငံတကာ ရှေးဟောင်းသုတေသနပညာရှင်များ ပါဝင်သည့် အဖွဲ့က လက်ရှိကျန်နေသည့် ဘုရားကျောင်း၏ အုတ်ရိုးများ အောက်ဖက်ကို တူးဖော်ပြီး လေ့လာခဲ့ကြသည်။ အဆိုပါ မာယာဒေဝီကျောင်းသို့ နှစ်စဉ် ဘုရားဖူးများ သိန်းနှင့် ချီ၍ လာရောက်ကြသည်။
“ကျနော်တို့ ဒီနေရာကို လေ့လာစူးစမ်းဖို့ အခွင့်အရေးအလုံးစုံနီးပါး ရရှိထားပါတယ်။ နောက်မျိုးဆက်တွေ ထပ်ပြီးတော့ လေ့လာစရာ မလိုတော့လောက်အောင်ပါပဲ၊ ဒါကြောင့် ကျနော်တို့ အလုပ်တွေကို ဘုရားဖူးလာသူတွေ ရှေ့မှာပဲ ထင်သာ မြင်သာ လုပ်ခဲ့ပါတယ်။ သူတို့ကလည်း ကျနော်တို့ အလုပ်လုပ်နေတာကို လိုက်ကြည့်ကြပါတယ်” ဟု Coningham ကပြောသည်။
တူးဖော်လေ့လာကြည့်မှုအရ အဆောက်အဦ၏ အုတ်ရိုးနံရံများ အောက်ဖက်တွင် ပို၍ ရှေးကျသော သစ်သားထည် အဆောက်အဦ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ ထို့ပြင် လက်ရှိ ပုံစံသည် မူလက သစ်သားဖြင့် တည်ဆောက်ခဲ့သည့် အဆောက်အဦ၏ ပုံစံကို ပုံတူကူးယူ၍ တည်ဆောက်ထားခြင်းဖြစ်သည်ဟုလည်း Coningham က ပြောသည်။
ဘုရားကျောင်း၏ အလယ်တွင်တူးဖော်ကြည့်သည့်အခါ သစ်ပင်ကို ဝိုင်းပတ်ထားသည့် သစ်သားအကာအရံများ စိုက်ထူ ခဲ့သည့် ကျင်းများကိုတွေကြရပြီး ဘီစီ ၅၅၀ ခုနှစ်ဝန်းကျင်က ဖြစ်သည်ဟုလည်း Coningham ကဆိုသည်။ အုတ်နှင့် ဆောက်လုပ်ထားသည်နေရာများ တွေ့ရသည်ဟုလည်း သိရသည်။
အမိုးမရှိသော ဘုရားကျောင်း၏ အလယ်တွင် သစ်မြစ်များ၏ ရုပ်ကြွင်းများတွေ့ရပြီး လူအသွားအလာများသဖြင့် ချောမွေ့ နေ သော ရွှံ့ခင်းကြမ်းပြင်က ဝိုင်းပတ်ထားသည်။ အထွဋ်အမြတ်ထားသည့် သစ်ပင် သို့မဟုတ် ဗောဓိပင်ဖြစ်ဖွယ်ရာရှိသည်ဟုလည်း သိရသည်။
ညောင်ပင် ကိုးကွယ်မှုကို ရှေးဟောင်း အိန္ဒိယ အစဉ်အလာတွင်တွေ့ရသော်လည်း ယခုသစ်ပင်တွင် အခြားသော အလား တူ နေရာမျိုးများလို ဆည်းကပ်ပူဇော်မှုများ ပြုလုပ်ထားသည့် အရိပ်လက္ခဏာ မတွေ့ရဟုလည်း သိရသည်။
“အဲဒီမှာ အရမ်းသန့်ရှင်းနေပါတယ်။ တကယ်တော့ ဗုဒ္ဓဘာသာရဲ့ အစဉ်အလာဖြစ်တဲ့ ငြိမ်းချမ်းမှုနဲ့ ရိုသေမှုကို ဒါက ဖော်ပြနေတာ ပါပဲ” ဟုလည်း Coningham က ပြောသည်။
၎င်းတို့ အဖွဲ့က တွင်းဟောင်းထဲမှ ရရှိသော မီးသွေးများကို ရေဒီယိုကာဗွန် သက်တန်း စစ်ဆေးပြီး ဘုရားကျောင်း၏ သက် တန်းကို မှန်းဆကြည့်ခဲ့သည်။
သစ်ပင်နေရာကို တူးဖော်စစ်ဆေးပြီးနောက် ဘီစီ ၁၀၀၀ ခုနှစ်ဝန်းကျင်ခန့်တွင် စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်ဟု Coningham က ပြောသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကဲ့သို့ အနေအထားမျိုး အဖြစ်ဖွံ့ဖြိုးလာခဲ့ချိန်မှာ ဘီစီ ၆ ရာစု တွင်ဖြစ်နိုင်သည် ဟုလည်း သိရသည်။
“အခု လေ့လာမှုကနေ တွေ့ရတဲ့ အထောက်အထားသစ်အရ ဒီရိုးရာ ဓလေ့ဟာ အသောကခတ် မတိုင်မီ ရာစုနှစ်များစွာ ကထဲက ရှိနေခဲ့တာဆိုတာနဲ့ ဒါဟာ တကယ်ကို ထူးခြားပြီး စိတ်ဝင်စားစရာ ကောင်းတယ် ဆိုတာပါပဲ” ဟု Leicester တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင် Ruth Young က ပြောသည်။
လန်ဒန် ရှိ University Collage တောင်အာရှရေးရာ ရှေးဟောင်း သုတေသနဌာနမှ ကထိကတဦးဖြစ်သော Julia Shaw က သစ်သားအကာအရံများ ဝိုင်းရံထားသည့်နေရာသည် အထွဋ်အမြတ်ထားသည့် သစ်ပင်ဖြစ်ဖွယ်ရှိသော်လည်း မှန်းဆ ချက်တခုသာ ဖြစ်သည်ဟု ဆိုသည်။
သက်တမ်းအရင့်ဆုံး ဗုဒ္ဓဘာသာဘုရားကျောင်း ဖြစ်သည်ဆိုသည့် ပြောဆိုချက်ကိုလည်း သူက သတိပေးခဲ့သည်။
“သစ်ပင်ကို ကိုးကွယ်တာ၊ ယဇ်ပလ္လင်ကို ပူဇော်တာက ရှေးဟောင်း အိန္ဒိယကိုးကွယ်ယုံကြည်မှုမှာ နေရာတိုင်းတွေ့နေကျ ကိစ္စဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ဓလေ့ထုံးစံတွေနဲ့ နဂိုရှိပြီသား ရိုးရာအစဉ်အလာ ကြားမှာ ထပ်တူဖြစ်နေတာတွေရဲ့ အတိုင်းအတာကို ထည့်တွက်မယ်ဆိုရင် သက်တမ်းရင့် သစ်ပင်တွေကို အလေးအမြတ်ထားတာက ဗုဒ္ဓဘာသာ ကိုးကွယ်မှု ကြားမှာ အဆက်အစပ်မရှိဘူးလို့ ယူဆမယ်ဆိုရင်လည်းဖြစ်နိုင်ပါတယ်” Julia Shaw ကပြောသည်။
“အခုထိတော့ ဒါက တကယ်တမ်းဆိုရင် အိန္ဒိယ ရိုးရာဓလေ့ နဲ့ ပတ်သက်တဲ့ ရှေးဟောင်းသုတေသနပညာ အတွက် နောက်ထပ်ရတာတဲ့ အသိအမြင် အသစ်တချို့လို့ပဲ ယေဘုယျအားဖြင့် ပြောလို့ရပါသေးတယ်” ဟုလည်း သူက ထပ်ပြောသည်။
အခြားပညာရှင်များက တွေ့ရှိမှုကို ဂုဏ်ပြုခဲ့ကြသော်လည်း ထပ်မံ၍ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခြင်းမရှိဘဲ ရှေးအကျဆုံး ဗုဒ္ဓဘာသာ အဆောက်အဦးတခုကို ရှာဖွေတွေ့ရှိမှု အဖြစ် အလျင်စလို သတ်မှတ်လက်ခံခြင်း မပြုရန် သတိပေးခဲ့ကြသည်။
“ရှေးဟောင်း သုတေသန ပညာရှင်တွေက သူတို့ ရှာဖွေတွေ့ရှိတာဟာ ရှေးအကျဆုံး ဒါမှမဟုတ် သက်တမ်းအရင့်ဆုံး လို့ ပြောချင်ကြတယ်လေ”ဟု အင်္ဂလန်နိုင်ငံ Leicester တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင် Ruth Young က ပြောသည်။