တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရန် လက်မှတ်ရေးထိုးရေးမှာ အစိုးရဘက်က သဘောထား မမှန်၍ ကြန့်ကြာနေဦး မည်ဟု ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောဆိုလိုက် သည်။
“အဓိက အားဖြင့်က အစိုးရပိုင်းမှာ အစိုးရနဲ့ တပ်မတော်က အမြင်မတူတာ၊ အစိုးရထဲမှာ လွှတ်တော်ထဲမှာ တချို့ကတော့ ကျနော် တို့ကို တန်းတူဆွေးနွေးဖို့ဆိုတဲ့ သဘောထား မရှိဘူးဗျ။ အပေါ်စီးက ယူချင်တယ်။ အဲဒီ စိတ်ဓာတ် အခြေခံကိုက မပြောင်းလဲသမျှကတော့ တွေ့ဆုံဆွေးနွေးရေးက ကြာနေဦးမယ်လို့ ဒီလိုထင်တယ်”ဟု နိုင်ဟံသာ က ဧရာဝတီကို ပြောသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား လက်ရှိဆွေးနွေးမှုများနှင့် တဆက်တည်း အစိုးရဘက်က တင်ပြလာသော မူကြမ်း အချက်များထဲတွင် အဓိကအားဖြင့် ပြည်နယ်နှင့် ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးစဉ်က မပါဝင် သည့် အချက်များ ပါလာသည်ကို လက်မခံနိုင်ကြောင်းလည်း သူက ဆက်ပြောသည်။
“ကျနော်တို့ကို စခန်းသစ် မဆောက်ရေး၊ တပ်သားသစ် မစုဆောင်းဖို့၊ လူစာရင်း၊ လက်နက်စာရင်းတွေ ပေးရမယ်ဆိုတဲ့ကိစ္စတွေ၊ နောက် လူထုဆီမှာ အကောက်အခွန်တွေ မကောက် ရဆိုတဲ့ဟာတွေက ကျနော်တို့ အတွက် လက်ခံနိုင်စရာတော့ မရှိဘူး”ဟု မွန်ပြည်သစ် ပါတီ ဒု ဥက္ကဋ္ဌ လည်းဖြစ်သည့် နိုင်ဟံသာက ပြောပြသည်။
ဆက်လက်၍ နိုင်ဟံသာက “ကျနော်တို့ တော်လှန်ရေးလုပ်တာ ကိုယ့်လူထုရဲ့ ထောက်ပံ့မှုအပေါ်မှာပဲ ရပ်တည်ရတာ။ ဒါတွေ မလုပ်ရင် ကျနော်တို့ တဖြည်းဖြည်းချင်း သေသွားမှာပေါ့”ဟု ပြောသည်။
မြန်မာငြိမ်းချမ်းရေး စင်တာ MPC နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာ လုပ်ငန်းကော်မတီက ဦးဆောင်နေသော ငြိမ်းချမ်းရေး ဖြစ် စဉ်များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား တနိုင်ငံလုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် ကို လွန်ခဲ့သည့် အောက်တိုဘာလက လက်မှတ်ရေးထိုးနိုင်မည်ဟု ဝန်ကြီး ဦးအောင်မင်းက ပြောဆိုခဲ့သည်။
ထို့နောက် နိုဝင်ဘာလအတွင်း လက်မှတ်ရေးထိုးနိုင်ရေး အတွက် အစိုးရနှင့် MPC တို့က ဆက်လက်ကြိုးပမ်းနေကြသော်လည်း ယ ခု နှစ်ကုန်သည်အထိ တနိုင်ငံလုံးအတိုင်းအတာနှင့် လက်မှတ်ရေးထိုးပွဲ ကျင်းပနိုင်ရန် မဖြစ်နိုင်သေးကြောင်း သုံးသပ်သူများက ပြော ဆိုသည်။
“သူတို့က အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်တာကို ကမ္ဘာကို ပြနိုင်ရင် နိုင်ငံခြားက ကူညီမှုတွေ ပိုရမယ်ဆိုတဲ့ သဘော ထား မျိုးနဲ့ သွားနေတဲ့ ပုံပေါ်တယ်။ တကယ့် နားလည်မှု အခိုင်အမာမရှိသေးဘဲနဲ့ လိုအပ်ရင် ဆွေးနွေးလိုက်တာနဲ့ ရသလောက်ကို လက်မှတ်ထိုးပါဆိုတဲ့ ပုံစံတွေက များနေတယ်။ သဘောကတော့ Just For Show ပေါ့ဗျာ။ အဲဒီ့ ပုံစံတွေက များနေတယ်”ဟု နိုင် ဟံသာ က ပြောသည်။
UNFC အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေး ပြောဆိုမှု အကြိမ်ကြိမ် လုပ်ဆောင်နေသော်လည်း ယခုအထိ နားလည်မှုတစုံတရာ မရရှိသေးကြောင်း၊ နားလည်မှု မရသေး၍ နိုင်ငံရေး ဆွေးနွေးပွဲကို တက်လှမ်းရန် မလွယ်ကူသေးကြောင်း၊ အစိုးရဘက်က တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးမှသာ နိုင်ငံရေး ဆွေးနွေးပွဲများကို လုပ်ဆောင်လိုကြောင်း ပြောကြားထားသည်။
သို့သော် တိုင်းရင်းသား အဖွဲ့များကမူ နိုင်ငံရေး အာမခံချက် တစုံတရာ ရရှိပြီးမှသာ တနိုင်ငံလုံး အတိုင်းအတာဆောင်သော အပစ် အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် ပါဝင်နိုင်မည်ဟု ပြောဆိုနေကြသည်။
“တိုင်းရင်းသားများ အားလုံးပါဝင်တဲ့ ခိုင်မာ၍ ရေရှည်တည်တံ့မည့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တရပ် ပိုင်ဆိုင်နိုင်ဖို့ဆိုရင် အပစ် အခတ်ရပ်စဲရေး တခုတည်းနဲ့ မလုံလောက်ဘဲ လက်နက်ကိုင် ပဋိပက္ခများရဲ့ ဇာစ်မြစ် ဖြစ်တဲ့ ပြဿနာတွေကို နိုင်ငံရေး နည်း လမ်းနဲ့ ဖြေရှင်းနိုင်ဖို့က အဓိက ဖြစ်တယ်ဆိုသည့် အချက်ပဲဖြစ်ပါတယ်”ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုထားသည်။
ဦးသိန်းစိန်က အောက်တိုဘာလ ၁ ရက်နေ့က ထုတ်လွှင့်သည့် ရေဒီယို မိန့်ခွန်းတွင် ထိုသို့ ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။
“နိုင်ငံရေး ဆွေးနွေးမှုများအတွက် ပိုမိုခိုင်မာတဲ့ အာမခံချက်ရရှိစေဖို့ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးတာနဲ့ တပြိုင်နက် နိုင်ငံရေး ဆွေးနွေးပွဲများ အစပြုရန် လိုအပ်မယ့် ပြင်ဆင်မှုတွေဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ မူဘောင်(Political Dialogue Framework) များ ညှိနှိုင်းခြင်း၊ ရေးဆွဲခြင်းများကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်”ဟုလည်း ဦးသိန်းစိန် က ဆိုသည်။
“ဒါပေမယ့် Frame Work ညှိတယ်ဆိုတဲ့ဟာကလည်း အချိန်အများကြီး ရှိနိုင်တယ်” ဟု နိုင်ဟံသာက ပြောသည်။
နိုင်ဟံသာ အပါအဝင် UNFC ကိုယ်စားလှယ် ၃ ဦးသည် နိုဝင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့သို့ ပထမဆုံးအကြိမ် သွားရောက် ခဲ့ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT)၏ အပစ်ရပ်ရေး မူကြမ်း အချောသတ် ဆွေးနွေးပွဲတွင် ရန်ကုန်ခရီးစဉ် အတွေ့အကြုံကိုလည်း မျှဝေကြောင်း သိရသည်။
ရန်ကုန်ခရီးစဉ်နှင့်ပတ်သက်ပြီး ပြည်တွင်းမှာ အပြောင်းအလဲမည်သို့ဖြစ်နေသည်ကို လာကြည့်ရန် ဖိတ်ကြားမှုအပေါ် နိပွန် ဖောင် ဒေးရှင်း က တာဝန်ယူ ပို့ဆောင်ပေးသည့်အတွက် သွားဖြစ်ခြင်း ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ခေါင်းဆောင်များ၊ အခြားသော နိုင်ငံရေး နယ်ပယ်က လူတချို့ နှင့် တွေ့ဆုံ ဖြစ်ခဲ့ကြောင်း နိုင်ဟံသာက ပြောပြသည်။
သို့သော် UNFC ၏ ရန်ကုန် ခရီးစဉ်သည် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရေး ဆိုင်ရာများ ညှိနှိုင်း တိုင်ပင်ခြင်းမျိုး မရှိကြောင်း၊ တိုင်းရင်းသားများ လိုလားသည့် ဖက်ဒယ်ပြည်ထောင်စုအရေး၊ ဖယ်ဒရယ် တပ်မတော် အရေးများသာ ဆွေးနွေးဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ တနာရီခွဲလောက် ဆွေးနွေးဖြစ်တယ်။ ဖက်ဒရယ် တပ်မတော်ကိစ္စ မူဝါဒကို သူက ထောက်ခံတယ်။ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် တပ်မတော်ကိုလည်း ပြုပြင်ရမှာပေါ့၊ ဖက်ဒရယ် ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ ပုံစံမျိုးဖြစ်ရမှာပေါ့။ အသေးစိပ်တွေတော့ ကျနော်တို့ မဆွေးနွေးပါဘူး။ ဒါကိုလက်ခံတယ်တဲ့”ဟု နိုင်ဟံသာ က ပြောသည်။
ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်ရေး၊ ဖက်ဒရယ် တပ်မတော်ဖြစ်စေရေးတို့အတွက် UNFC အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များစွာပါဝင်သည့် အောက်တိုဘာ လကုန်ပိုင်းက ကျင်းပသော လိုင်ဇာဆွေးနွေးပွဲတွင် လိုင်ဇာ သဘောတူညီချက် ၁၁ ချက်ကို ချမှတ်၍ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမည့် အဖွဲ့ NCCT ကိုလည်း ဖွဲ့စည်းခဲ့သည်။
ထို့နောက် မြစ်ကြီးနားဆွေးနွေးပွဲတွင် အစိုးရ ကိုယ်စားလှယ်များနှင့် လိုင်ဇာသဘောတူညီချက်ကို အခြေခံကာ NCCT က ဆက် လက် ဆွေးနွေးသော်လည်း သဘောတူညီချက် မရရှိဘဲ လာမည့် ဒီဇင်ဘာလတွင် ကရင်ပြည်နယ် ဘားအံမြို့တွင် ဆက်လက် ဆွေးနွေးရန်သာ သဘောတူနိုင်ခဲ့သည်။
“ညှိနှိုင်းရေး ကိစ္စတွေကိုတော့ NCCT အနေနဲ့ပဲ ကျနော်တို့က သွားမှာ။ UNFC ကတော့ ကျနော်တို့ရဲ့ စုစည်းမှုအပိုင်းက ဆက်ရှိနေ မယ်”ဟု နိုင်ဟံသာက ဆိုသည်။
၂၀၁၅ ခုနှစ် အထွေထွေ ရေးကောက်ပွဲ မတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးတွင်လည်း များစွာ မျှော်လင့် မထားကြောင်း၊ တိုင်းရင်းသားအများစုက လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးသည် အခက်အခဲများစွာ ရှိနေသောကြောင့် အသစ်ရေး ဆွဲ လိုကြောင်း ပြောဆိုကြသည်။
တိုင်းရင်းသားခေါင်းဆောင်များက လိုလားသော ဖက်ဒရယ်ပြည်ထောင်စုသည် လူမျိုးအပေါ် အခြေခံသည့် ပြည်ထောင်စုမျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် လူမျိုးပေါ် အခြေခံသည့် ပြဿနာက နယ်မြေပေါ် အခြေခံသည့် ပြဿနာထက် အဓိက များသောကြောင့် ဖြစ်ကြောင်း နိုင်ဟံသာက ပြောဆိုသည်။