Human Rights

မြန်မာ့တပ်မတော်၏ မြေမြှုပ်မိုင်း အသုံးပြုမှု တိုးတက်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက မြေမြုပ်မိုင်း အသုံးပြုမှု ကျဆင်းလျက်ရှိသော်လည်း မြန်မာအစိုးရတပ်မတော်၏ မြေမြှုပ်မိုင်း အသုံးပြုမှုမှာမူ မြင့်တက်လာကြောင်း နိုင်ငံတကာ မြေမြုပ်မိုင်း အသုံးပြုမှု စောင့်ကြည့် လေ့လာ ရေး အဖွဲ့(ICBL) ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာ သိရသည်။

ICBL က မြန်မာနိုင်ငံ၏ မြေမြုပ်မိုင်း သုံးစွဲမှုအခြေအနေ စောင့်ကြည့် လေ့လာခြင်း ရလာဒ် အစီရင် ခံစာ နှင့် ပတ်သက် သော သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမတွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ပြီး အစီရင်ခံစာ ရေးသား သူ သုတေသန ပညာရှင် Mr.Yeshua Moser Paungsuwan  ကိုယ်တိုင် တက်ရောက်ရှင်းလင်းခဲ့သည်။

မြန်မာ့တပ်မတော်က မြေမြှုပ်မိုင်းအသုံးပြုမှု တိုးတက်လာခြင်းကို ၂၀၁၂ ခုနှစ် နှစ်လယ်မှ ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်း အတွင်း   လေ့လာ တွေ့ရှိခဲ့ကြောင်း၊ တပ်မတော်သည် လူသတ်မိုင်းကို ဆက်လက် သုံးစွဲနေပြီး ထပ်ဆင့်ပေါက်ကွဲ စေသော စစ်လက်နက် များကိုလည်း ယခုနှစ်တွင် ပထမဆုံးအကြိမ် အသုံးပြုခဲ့ကြောင်း၊ မြန်မာ့ တပ်မတော်၏ လက် အောက်ခံ တိုင်းရင်းသား နယ်ခြားစောင့်တပ်(BGF) များကလည်း ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်း အထိ မြေမြှုပ်မိုင်း အသုံးပြု နေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းဒေသကြီး ၉ ခုရှိ မြို့နယ်ပေါင်း ၄၉ ခု တွင် မြေမြှုပ်မိုင်း အန္တရာယ် အများဆုံး ကြုံတွေ့ နေရပြီး ကရင်နီပြည်နယ်(ကယားပြည်နယ်)ရှိ မြို့နယ် ၇ ခုလုံးတွင် လည်းကောင်း၊ ကရင်ပြည်နယ်ရှိ မြို့နယ် ၇ ခုလုံး တွင် လည်းကောင်း၊ ကချင်ပြည်နယ်ရှိ ချီဝီ၊မန်ရှီ၊ မိုးကောင်း၊ မိုးမောက်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များ တွင် လည်း ကောင်း၊ မွန်ပြည်နယ် ဘီးလင်း၊ ကျိုက်ထို၊ မော်လမြိုင်၊ သံဖြူဇရပ်၊ သထုံနှင့် ရေးမြို့များတွင် လည်းကောင်း၊  ပဲခူးတိုင်း ဒေသကြီး ကျောက်ကြီး၊ ရွှေကျင်၊ သနက်ပင်နှင့် တောင်ငူ မြို့များ တွင် လည်းကောင်း၊ ရခိုင်ပြည်နယ် မောင်တော မြို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ် ဟိုပုံး၊ ဆီဆိုင်၊ လန်ခို၊ မောက်ခိုင်၊ မိုင်းပန်၊ မိုင်းတုံ၊ မိုင်းဖြတ်၊ နမ့်ဆန်၊ တာချီလိတ်၊ နမ်ခမ်း၊ ယောက်ဆပ်နှင့် ဝမ်းဂန်မြို့များတွင် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်း၊ ထားဝယ်၊ တနင်္သာရီ ၊ သရက်ချောင်းနှင့် ရေဖြူမြို့များတွင်လည်းကောင်း၊ ချင်းပြည်နယ်ရှိ အိန္ဒိယနယ်စပ်ရှိ မြို့နယ် တချို့တွင် လည်းကောင်း မြေမြှုပ်မိုင်း အန္တရာယ် ကြုံတွေ့နေရကြောင်း အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနစ်မှ ၂၀၁၂ ခုနှစ်ကုန်အထိ မြေမြုပ်မိုင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၈၂၉ ဦးနှင့်  သေဆုံးသူ ၃၁၉ ဦး ခဲ့ပြီး အစီရင်ခံစာက ပြောဆိုထားသော်လည်း အစိုးရ ကျန်းမာရေး ဝန်ကြီးဌာနနှင့် တပ်မတော်က မြေမြှုပ်မိုင်း ကြောင့် ထိခိုက်ဒဏ်ရာရရှိသူစာရင်းကို ထုတ်ပြန်ခြင်းမရှိဟု ဝေဖန်ထားသည်။

“မိုင်း အန္တရာယ် ကြောင့် မသန်စွမ်းမှု ဖြစ်ခဲ့ရသူတွေအတွက် ၂၀၁၂ ခုနှစ်က အထောက်အကူပြု ကိရိယာ(ခြေတု၊ လက်တု စသဖြင့်) ၅၀ ရာခိုင်နှုန်းကျော် တပ်ပေးနိုင်ခဲ့တာကို တွေ့ရတယ်။ ထိခိုက်ခံရသူတွေကို ကုသပေးတဲ့ လုပ်ငန်းတွေမှာ အစိုးရက လိုက်ပါဆောင်ရွက်ဖို့ လိုအပ်နေတာကတော့ မြေကြီးလက်ခတ် မလွဲပါပဲ”ဟု Mr.Yesha Moser Paungsuwan က ပြောသည်။

မြေမြုပ်မိုင်းကြောင့် မသန်စွမ်းမှုဖြစ်ခဲ့သူများကို ကူညီထောက်ပံ့မှုများပေးလျှက်ရှိသည့် Peace Myanmar Aid (PMA) ဥက္ကဋ္ဌ ဦးသန့်ဇင်က မြေမြှုပ်မိုင်းထောင်သူများသည် အစိုးရတပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း များမှ ဖြစ်ပြီး  တချို့နေရာများတွင် ဒေသခံ ရွာသားများကိုယ်တိုင် မြေမြှုပ်မိုင်း ထောင်သူများရှိကြောင်း ပြောသည်။

“မိုင်းတွေ မထောင်ဖို့ိက အဓိက ကစစ်ပွဲဆိုတာ မရှိဖို့ လိုတယ်။ ငြိမ်းချမ်းရေးရဖို့လိုတယ်။ ငြိမ်းချမ်းရေးရရင် ဒါတွေက ပြီးသွားပြီ။ ကျနော် KNU နဲ့လည်းတွေ့တယ်။ တပ်မတော်နဲ့လည်းတွေ့တယ်။ ရွာသားတွေနဲ့လည်းတွေ့တယ်။  သူတို့က စစ်ကိုတော့ပင်ပန်းနေကြပြီ။  ငြိမ်းချမ်းချင် ကြပြီ။ ပြည်သူ့ဆန္ဒကအဓိကပဲ။ ပြည်သူ့က ဆန္ဒ ပြင်းပြလာပြီ ဆိုရင် လုပ်လို့ မရတော့ဘူး”ဟု ဦးသန့်ဇင်က ရှင်းပြသည်။

နိုင်ငံတကာ မြေမြှုပ်မိုင်း အသုံးပြုမှုစောင့်ကြည့်လေ့လာရေးအဖွဲ့ (ICBL)သည် နိုင်ငံပေါင်း ၇၀ ကျော်ရှိ အင်န်ဂျီအို အဖွဲ့အစည်းပေါင်း ၁၃၀၀ ကျော်ပါဝင်သည့် ကွန်ရက်တခုဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဗယ်ဆု ရရှိခဲ့သည်။

မြန်မာနိုင်ငံ ၊အဖဂန်နစ္စတန်၊ ကိုလံဘီယာ၊ ပါကစ္စတန်နှင့် ကမ္ဘောဒီးယား နိုင်ငံများသည် မြေမြှုပ်မိုင်းများကြောင့် သေကျေ ပျက်စီးမှု အများဆုံး နိုင်ငံများဖြစ်ကြောင်း ICBLအဖွဲ့၏ ၂၀၁၂ ခုနှစ် အစီရင်ခံစာအရ သိရသည်။

Loading