Politics

ဆန္ဒပြတာတွေ ရပ်ဖို့ အတိုက်အခံတွေကို ထိုင်း ဝန်ကြီးချုပ် ယင့်လပ် ပြောပြီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်က ဆန္ဒပြတာတွေကို ရပ်တန့်ပြီး သိမ်းထားတဲ့ အစိုးရဝန်ကြီးဌာန နေရာတွေကနေ ဖယ်ရှား ပေးဖို့ ဒီကနေ့ နေ့လယ်ပိုင်းမှာ ထိုင်းဘာသာနဲ့ ထုတ်လွှင့်တဲ့ ရုပ်သံကနေ တဆင့် ထုတ်ပြန် ပြောဆို လိုက်ပါတယ်။

အခုလ ၂၅ ရက်နေ့ စတင်ပြီးတော့ ဒီနေ့အထိ ဒီမိုကရက်ပါတီ က ဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် သပ်ဆူဗန်က ဦးဆောင်ပြီး အစိုးရ ဖြုတ်ချရေးအတွက် ဘန်ကောက်မြို့ပေါ်ရှိ အစိုးရဝန်ကြီးဌာန အဆောက်အအုံ တချို့ကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် မစ္စ ယင့်လပ်က “နိုင်ငံ နစ်နာမှုတွေ ကြုံတွေ့နေရတာ များနေပြီ၊ ဒါကြောင့် ကျမ ပြောချင်တာ ဆန္ဒပြမှုတွေကို ရပ်တန့်ပေးပါ၊ သိမ်းထားတဲ့ အစိုးရ အဆောက် အအုံတွေ ကိုလည်း ပြန်ပေးပါ၊ ဒါမှ ရှေ့ဆက် အလုပ်လုပ်လို့ ရမယ်၊ ပြီးတော့ ကျမ စားပွဲဝိုင်း ပေါ်မှာ ဆွေးနွေးမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အဲဒီအပြင် ဆန္ဒပြတဲ့ အဖွဲ့အားလုံးရဲ့ တောင်းဆိုချက်တွေကို အစိုးရအနေနဲ့ နားထောင်မယ်လို့လည်း ဝန်ကြီးချုပ်က ပြောဆိုပါသေး တယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စားပွဲဝိုင်းပေါ်မှာ အတိုက်အခံပါတီနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ဝန်ကြီးချုပ် ယင့်လပ်က ပြောကြားပေမယ့် တွေ့ဆုံဆွေးနွေးမယ့် အသံတွေ ထွက်ပေါ်လာတာ မရှိသေးပါဘူး။

ဒါပေမယ့် ဒီအစီအစဉ်ကို အတိုက်အခံပါတီ ခေါင်းဆောင်တွေက လက်မခံဘူးလို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

ဆန္ဒပြ ခေါင်းဆောင်တွေကတော့ ယင့်လပ် အစိုးရဟာ အစ်ကိုဖြစ်သူ ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ထိန်းချုပ် မှု အောက်မှာ ရှိနေတဲ့အတွက် ဖြုတ်ချရမယ်လို့ ပြောဆိုထားပါတယ်။

မနေ့ကလည်း ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက တနိုင်ငံလုံး အတိုင်းအတာနဲ့ အစိုးရ ပြုတ်ကျရေး ဆန္ဒပြကြဖို့ ဆော်သြ ခဲ့ပါသေးတယ်။

ဆန္ဒပြခေါင်းဆောင် ဒုဝန်ကြီးချုပ်ဟောင်း ဆူထေ့ပ် သပ်ဆူဗန်ကို အစိုးရရုံးတွေကိုသိမ်းပိုက်ဖို့ ဦးဆောင်တယ်ဆိုပြီး ဖမ်းဆီးဖို့ ထိုင်း နိုင်ငံ ရာဇဝတ်မှုဆိုင်ရာ ခုံရုံးက မနေ့က ဖမ်းဝရမ်းထုတ်ဖို့ အတည်ပြုပေးခဲ့ပေမယ့် ရဲ တပ်ဖွဲ့ကတော့ ထိပ်တိုက်တွေ့မှုကို ရှောင်ရှားတဲ့ အနေနဲ့ လူထုအကြားမှာတော့ ဝင်ရောက်ဖမ်းဆီးမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

အခုလို ဆန္ဒပြမှုတွေ အရှိန်မြင့်လာတာဟာ ပြည်ပမှာ တိမ်းရှောင်နေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံ ပြန်လာနိုင်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို ညီမတော်စပ်သူ ထိုင်းဝန်ကြီးချုပ် ယင့်လပ်က လွှတ်တော်ထဲမှာ အတည် ပြုခဲ့ရာက စပြီး အစိုးရကိုပါ နုတ်ထွက်ပေးဖို့အထိ တောင်းဆိုလာခြင်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ၂၀၀၆ ခုနှစ်က အာဏာ အလွဲသုံးစားလုပ်မှုနဲ့ အဂတိ လိုက်စားမှုတွေကြောင့် ဆိုပြီး စစ်တပ်က အာဏာသိမ်းတာ ခံခဲ့ရပြီးနောက် နိုင်ငံခြားမှာ နေထိုင်နေရတာပါ။

အတိုက်ခံတွေက အစိုးရကို ဆန္ဒပြတောင်းဆိုမှုတွေ ရှိနေသလို အစိုးရကို ထောက်ခံတဲ့ ရှပ်နီဝတ်တွေကလည်း အင်အား ၄ သောင်း လောက် နဲ့ တန်ပြန်ဆန္ဒပြပွဲတွေ ပြုလုပ်နေပါတယ်။

ထိုင်း လုံခြုံရေး အရာရှိတဦးက ရှပ်နီတွေက ထိုင်း တနိုင်ငံလုံးမှာ အင်အားများတာကြောင့် အတိုက်အခံတွေကို ခြိမ်းခြောက်ရုံသာ ဖြစ်ကြောင်း ဧရာဝတီကို ပြောပါတယ်။

“ဆန္ဒပြနေတဲ့ အဖွဲ့အနေနဲ့ အခုလ ၂၄-၂၅ ရက်နေ့ကလို ဝန်ကြီးဌာန အဆောက်အအုံ တော်တော်များများကို ဆက်လက် သိမ်း ပိုက် နိုင်မယ်ဆိုရင် အဆင်ပြေနိုင်တယ်၊ အခု အစိုးရက အရမ်းပါးနပ်သွားပြီ၊ အကြမ်းမဖက်ဘူး၊ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အတွက် အချိန်ယူပြီးတော့ အခြေအနေကို စောင့်ကြည့်နေတယ်”လို့ သူက ရှင်းပြပါတယ်။

အခုရက်ပိုင်း အတွင်း ဆန္ဒပြသူတွေဟာ နယ်တွေအထိ ပျံ့နှံ့နေပြီး အစိုးရရုံးစိုက်ရာ နေရာတွေကိုပါ လုံခြုံရေး တင်းကျပ်ထားရပါတယ်။

မနေ့က မနက်ပိုင်းကလည်း ယင်လပ် ရှင်နာဝပ် ဦးဆောင်နေတဲ့ လက်ရှိ အစိုးရအဖွဲ့ကို အဂတိလိုက်စားမှုတွေ ပြုလုပ်နေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အတိုက်အခံ ဒီမိုကရက်ပါတီ ခေါင်းဆောင် အဖိဆစ် ဝေ့ချာချီဝက အယုံအကြည်မရှိ အဆိုကို လွှတ်တော်မှာ တင်သွင်း ခဲ့ရာ ရှုံးသွားပါတယ်။

လွှတ်တော်ထဲမှာ ကိုယ်စားလှယ်ပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ရာ လက်ရှိအစိုးရကို ယုံကြည်တဲ့အတွက် မဲအရေအတွက် စုစုပေါင်း၂၉၀ ကျော် နဲ့ အနိုင်ရပြီး အတိုက်ခံပါတီက ၁၃၀ ကျော်နဲ့ ရှုံးသွားတာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading