လွတ်လပ်၍ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့် အတွက် တိုက်ပွဲဝင်ခဲ့ကြသည်မှာ ယနေ့ဆိုလျှင် ၉၃ နှစ်ပင် ကြာခဲ့ပါပြီ။ ပန်းတိုင်ရောက်ရဲ့လား။
ပန်းတိုင်ကား နီးလိုက် ဝေးလိုက်၊ မှိန်လိုက် လင်းလိုက်နှင့် ၉၃ နှစ် ခရီးလမ်းကြောင်းသည် ကြမ်းတမ်းပေစွ။
ဘာကြောင့်များ ပန်းတိုင်သည် မှိန်လိုက်လင်းလိုက် ဖြစ်နေရသနည်းဟု အဖြေရှာသူများ ရှိပါသည်။ သို့သော် အဖြေသည် စာရွက် ပေါ်၌သာ ရှိနေလေ၏။ လက်တွေ့တွင် အဖြေကလည်း အားနည်းစွာ နွမ်းခွေနေလေသည်။
လွန်ခဲ့သည့် ၉၃ နှစ်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ။
ရန်ကုန်တက္ကသိုလ်ကို ကာလကတ္တား တက္ကသိုလ်မှ ခွဲထုတ်ပေးမည်ဆိုပြီး တက္ကသိုလ်အက်ဥပဒေကို ရေးဆွဲသည်။ ရေးဆွဲသူများမှာ ဗြိတိသျှ အာဏာပိုင်၊ ကိုလိုနီအစိုးရ၏ လူများဖြစ်၏။
မြန်မာနိုင်ငံကို သွေးစုပ်ချယ်လှယ်လို၍ ကျူးကျော်စစ် ၃ ကြိမ် ဆင်နွှဲပြီး သိမ်းပိုက် အရယူသွားခဲ့ကြသော ကိုလိုနီ အစိုးရသည် သူတို့ အုပ်ချုပ်ရေး လည်ပတ်နိုင်ရုံမျှ အရေအတွက် ရှိသော ပညာတတ် လူငယ်များကိုသာ အလိုရှိခဲ့၏။ ထို့ကြောင့် အရေအတွက် အနည်းငယ်သာ မွေးထုတ်နိုင်ရန် အတွက်၊ ရန်ကုန်တက္ကသိုလ် အက်ဥပဒေတွင် တက္ကသိုလ် တက်ရောက်မည့် ကျောင်းသားတိုင်း၊ ကျောင်းအိပ် ကျောင်းစားနေရမည်ဟု ပါသည်။ အခြား ဖိနှိပ်မှုများလည်း ရှိပါသည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ်တွင် တက်နေကြ သော ကျောင်းသားများသည် ဤ ဥပဒေကို သပိတ်မှောက်ရန် ဆွေးနွေး တိုင်ပင်ခဲ့ကြ၏။ ပထမ ၁၁ ဦး၊ ထို့နောက် ၂၆ ဦးဖြင့် စတင်ကာ နောက်ဆုံး ရန်ကုန် တက္ကသိုလ် တခုလုံး ပါဝင် သပိတ် မှောက်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ “ပထမအကြိမ်” ဆန္ဒပြ သပိတ်မှောက်ပွဲကြီး ပင်တည်း။
တက္ကသိုလ် အာဏာပိုင်များနှင့် ဗြိတိသျှအစိုးရသည် မြန်မာ ကျောင်းသားလူငယ်များကို အလျှော့ပေးခဲ့ရ၏။ ထို ၁၉၂၀ မှစ၍ မြန်မာ လူမျိုးတို့ စိတ်တွင် “နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်” ခိုင်မာ အားကောင်းလာခဲ့ ပေသည်။
၁၈၈၅ ခုနှစ် ပါတော်မူချိန်မှ စပြီး တိုင်းရင်းသား အသီးသီးတို့က ရရာ လက်နက်တို့ဖြင့် အင်္ဂလိပ် အုပ်ချုပ်မှုကို တော်လှန်ခဲ့ကြ သော်လည်း အင်အားမမျှသဖြင့် ၁၀ နှစ် ကြာသောအခါ ငြိမ်နေခဲ့ကြရသည်။ သို့သော် စိတ်ထဲတွင်ကား မငြိမ်နိုင်ကြရာက ၁၉၂၀ ကျောင်းသား သပိတ်ကြီးပေါ်လာသောအခါ တော်လှန်ရေးစိတ်များ ပြန်လည်ဦးမော့လာကြခြင်း ဖြစ်၏။
၁၉၃၀ တွင် တပြည်လုံး အတိုင်းအတာဖြင့် “တို့ဗမာ အစည်းအရုံး” ကြီး ထူထောင်မိသောအခါမူ၊ တော်လှန်ရေးစိတ်ဓာတ် အမျိုးသားရေး စိတ်ဓာတ်များ ပိုမိုကျယ်ပြန့်လာခဲ့ပြီး “အမျိုးသား အောင်ပွဲနေ့” ဟူ၍ သီးသီးသန့်သန့် သတ်မှတ်ရန် စဉ်းစားကြသည်။ အမျိုးသားအောင်ပွဲနေ့ အဖြစ် သတ်မှတ်ရန် နေ့ရက်နှင့် အကြောင်းအရာ များကို စဉ်းစားကြရာ ပထမဆုံး ကျောင်းသား သပိတ် စတင်ခဲ့သည့်နေ့ကို သတ်မှတ်ရန် သဘောတူခဲ့ကြသည်။ ထူးခြားသည်မှာ နေ့ကို သတ်မှတ်ရာ၌ ခရစ်သက္ကရာဇ်ကို မယူဘဲ မြန်မာ လ၊ ရက်ကို ယူခြင်းဖြစ်၏။ ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ဖြစ်ပါသည်။
ထိုအခါမှစ၍ အမျိုးသား အောင်ပွဲနေ့ ရောက်တိုင်း စည်ကားစွာ လှည့်လည်ကျင်းပခဲ့ကြ၏။ အထူးသဖြင့် တို့ဗမာ အစည်းအရုံး ဟောပြောပွဲများ ပြုလုပ်ခဲ့ကြ၏။ လူထု၏ စိတ်ကို နှိုးဆွရန် အမျိုးသားရေး စိတ်ဓာတ်ရှင်သန်စေသော တေးသီးချင်းများကိုလည်း ရေး စပ်၍ သီချင်း ဓာတ်ပြားသွင်း၍ တပြည်လုံး ဖြန့်ချိခြင်းများ ပြုလုပ်ခဲ့ကြသည်။ တို့ဗမာသီချင်း၊ ပါတော်မူ၊ သုံးရောင်ခြယ်၊ စကြာ သိုက်၊ ဓနရှင်၊ ရွှေပြည်ကြီး၊ ခေတ်ဆန်းချိန်၊ မီးဒုတ်၊ နဂါးနီ စသည့် သီချင်းများမှာ အထူးကျော်ကြားပြီး အမျိုးသားရေးကို အားပေးနိုင် ခဲ့သည်။ လူတိုင်း နှုတ်ဖျားတွင် သီဆိုခဲ့ကြရင်း အမျိုးသားစိတ် ပိုမိုထက်သန်လာခဲ့ကြသည်။
ဤအတွင်း ၁၉၄၂ ခုနှစ် ဒုတိယ ကမ္ဘာစစ်မီး မြန်မာပြည်သို့ ကူးစက်လာပြီး အင်္ဂလိပ်များ ထွက်ပြေးရချိန်၌ “အင်္ဂလိပ်အခက်၊ ဗမာ့အချက်” ဟု အချက်ကောင်းယူကာ မြန်မာ့လွတ်ရေးကို ကြိုးပမ်းခဲ့ကြ၏။ ရဲဘော်သုံးကျိပ် ဂျပန်ပြည်၌ စစ်ပညာသင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်သည်။ “ဘီအိုင်အေ” ခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော်ဖွဲ့စည်းသည်။ မြန်မာယောက်ျား လူငယ်များက “စစ်သား” များ အဖြစ် တာဝန်ယူခဲ့ကြသည်။
ဂျပန်အုပ်ချုပ်ခဲ့သည့် ၁၉၄၂ – ၄၅ အတွင်း ဂျပန်တို့၏ နှိပ်စက်ညှဉ်းပန်းမှုများ အောက်မှ လုံး၀ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လတွင်ကား ဂျပန်ကို တော်လှန်နိုင်ခဲ့၏။ သြဂုတ်လတွင် ဂျပန်တို့ လက်နက်ချသော အခါ မြန်မာနိုင်ငံ သို့ မဟာမိတ်တပ်များ ပြန်လည်ဝင်ရောက်လာပြီး အင်္ဂလိပ်တို့ပင် ထပ်မံအုပ်ချုပ်ခဲ့ပြန်သည်။ သို့သော် အမျိုးသား စိတ်ဓာတ် ခိုင်မာနိုးကြားလျက် အားကောင်းချိန် ဖြစ်သည်။ သို့ဖြင့် လုံးဝလွတ်လပ်ရေး မရမချင်း ဆက်လက် တိုက်ပွဲ ဝင်ကြရသည်။ နောက်ဆုံး ၁၉၄၈ ဇန်နဝါရီလ ကျမှသာ “အချုပ်အခြာအာဏာပိုင် လုံးဝလွတ်လပ်သော နိုင်ငံ” အဖြစ် ကြေညာနိုင်ခဲ့၏။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကား ရှည်လျားလှ၏။ ကြမ်းတမ်းလှ၏။ လမ်းခုလတ်တွင်လည်း အာဇာနည် ခေါင်း ဆောင်များကို ဆုံးရှုံးခဲ့ရ၏။ လွတ်လပ်ရေး ရပြန်တော့လည်း ကွန်မြူနစ်ပါတီ တောခိုခြင်းက စ၍ “ပြည်တွင်းစစ်” ဖြစ်လာရ ပြန် သည်။ “ဝါဒရေးရာ ကွဲပြားမှု” ၊ “သူတလူ ငါတမင်း ပြုလိုမှုများကြောင့်”ဟု တွေ့နိုင်သည်။
နယ်ချဲ့ကို တော်လှန်စဉ်က ညီရင်းအစ်ကိုအဖြစ်လက်တွဲကာ ညီညွတ်ခဲ့ကြသော ခေါင်းဆောင်များသည်၊ လွတ်လပ်ရေး ရပြီးသော အခါ လျှောက်လှမ်းမည့် လမ်းစဉ် (ဝါဒ) ကွဲပြားမှုကို ရင်ကြား မစေ့နိုင်ခဲ့ကြချေ။ ဤအချက်သည် တိုင်းပြည် အတွက် အကြီးမားဆုံး ကြေကွဲမှုကို မွေးဖွားပေးခဲ့လေသည်။
တဖန် ၁၉၆၂ ခုနှစ်တွင် စစ်အာဏာရှင်တို့၏ လွှမ်းမိုးအုပ်ချုပ်မှု စနစ်ဆိုးအောက် ကျရောက်သွားပြီး နှစ်ပေါင်း ၅၀ ကျော် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဖြစ်သွားပြီး ၂၀၁၁ မှစကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ပြန်လည် ရောက်လာပေသည်။
ယခုဆိုလျှင် မြန်မာ့လွတ်လပ်ရေး သက်တမ်းလည်း နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ။ ပထမဆုံး နယ်ချဲ့ဆန့်ကျင်ရေး သပိတ်နေ့လည်း ၉၃ နှစ် တိုင်ခဲ့ပြီ။ တိုင်းပြည်သည် “တရားမျှတ၊ လွတ်လပ်သော” ဝါဒကို ကျင့်သုံးနိုင်ပါပြီလား။
လွတ်လပ်ခြင်း။ နိုင်ငံတနိုင်ငံ၏ အသက်ဖြစ်သော ဤအချက်များကို မည်မျှဖော်ဆောင်နိုင်ပါပြီလဲ။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃၀ ကျော်ရှိနေဆဲ။
မြို့ပြ ကျေးရွာများမှာ ခရိုနီဆန့်ကျင်ရေး တိုက်ပွဲများ တိုက်ခိုက်နေဆဲ။
မြန်မာပြည်၏ ကံကြမ္မာကား ဆိုးဝါးလှသည်။
မိမိမှာရှိသည့် မြေပေါ်မြေအောက် သယံဇာတများနှင့် မိမိဘာသာချမ်းသာစွာ ရပ်တည်နိုင်ပါလျက်နှင့် ဝါဒကွဲပြားမှု၊ သူတလူ ငါတမင်း စိတ်ဓာတ်၊ ဘယ်သူသေသေ ငတေမာလျှင်ပြီးရော စိတ်ဓာတ်၊ ငါနှင့်မတူ င့ါရန်သူ စိတ်ဓာတ်တို့ကြောင့် မြန်မာပြည် ဆင်းရဲမွဲပြာ ကျနေလေပြီ။
မြန်မာတို့၏ ဆင်းရဲကြပ်တည်းမှုကို သိနေကြသည့် အိမ်နီးချင်း တချို့က အခွင့်ကောင်း ရသွားသည်။ အရှေ့ဘက် နိုင်ငံကြီးက တစိမ့်စိမ့် ဝင်လာနေသည်။ မြန်မာပြည်မြေပုံမှာ “လည်ပင်းသား”ပင် အနည်းငယ် ချိုင့်ဝင်ခဲ့ပြီးပြီ။ အပြိုင်အဆိုင် အဖြစ် အနောက်ဘက်ကလည်း သိသိသာသာ ဖိဝင်နေသည်။ ဤနေရာ ဤအချိန်တွင် အရှေ့ဘက်က အား၊ အနောက်ဘက်က အားတွေကို တောင့်မခံနိုင်လျှင် ယခင်ကမှ “ကိုလိုနီနယ်” အဖြစ် တရားဝင်ရှိခဲ့ သေးသော်လည်း ယခု အရှေ့နှင့် အနောက်က လုယူသွား၊ ဖဲ့ယူသွား ခံရလျှင်တော့ တိုင်းပြည်ရော လူမျိုးပါ တဖြည်းဖြည်း လုံးပါးပါး ပျောက်ကွယ် ရပေတော့မည်။
ယခုအချိန်သည် “သတိ” ကြီးကြီးထားရမည့် အချိန်ဖြစ်၏။ ရန်သူတွေ ဝိုင်းနေပြီ။ ကိုယ့်တိုင်းရင်းသား အချင်းချင်း၊ ကိုယ့်နိုင်ငံသား အချင်းချင်း စည်းလုံးညီညွတ်မှသာ တွန်းလှန် တင်းခံနိုင်အား ရှိမည်ကို သိထားကြရ ပါမည်။ နာတာ သာတာတွေကို စဉ်းစားနေဖို့ အချိန် မရှိပါ။ မိတ်ဆွေယောင် ဆောင်ထားသော ရန်သူကိုလည်း မျက်နှာကြည့်ပြီး အားနာရန် မလိုပေ။
စက္ကန့်နှင့်အမျှ ကိုယ့်နိုင်ငံပိုင် မြေကြီးတွေ အတူးခံနေရခြင်းကို တားကြဖို့လိုပြီ။ ကြာလျှင် အခွံသက်သက်ချည်းသာ ကျန်လိမ့်မည်။ အုပ်ချုပ်သူ ခေါင်းဆောင်များ အနေဖြင့် ကျဉ်းမြောင်းသော အတ္တကို ပယ်ဖျောက်ဖို့လိုပြီ။
လွန်ခဲ့သော နှစ်ပေါင်း ၉၃ နှစ်က အခိုင်အမာ တည်ဆောက်နိုင်ခဲ့သော အမျိုးသားရေး စိတ်ဓာတ်ကို ပြန်လည် အားဖြည့်ဖို့ လိုပြီ။ ပြန်လည် အားကောင်းဖို့လိုပြီ။ ဘာသာရေး အရောင်ပြပြီး တိုင်းပြည်ကို ခြေကုတ်ယူမည့် ရန်သူများကိုလည်း ဥပဒေ ရှုထောင့်မှ ပီပီပြင်ပြင် ကာကွယ်ဖို့ လိုပြီ။ ဘာသာရေးမပြောဘဲ၊ စီးပွားရေးစကားပြောကာ၊ ရသမျှ အမြစ်ပါမကျန် တူးယူနေသော စီးပွားရေး အေး ဓားပြများ ကိုလည်း တိုင်းပြည်၏ ရန်သူအဖြစ် ရှင်းရှင်းမြင်ဖို့ လိုပြီ ဟူ၍ ယနေ့ ကျရောက်သော ၉၃ နှစ်မြောက် အမျိုးသားနေ့တွင် လှုံ့ဆော် သတိပေးလိုက်ရပါသည်။ ။