Ethnic Issues

ဦးတေဇ၏ ပူတာအို စီမံကိန်း ဝေဖန်ခံနေရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ အမြင့်ဆုံးဖြစ်သည့် ရေခဲဖုံးတောင်တန်းများ ဝိုင်းရံထားသော ဝေးလံ၍ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲ သော ကချင်ပြည်နယ်မြောက်ပိုင်းမှ ပူတာအိုတောင်ကြားဒေသသည် အသက်ရှူမှားလောက်စရာ လှပပြီး သဘာဝအတိုင်း ရှိနေသေးသည့် တောင်တန်းများကို မြင်တွေ့ရနိုင်သည့် နေရာဖြစ်သည်။

ဟိမဝန္တာတောင်ကြောများကြားရှိ သဘာဝနေရာသည် ရှားပါးတောရိုင်းတိရိစ္ဆာန်များ၊ ကျယ်ပြန့်သောတောအုပ်ကြီးများ၊ မျိုးတုံးပျောက်ကွယ်တော့မည့် ဟိမဝန္တာထင်းရှူးပင်များ၊ ရှားပါးသစ်ခွများနှင့် လူပုမျိုးနွယ်စုများပင်လျှင် ရှိနေကြသည့် နေရာ ဖြစ်သည်။

ပူတာအို တောင်ကြားဒေသသည် ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၁၀၀၀ ခန့်တွင်ရှိပြီး ဝေးလံသီခေါင်မှုနှင့် တိုင်းရင်းသား ပဋိပက္ခများကြောင့် အသွားအလာ နည်းပါးခဲ့သော်လည်း ယခုအခါတွင် မြန်မာနိုင်ငံ၏ အချမ်းသာဆုံးသော ပုဂ္ဂိုလ်များထဲမှ တဦးက ပူတာအိုဒေသကို စိတ်ဝင်စားမှုများလာကြောင်း ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမှ သတင်းရင်းမြစ်တခုက ပြောသည်။

ယခင်စစ်အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ချမ်းသာကြွယ်ဝလာခဲ့သော ထူးကုမ္ပဏီအုပ်စု၏ ဥက္ကဌဖြစ်သော ဦးတေဇက သူ၏ စီးပွားရေးလုပ်ငန်းများကို ပူတာအိုခရိုင်အထိ ချဲ့ထွင်နိုင်ရန် အားကြိုးမာန်တက် ဆောင်ရွက်နေသည်ကို တွေ့ရသည်။ မြစ်ကြီးနားမြို့ခံများ၏ အဆိုအရ ဦးတေဇသည် ဧက ၃၀၀၀၀၀ ခန့်ရှိသည့် တောင်ပေါ်သစ်တောများတွင် သစ်ထုတ်လုပ်ခွင့်နှင့် ပူတာအိုမြောက်ပိုင်းရှိ မလိခမြစ်ကမ်းပါးတွင် ရွှေတူးဖော်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် မြေဧက ၆၀၀၀၀၀ ခန့် ရရှိထားပြီး ဖြစ်သည်ဟု သိရသည်။

အမေရိကန် အစိုးရက နာမည်ပျက်စာရင်းသွင်းထားခြင်းခံရဆဲဖြစ်သော ဦးတေဇသည် မြစ်ကြီးနားမြို့၏ မြောက်ဖက် မိုင် ၁၄၀ ခန့်အကွာ ပူတာအိုမြို့ အနီးမှ မူလာရှီဒီး ကျေးရွာတွင် Malikha Lodge အမည်ရှိ ဇိမ်ခံ အပန်းဖြေစခန်းတခု ဖွင့်လှစ် ထားသည်ဟုလည်း သိရသည်။

“အခုဆိုရင် ပူတာအို တောင်ကြားကို ဦးတေဇ ပိုင်သွားပြီလို့ ကျနော်တို့ ကြားရပါတယ်၊ ကျနော်နဲ့ တွေ့ခဲ့တဲ့ ဒေသခံ ပြည်သူ အားလုံးကတော့ အစိုးရဆီက သူ ဝယ်လိုက်တယ် ပြောကြတယ်” ဟု မကြာသေးမီကမှ အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် တို့ ကြားတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တိမ်းရှောင် ထွက်ပြေးနေရသည့် ပူတာအို နယ်အတွင်းမှ ဒုက္ခသည်များထံသို့ သွားရောက်ခဲ့သော ကချင်နှစ်ခြင်း အသင်းတော်(Kachin Baptist Church) မှ ညွှန်ကြားရေးမှုး ဦးလမိုင်ရော်က ပြောသည်။

“မူလာရှီဒီး ရွာမှာရှိတဲ့ ဦးတေဇရဲ့ အပန်းဖြေစခန်းက နိုင်ငံတကာ အဆင့်မီ အပန်းဖြေစခန်းတခုလိုပါပဲ။ တည တည်းခိုရင် ဒေါ်လာ ၅၀၀ လောက်ပေးရတယ်။ ပူတာအိုဒေသဟာ သဘာဝရှုခင်းတွေနဲ့ သာယာတဲ့နေရာပါ။ ဒါပေမယ့် ဝေးလွန်းတယ်။ ဒီနေရာကို ကမ္ဘာလှည့်ခရီးသည်တွေ အများကြီးလာပါ့မလားလို့ ကျနော် သံသယဖြစ်မိပါတယ်” ဟုလည်း သူက ဆိုသည်။

ယခင်ကလည်း အဆိုပါဒေသတွင် နှင်းလျှောစီး အပန်းဖြေစခန်းတခု တည်ထောင်ရန် စိတ်ဝင်စားကြောင်း ဦးတေဇက ထုတ်ဖော် ပြောကြားခဲ့ဖူးပြီး သူ၏ လေကြောင်းလိုင်းဖြစ်သော Air Bagan ကလည်း ပူတာအို-မြစ်ကြီးနား ခရီးစဉ်ကို ပြေး ဆွဲပျံသန်းပေးနေသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် အဝေးလံဆုံးနှင့် အဆင်းရဲဆုံး ဒေသတခုတွင် သာမန်ထက်ပိုသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသော ဦးတေဇ၏ အစီအမံများသည် ဤမျှသာမဟုတ်ပါ။

မကြာသေးမီက မြစ်ကြီးနားမြို့တွင် တွေ့ဆုံမေးမြန်းခဲ့စဉ် ဦးလမိုင်ရော်က ဧရာဝတီသတင်းထောက်ကို ပူတာအိုခရိုင် မလိခမြစ်အတွင်းတွင် တွေ့ရသော ထူးအုပ်စုပိုင် စပိဘုတ်တစီး၏ ဓာတ်ပုံများထုတ်ပြခဲ့သည်။ “ဒီလို လှေမျိုးကို ပူတာအို လိုနေရာမျိုး အထိရောက်အောင် သယ်ရတာ ဘယ်လောက်ခက်ခဲမလဲဆိုတာ တွေးကြည့်ဖို့ တောင် မလိုပါဘူး။ ဒါပေမယ့် ဦးတေဇက ရောက်အောင် သယ်ပြီးသွားပြီ။ သူ့မှာ စီးပွားရေး စီမံကိန်း ကြီးကြီးမားမား ရှိနေ ပုံရတယ်” ဟု သူက ပုံထဲမှ စပိဘုတ်ကို ညွှန်ပြရင်းပြောသည်။

အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်သော ဦးတေဇက တိဘက်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြန်မာနိုင်ငံ၏ မြောက်ဖက်စွန်း ဒေသကို စိတ်ဝင်စားနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက လူငါးဦးပါ အဖွဲ့တခုကို ဦးဆောင်ပြီး ရေခဲဖုံးတောင်တခုဖြစ်သည့် ဖုန်ကန်ရာဇီတောင်ထိပ်သို့ သွားရောက်ခဲ့သည်။ သို့သော်လည်း ရာသီဥတု ဆိုးရွားမှုကြောင့် ရဟတ်ယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရပြီး တောင်ပေါ်တွင် ကယ်ဆယ်သူတွေရောက်လာ သည့် အချိန်အထိ ၃ ရက်ကြာ ပိတ်မိနေခဲ့သည်။

အဆိုပါ ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာပြီးနောက် ဦးတေဇသည် ထိုအချိန်က မြန်မာစစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ကို သွားရောက်တွေ့ဆုံ ဂါရဝပြုပြီး သူတို့ကို ကယ်တင်ရန်အတွက် ကယ်ဆယ်ရေးအဖွဲ့စေလွှတ်ပေးခဲ့ သည့်အတွက် ကျေးဇူးတင်စကားပြောခဲ့သည်။ ဦးတေဇ၏ သတင်းကို ကြားကြားချင်း သူ့ကို ရှာဖွေကြရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်ရင်းအားလုံးကို အမိန့်ပေးခဲ့သည် ဟုလည်းသိရသည်။

မကြာသေးမီကပင် အမေရိကန်တောင်တက်သမားများ ပါဝင်သောအဖွဲ့တဖွဲ့သည် ဦးတေဇ၏ ထူးဖောင်ဒေးရှင်း၏ ထောက်ပံ့ ကူညီမှုဖြင့် ကချင်ပြည်နယ်အတွင်းရှိ ဂမ်လန်ရာဇီ တောင်ထိပ်သို့ တက်ရောက်ပြီး အမြင့်ကို တိုင်းထွာခဲ့သည်။ သူတို့ ပြန်ရောက်လာသည့်အခါ ဂမ်လန်ရာဇီ တောင်သည် ခါကာဘိုရာဇီ တောင်ထက် ပိုမြင့်သည့်အတွက် မြန်မာနိုင်ငံ တွင် အမြင့်ဆုံးဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

၎င်းတို့၏ ခရီးစဉ်အပေါ် စိတ်ဝင်စားမှုကို မြှင့်တင်နိုင်ရန်အတွက် ထူးဖောင်ဒေးရှင်းက ထရုန်တိုင်းရင်းသား တဦးကို ပူတာအိုမှ ရန်ကုန်သို့ ခေါ်ဆောင်လာခဲ့သည်။ အသက် ၆၀ အရွယ်ရှိ ဦးဒါဝိတ်သည် အရပ် ၄ ပေပင်မရှိဘဲ အနည်းငယ်သာ ကျန်တော့သည့် ထရုန်မျိုးနွယ်စုအတွင်းမှ ကျန်နေသူ တဦးဖြစ်သည်။ ထူးဖောင်ဒေးရှင်း အမှတ်တံဆိပ်ပါသည့် အဝတ်အစားများ ဝတ်ဆင်ထားသည့် ဦးဒါဝိတ်ကို ရန်ကုန်မြို့ရှိ အဆင့်မြင့်ဟိုတယ်တခုဖြစ်သော ကုန်သည်ကြီးများ ဟိုတယ်တွင် အများပြည်သူသိအောင် စာနယ်ဇင်းများမှတဆင့် မိတ်ဆက်ပေးခဲ့သည်။

ဦးတေဇသည် ၁၉၈၈ နောက်ပိုင်းနှစ်များတွင် တံခါးပိတ်ဝါဒကျင့်သုံးပြီး ဘဏ္ဍာငွေ မလုံလောက်မှုနှင့် ရင်ဆိုင်ခဲ့ရသော စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ချမ်းသာကြွယ်ဝမှုကို ရှာဖွေနိုင်ခဲ့သူ ဖြစ်သည်။ ၁၉၉၀ နှစ်များမှ စ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ အစ သဘာဝသစ်တောများတွင် အကြီးစား သစ်ထုတ်လုပ်ငန်းအထိ တိုးချဲ့လာခဲ့ ပြီး နောက်တွင် သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေးနှင့် ဟိုတယ် လုပ်ငန်းများပါ ဆောင်ရွက်လာပြီး AGD ဘဏ်နှင့် Air Bagan လေကြောင်းလိုင်းကိုလည်း တည်ထောင်ခဲ့သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သူ့ကို ၂၀၀၈ ခုနှစ်တွင် တားမြစ်ကန့်သတ်မှုစာရင်းထဲသို့ ထည့်သွင်းလိုက်ပြီး လက်ရှိ ဖြစ်ပွားနေသော ကချင် ပဋိပက္ခများတွင် သုံးစွဲခဲ့သော ရုရှားနိုင်ငံလုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အပါအဝင် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် ကူညီခဲ့သည့် လက်နက်ပွဲစားနှင့် မြန်မာစစ်အစိုးရ၏ ငွေကြေးဆိုင်ရာ လက်ရုံးတဦး ဟုလည်း အမည်တပ်ခဲ့သည်။

ယခုလ အစောပိုင်းကလည်း ဦးတေဇသည် ရုရှားဖက်ဒရေးရှင်း အဖွဲ့ဝင်ဖြစ်သည့် တတာစတန် သမ္မတနိုင်ငံသို့ မြန်မာအစိုးရ၏ အရေးကိစ္စအတွက် သွားရောက်ခဲ့ပြီး သမ္မတ၊ ကုန်သွယ်ရေးဝန်ကြီးတို့အပြင် ရုရှားနိုင်ငံ၏ အကြီးဆုံး ထရပ်ကားထုတ်လုပ်သူဖြစ်သော Kamaz ကုမ္ပဏီ၏ ညွှန်ကြားရေးမှူးနှင့်လည်း တွေ့ဆုံခဲ့သည်။ ရဟတ်ယာဉ်များ၊ ထရပ်ကားများ၊ စက်ပစ္စည်းထုတ်လုပ်ရေး ပစ္စည်းများနှင့် သင်္ဘောတည်ဆောက်ရေး ပစ္စည်းများ ပြန်လည် သယ်ဆောင်သွားရန် တတာစတန် နိုင်ငံသမ္မတ Rustam Minikhanov က သူ့ကို အကြံပြုကြောင်းလည်း သတင်းထုတ်ပြန်ချက် တခုတွင် ဖော်ပြထားသည်။

တိုင်းရင်းသားလူမျိုးများ၏ ဒေသတွင် သစ်တောနှင့် သတ္တုသယံဇာတများ ထုတ်ယူမည့် ဦးတေဇ၏ စီမံကိန်းများတွင် အဆိုပါဒေသများ၌ အစိုးရစစ်တပ်များ လှုပ်ရှားစစ်ဆင်နိုင်ရန် ရည်ရွယ်ချက်များပါဝင်နေသည်ဟု တိုင်းရင်းသားအရေး လှုပ်ရှားသူများ၊ လက်နက်ကိုင်အဖွဲ့များ နှင့် ဒေသခံများက စွပ်စွဲကန့်ကွက်မှုများလည်းရှိနေသည်။

အစိုးရတပ်များ အနေဖြင့် KIA နှင့် စစ်ပွဲများဖြစ်ပွားနေစဉ်အတွင်းတွင် ဒေသခံပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုများ ရှိနေသည် ဟုစွပ်စွဲခံနေရချိန်တွင် စီမံကိန်းများကိုလည်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး ဆိုးကျိုး သက်ရောက်မှုများ ဖြစ်ပေါ်နိုင်သည်ဟုလည်း စွပ်စွဲပြောဆိုမှုများလည်း ရှိနေသည်။

ဦးတေဇ၏ စီမံကိန်းများအတွက် အစိုးရထံမှ အတည်ပြုချက် ရရှိထားပြီး ဖြစ်သည်ဟု မြစ်ကြီးနားဒေသခံများက ယုံကြည်နေကြပြီး လုံခြုံရေးအတွက်လည်း မြန်မာစစ်တပ်၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံမှ အာမခံချက် ရရှိထားပြီး ဖြစ် သည်ဟုလည်း ဆိုကြသည်။

နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ တခုတွင်အလုပ်လုပ်နေသော မြစ်ကြီးနားမြို့မှ အမည်မဖော်လိုသူ သုတေသီတဦးက ဦးတေဇ၏ ကုမ္ပဏီက ပူတာအိုဒေသရှိ မြေအမြောက်အများကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးပမ်းနေခြင်းမှာကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို ချဲ့ထွင်သည့်အနေဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းပြောသည်။

“သူက မြေတွေ ပို ဝယ်နိုင်ဖို့ ကြိုးစားနေတယ်။ ဒီမှာနေထိုင်တဲ့ ဒေသခံတိုင်းရင်းသားတွေနဲ့လည်း တရင်းတနှီးဖြစ်အောင် လုပ်နေတယ်။ လိုအပ်လာရင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့အတွက် အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုလည်း လက်နက်တွေထောက်ပံ့ပေးနေတယ် လို့လဲ ကျနော်တို့ ကြားပါတယ်” ဟု သူကဆက်ပြောသည်။

အစိုးရက ကျောထောက်နောက်ခံပေးထားသော ရဝမ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ပူတာအိုခရိုင်ရှိ ဦးတေဇ၏ စီမံကိန်းများကို အကာအကွယ်ပေးနိုင်ရန်အတွက် KIA တပ်မဟာ ၇ ကို တိုက်ခိုက်ခဲ့သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် သတင်းဌာန တခုဖြစ်သော The Kachin News Group ကဆိုသည်။

သို့သော်လည်း ဦးတေဇသည် အစိုးရ၊ မြန်မာစစ်တပ် တို့နှင့် သာဆက်ဆံရေးကောင်းအောင် ထိန်းသိမ်းထားသည် မဟုတ်ပါ။ မကြာသေးမီက KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်နှင့်လည်း ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။ “ကျနော် ဦးတေဇနဲ့ တွေ့တယ်ဆိုတာက အလုပ်ကိစ္စ မဟုတ်ပါဘူး။ ကျနော် ဒီကို ဆင်း လာတော့ သူက အကူအညီတချို့ပေးခဲ့ပါတယ်။ အထူးသဖြင့် ခရီးသွားလာရေးပေါ့။ ပြီးခဲ့တဲ့ ညီလာခံတခုမှာ ကျနော် နဲ့ သူနဲ့ တွေ့ပြီးတော့ မိတ်ဆွေဖြစ်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ် ဂွန်မော်က Eleven Media သို့ ပြောကြားခဲ့သည်။

ထူးကုမ္ပဏီ အုပ်စု၏ ပြောရေးဆိုခွင့် ရှိသူ ဦးညီညီအောင်ကမူ ၎င်းတို့ ကုမ္ပဏီအနေဖြင့် ပူတာအိုခရိုင်တွင် သဘာဝအရင်းအမြစ်များ ရှာဖွေတူးဖော်မည် ဆိုခြင်းနှင့် ကျွန်းသစ်ထုတ်လုပ်မည် ဆိုသည့် သတင်းများကို ပြီးခဲ့သည့် အင်္ဂါနေ့တွင် ငြင်းပယ်ခဲ့သည်။

“ပူတာအို ဒေသမှာ ကျွန်းပင်တွေ မရှိပါဘူး။ ဖြစ်လဲ မဖြစ်ထွန်းပါဘူး။ ကျနော်တို့တောင်မှ ကျွန်းပင်စိုက်ဖို့ တခါ ကြိုးစား ခဲ့ပါ သေးတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူး။ ဒါကြောင့် ကျွန်းပင်မရှိတဲ့နေရာမှာ သစ်ထုတ်လုပ်ရေး လုပ်ဖို့ခက်ပါတယ်” ဟု သူက ပြောသည်။

“ကျနော်တို့က ပူတာအိုမှာ သစ်ထုတ်ပြီးတော့ ရန်ကုန်ကို သစ်လုံးတွေ သယ်ယူမယ်လို့ စွပ်စွဲခံရတာလဲ ထူးဆန်းပါတယ်။ ဒီလို သယ်မယ်ဆိုရင် သစ်လုံးတန်ဖိုးက တကယ်တန်တာထက် ၄ဆ၊ ၅ဆ လောက် ပိုသွားပါလိမ့်မယ်” ဟု ဦးညီညီအောင် ကပြောသည်။ ထူးကုမ္ပဏီက ပူတာအို ဒေသတွင် ရွှေရှာဖွေနေသည် ဆိုသည့် သတင်းကိုလည်း ပယ်ချသွားသည်။

အစိုးရ၏ လုပ်ထုံးလုပ်နည်းများ အရဆိုလျှင် မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ သစ်တင်ပို့မှုအားလုံးသည် ရန်ကုန် ဆိပ်ကမ်းမှသာ တဆင့်သွားရမည် ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၏ အဆိုအရ ကချင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ ကုန်းလမ်းမှ သစ်တင်ပို့မှု အမြောက်အများရှိနေသည်။

ဦးညီညီအောင်က ပူတာအိုတွင် ဦးတေဇက နှင်းလျှောစီး အပန်းဖြေစခန်းတခု တည်ဆောက်ရန် စီစဉ်နေသည့် ကိစ္စကို သူ သတိမထားမိကြောင်း အဆိုပါဒေသတွင် ဦးတေဇ၏ ဆောင်ရွက်ချက်များမှာ ပရဟိတလုပ်ငန်းများသာ ဖြစ်ကြောင်း ပြော သည်။ “ပူတာအိုဒေသက ပြည်သူတွေရဲ့ လူနေမှုဘ၀ တိုးတက်လာဖို့ အတွက် ကျနော်တို့ တတ်နိုင်သမျှ ကူညီနေပါတယ်။ ကျနော်တို့က ပူတာအိုဒေသကို ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်” ဟု သူက ဧရာဝတီသို့ပြောသည်။

ရန်ကုန် အခြေစိုက် ကချင်ငြိမ်းချမ်းရေးကွန်ယက် မှ ဦးဆောင်လှုပ်ရှားသူတဦးဖြစ်သော မခွန်ဂျာက ပူတာအို ဒေသနှင့် ပတ်သက်သည့် ဦးတေဇ၏ ရည်ရွယ်ချက်များကို မေးခွန်းထုတ်လိုက်သည်။ အစိုးရ နှင့် ပြည်သူများက မြန်မာနိုင်ငံ၏ အလှပဆုံးသော ဒေသတခုအပေါ်တွင် ကျရောက်လာနိုင်သည့် စီမံကိန်း၏ သက်ရောက်မှုများကို အလေးထားကြဖို့လည်း သူကပြောသည်။

“ပူတာအိုက နှင်းဖုံးနေတဲ့ တောင်တွေကတိုင်းပြည်ရဲ့ ရတနာလိုပါပဲ။ သဘာဝတောရိုင်းတိရိစ္ဆာန်တွေလည်း ခိုလှုံနေထိုင် ကြပါတယ်။ အဲဒါတွေ အားလုံးက မြန်မာပြည်သူ အားလုံးနဲ့ သက်ဆိုင်ပါတယ်” ဟု မခွန်ဂျာက ဆိုသည်။

“သဘာ၀ ပတ်ဝန်းကျင် အပေါ်သက်ရောက်မှုနဲ့ ရာသီဥတု ပြောင်းလဲမှုကို ကျမတို့ စဉ်းစားဖို့လိုပါတယ်။ တကယ်လို့ သဘာ၀ အလှအပတွေ ဖျက်ဆီးခံလိုက်ရမယ်ဆိုရင် တိုင်းပြည်တခုလုံးကို ထိခိုက်စေပါတယ်။ ဒေသခံတွေက ဦးတေဇရဲ့ စီမံကိန်းတွေကို ထောက်ခံတယ် ဆိုရင်တောင်မှ ကျမတို့ ဘယ်တော့မှ ပြန်မရနိုင်တဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုပါ” ဟု သူကပြောပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading