Politics

ဒီမိုကရေစီ အရေး အဆုံးမသတ်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး တောင်းဆိုမှု မပြီးဆုံးသေးကြောင်း နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြော ဆို လိုက်သည်။

“ဒီမိုကရေစီ တောင်းဆိုမှုတွေ အဆုံးမသတ်သေးပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာ့ဒီမိုကရေစီခရီးသည် အစသာ ရှိသေးပြီး အများယူဆနေကြသကဲ့သို့ အပြည့်အဝ ဒီမိုကရေစီ မရသေးကြောင်း၊ မိမိတို့ ရွေးချယ်ခဲ့သည့် ဒီမိုကရေစီခရီးလမ်းကို ပန်းတိုင်အထိ အောင်မြင်စွာ လျှောက်လှမ်းနိုင်မည်ဟု ယုံကြည်ကြောင်း၊ သြစတြေးလျနိုင်ငံက မြန်မာ့ ဒီမိုကရေစီအရေး ဆက်လက် အားပေးမည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို သြစတြေး လျ သတင်းများတွင် ဖော်ပြထားသည်။

သြစတြေးလျ နိုင်ငံ ကင်ဘာရာ အခြေစိုက် အမျိုးသား တက္ကသိုလ်က ယနေ့ ပေးအပ်ချီးမြှင့်သည့် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ လက်ခံ ယူစဉ် ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်ပါက စစ်မှန်သည့် ဒီမိုကရေစီစနစ် ပေါ်ပေါက်ရန် မဖြစ်နိုင်ကြောင်း လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

“အခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်ရင်တော့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့ အဖွဲ့အစည်း ဆိုတာလည်း ဖြစ်မလာနိုင်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သြစတြေးလျနိုင်ငံသို့ ပထမအကြိမ် ခရီးစဉ်အဖြစ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေး တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအပြင် အခြား လုပ်ဆောင်စရာ များစွာ ရှိကြောင်းလည်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က ကင်ဘာရာမြို့တွင် သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အဘော့နှင့် ပူးတွဲ သတင်းစာ ရှင်း လင်းပွဲလည်း ကျင်းပခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက် တဦး၏ သြစတြေးလျတွင် ခိုလှုံခွင့် ကြိုးစားနေကြသော ရိုဟင်ဂျာ(ဘင်္ဂါလီ) လှေစီး ဒုက္ခသည်များအား သြစတြေးလျ နိုင်ငံက အကာအကွယ်ပေးရန် လို၊ မလို မေးခွန်းကို သြစတြေးလျ နိုင်ငံ၏ ဥပဒေ အပေါ်သာ မူတည် ကြောင်း ပြန်လည် ဖြေကြားသွားသည်။

“ဒါပေမယ့် တရားမျှတမှု ရှိဖို့တော့ ကရုဏာနဲ့ ယှဉ်ပြီး ပျော့ပြောင်းညင်သာမှု ရှိသင့်တယ်လို့ ကျမ ယုံကြည်တယ်”ဟု ဒေါ်အောင် ဆန်းစုကြည်က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သည့် လူအုပ်စုချင်း အကြမ်းဖက် တိုက်ခိုက်မှုများ အဆုံးသတ်စေရေး နည်း လမ်းများအပေါ်သာ ပြည်သူများက အာရုံထားစေလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုသည်။

အမုန်းတရားများ သံသရာလည်စေမည့် အကြောင်းများကို ရှောင်ရှား၍ မတူညီသည့် လူ့အသိုင်းအဝိုင်းက အပြန်အလှန် အသိအမှတ်ပြုပြီး နောက်ထပ် အကြမ်းဖက်မှုမျိုး မဖြစ်ပေါ်စေရန် အဘက်ဘက်က ထိန်းသိမ်း သင့်ကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်ပတ်သက်၍လည်း အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးမှု တည်ဆောက်ရန် အဓိက တာဝန် ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆိုသွားသည်။

အဆိုပါ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် တချိန်က အတိုက်အခံခေါင်းဆောင် ဖြစ်ခဲ့သော ဝန်ကြီးချုပ် တိုနီ အဘော့က မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းများအပေါ် သြစတြေးလျ၏သဘောထားကို ပြောဆိုရာတွင် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲ ကိစ္စ တရားမျှတမှု ရှိစေရေး ဆိုင်ရာကိုလည်း ထည့်သွင်းပြောဆိုသည်။

“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ မြန်မာနိုင်ငံမှာ ဖြစ်ဖို့၊ တန်းတူညီမျှ ယှဉ်ပြိုင်နိုင်ခွင့် ရှိဖို့တော့ ထင်သာမြင်သာ ဆောင်ရွက် ရပါလိမ့်မယ်”ဟုလည်း ၎င်းက ဆိုသည်။

သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး၏ ဖိတ်ကြားမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ၅ ရက်ကြာ သြစတြေးလျ နိုင်ငံ ခရီးစဉ်ကို နိုဝင်ဘာ ၂၆ ရက်နေ့က မြန်မာနိုင်ငံမှ စတင် ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာလ ၂၇ ရက်နေ့က ဆစ်ဒနီ ကဇာတ်ရုံ(Opera House) ၌ ကျင်းပသည့် တက္ကသိုလ် ၃ ခု စုပေါင်း ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဆစ်ဒနီ တက္ကသိုလ် ၂ ခုက ပေးအပ်သည့် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ၂ ခုကိုလည်း လက်ခံယူသည်။

ယင်း ကဇာတ်ရုံ၌ ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် လွှတ်တော်တွင်း အရပ်သား လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်အပြင် တပ်မတော် ကိုယ်စားလှယ် တဦးဦးက ထောက်ခံမှသာ ဖွဲ့စည်းပုံ ပြင် ဆင်နိုင်မည်ဖြစ်သဖြင့် ကာကွယ်ရေး ဦးစီးချုပ်၏ ဆန္ဒသည် အဓိက ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုသွားသည်။

ယခုအခါ ပြည်နယ်နှင့်တိုင်း အသီးသီးတွင် NLD ပါတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ကောက်ယူရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နေသည့်အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး အလားအလာကောင်းများ ရှိနေကြောင်းလည်း ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းသည် ၎င်းအနေဖြင့် သမ္မတဖြစ်လို၍ မဟုတ်ကြောင်း၊ သမ္မတဖြစ်လိုသည်မှာ စွန့်လွှတ်ပေးဆပ်သူများ အတွက် သာ ဖြစ်လိုကြောင်း သူတော်စင်၊ သူတော်ကောင်းလည်း မဟုတ်သော မိမိသည် နိုင်ငံရေးသမားသာ ဖြစ်ပြီး နိုင်ငံရေး သမားကောင်း ဖြစ်ရန် ကြိုးစားနေသူသာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် မြန်မာမိသားစုများနှင့်လည်း တွေ့ဆုံသည်။

သို့သော် ကချင် တိုင်းရင်းသားတချို့ကမူ မြန်မာ အစိုးရတပ်က ကချင်ပြည်နယ်အတွင်း အပြင်းအထန် ထိုးစစ်များ ဆင်နွှဲနေချိန် မည်သို့မျှ ဟန့်တားမှုမရှိခဲ့၍ ဒေါ်အောင်ဆန်းစုကြည်နှင့်မြန်မာမိသားစုများ တွေ့ဆုံမှုကို သွားရောက်ခြင်း မရှိကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ လည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ၊ လွှတ်တော်အမတ်များနှင့်လည်း ခရီးစဉ် အတွင်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ ဆစ်ဒနီမြို့အပြင် ကင်ဘာရာ၊ မဲလ်ဘုန်းမြို့များသို့လည်း သွားရောက်မည် ဖြစ်သည်ဟု ဆိုသည်။

အဓိက လာရင်းအကြောင်း တခုဖြစ်သော ကမ္ဘာ့ ကုလသမဂ္ဂမှ ကြီးမှူးကျင်းပသည့် HIV/ AIDS ညီလာခံတွင်လည်း မြန်မာနိုင်ငံ ဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန်အဖြစ် မိန့်ခွန်း ပြောကြားရန် ရှိကြောင်းလည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading