Politics

မြန်မာ့အပြောင်းအလဲ တရုတ်ကြီးစိုးမှုက ရုန်းထွက်ရာမှ ဖြစ်ပေါ်ဟုဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် စစ်အစိုးရမှ အရပ်သားအစိုးရသို့ အာဏာလွှဲပြောင်းပေးပြီး အပြောင်းအလဲများ ဖြစ်ထွန်းလာခြင်းသည် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုနှင့် တရုတ်ကြီးစိုးမှုက ရုန်းထွက်ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင်နိုင်ငံသား သတင်းစာဆရာ ဘာတေးလ်လစ်တနာက ပြောသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့ရှိ ဧရာဝတီသတင်းဌာန ရုံးခွဲတွင် အယ်ဒီတာများ၊ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဘာတေးလ်လစ်တနာက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားရ အလွန်အချက်အချာ ကျသော တည်နေရာ အနေအထားရှိပြီး အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားနေခြင်းမှာလည်း  ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေအနေတို့ကြောင့် မဟုတ်ဘဲ တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံ တို့ကြောင့်ဖြစ်ကြောင်း၊ အမေရိကန်တွင် ပြုလုပ်ခဲ့သော မြန်မာ့အရေးနှင့် ပတ်သက်သည့် ဖိုရမ်တခုသို့ ဖိတ်ကြားခံခဲ့ရပြီး ယင်းဆွေးနွေးပွဲတွင် ဆွေးနွေးချက်များမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အကြောင်း တစုံတရာမျှ မပါဝင်ဘဲ အဓိကအားဖြင့် တရုတ်နိုင်ငံ၊ မြောက်ကိုရီးယား နိုင်ငံတို့နှင့် စပ်လျဉ်းသော သတင်း အချက်အလက်များကိုသာ ဦးစားပေး ပြောဆိုဆွေးနွေးခဲ့ကြကြောင်း သတင်းစာဆရာ ဘာတေးလ် လစ်တနာက ပြောသည်။

အမေရိကန် အစိုးရက မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ထူထောင်ရာတွင်  တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံတို့က မြန်မာနိုင်ငံ အပေါ် လွှမ်းမိုးမှု ရှိသွားမည်ကို စိုးရိမ်လျက်ရှိပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရန် တောင်ကိုရီးယားနိုင်ငံကို ကြားခံ ညှိနှိုင်း ပေးမည့် နိုင်ငံအဖြစ် စဉ်းစား သုံးသပ်ခဲ့ပုံရှိကြောင်း၊ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး ၂၀၁၁ ခုနှစ်တွင် အမေရိကန် နှင့် မြန်မာနိုင်ငံတို့အကြား ဆက်ဆံရေး ပြန်လည်ထူထောင်ရာ၌ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ ်လာရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ မလာရောက်မီ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ခရီးတထောက် ရပ်နားခဲ့ကြောင်း ၎င်းက ဆိုသည်။

“အမေရိကန်က မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် ဝင်ပြီးနောက်ပိုင်းမှာ ကြားခံမလိုတော့ဘူး ဆိုတာကို သူတို့သိလာတယ်၊ အမေရိကန်က တရုတ်နဲ့ မြောက်ကိုရီးယားကို အရမ်းသတိထားတယ်၊ သူတို့ မြန်မာနိုင်ငံကို ဝင်လာတယ် ဆိုတာ ဒီမိုကရေစီကြောင့်လည်း မဟုတ်ဘူး၊ လူ့အခွင့်အရေး ကြောင့်လည်း မဟုတ်ဘူး၊ တရုတ်နဲ့မြောက်ကိုရီးယား ကြောင့်လို့ မြင်တယ်” ဟု ဘာတေးလ် လစ်တနာက ရှင်းပြသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံလည်းဖြစ်၊ အင်အားကြီးနိုင်ငံလည်းဖြစ်သည့် တရုတ်နိုင်ငံက သမ္မတဦးသိန်းစိန် အစိုးရလက်ထက် တရုတ်ကုမ္ပဏီက ဆောင်ရွက်နေသော မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းခံရလိုက်ပြီးနောက် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှု ပုံစံပြောင်းလဲလာပြီး အတိုက်အခံ နိုင်ငံရေးအင်အားစုများနှင့် ထိတွေ့ ဆက်ဆံသည့် မူဝါဒကို သုံးလာကြောင်း ၎င်းက သုံးသပ်သည်။

တရုတ်နိုင်ငံသည် NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကို ချည်းကပ်လာသည့်အပြင်၊ ၈၈ မျိုးဆက် ကျောင်းသားများ ကိုလည်း ချဉ်းကပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရေးပါတီများနှင့် ထိတွေ့မှုရှိလာပြီး  အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များကို တရုတ်နိုင်ငံသို့ လည်ပတ်ရန် ဖိတ်ကြားခဲ့မှုကို ကြည့်ခြင်းအားဖြင့် တရုတ်သည် မြန်မာနိုင်ငံမှ လူထုထောက်ခံမှုရှိသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ချဉ်းကပ်ခြင်းဖြင့် လူထု အမြင်ပြောင်းလဲလာစေရန် လုပ်ဆောင်လာသည်ကို တွေ့ရကြောင်း ဘာတေးလ် လစ်တနာက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လတ်တလော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေး လုပ်ဆောင်မှုများရှိနေရာ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိက ကျသော အချက်များကို ပြင်ဆင်နိုင်မည်ဟု မထင်မြင်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲများ ကျင်းပရမည်ဖြစ်ရာ လက်ရှိတွင် ပြင်ဆင်နိုင်မည့် အလားအလာ နည်းပါးကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့်လည်း ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီသော်လည်း ၂၀၁၅ ရွေးကောက်ပွဲအပြီး နောက်ပိုင်း တွင်လည်း အာဏာသိမ်းမှု ပြုလုပ်မည်ဟု မထင်မြင်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲအပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်နိုင်သည်ဆိုသော ပြောဆိုမှုများသည်လည်း မှန်းဆချက်များသာ ဖြစ်လိမ့်မည်ဟု ထင်မြင်ကြောင်း ဘာတေးလ် လစ်တနာက ဆိုသည်။

စာရေးဆရာ၊ သတင်းစာဆရာ ဘာတေးလ်လစ်တနာသည် နှစ်ပေါင်း ၄၀ ကျော်ကြာအောင် အာရှရေးရာ သတင်း၊ ဆောင်းပါးနှင့် စာအုပ်များ ရေးသားခဲ့သူဖြစ်ပြီး မြန်မာ့အရေး ကျွမ်းကျင်သူတဦးဖြစ်ကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ လက်ထက်၊ စစ်အစိုးရလက်ထက်တို့တွင် မြန်မာနိုင်ငံပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခံခဲ့ရသူ နိုင်ငံခြား သတင်းစာ ဆရာတဦးဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading