Human Rights

ထိုင်း၌ အဖမ်းခံထားရသည့် မြန်မာ မိန်းကလေးများလွတ်ရေး သံရုံး ကူညီ

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံတွင် လိင်ဖျော်ဖြေရေး လုပ်ကိုင်နေမှုဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံထားရသည့် အသက် ၁၈ နှစ်အောက် မြန်မာ မိန်းကလေး ၁၃ ဦးကို ပြန်လွှတ်ပေးရေး အတွက် မြန်မာ အစိုးရ တာဝန်ရှိသူများ ယမန်နေ့က သွားရောက် တွေ့ဆုံ ကူညီကြောင်း သိရသည်။

အမျိုးသမီးများကို ထိန်းသိမ်းထားသည့် ပထုံဌာနီမြို့ရှိ ကလေးထိန်းသိမ်းရေး စခန်းတွင် ထိုင်းနိုင်ငံ လူမှု့ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံ ခြုံရေး ဝန်ကြီးဌာန အကြီးအကဲ ပဝီနာ ဟောင်စကူးနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်းတို့က တွေ့ဆုံခဲ့ ကြောင်း မြန်မာ သံရုံးမှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးကျော်ကျော်လွင်က ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် အမျိုးသမီးများသည် ရှမ်းပြည်နယ် ဒေသခံများ ဖြစ်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က စားသောက်ဆိုင် တဆိုင်တွင် ထိုင်း အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခံရခြင်း ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

“တနှစ်လောက် ကြာနေပြီ၊ နောက် သူ့တို့မိဘတွေက တွေ့ခွင့်မရဘူးဆိုတော့ ကျနော်တို့ကို အကူအညီလာတောင်းလို့ သွားပြော ပေးတာ”ဟု ဦးကျော်ကျော်လွင်က ဆက်ပြောသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးတင်ဝင်း ဦးဆောင်၍ ဦးကျော်ကျော်လွင်၊ ကိုမိုးနိုင်အောင်နှင့် ဦးထွန်း အေး တို့ လိုက်ပါသွားပြီး ထိန်းသိမ်းခံထားရသည့် အမျိုးသမီးများကိုလည်း တွေ့ခွင့်ရကြောင်း သိရသည်။

“ကောင်မလေးတွေကို သူတို့က စားသောက်ဆိုင်ကနေ ဖမ်းလာတဲ့အတွက် အဲဒီစားသောက်ဆိုင်နဲ့ ပတ်သက်တဲ့ သက်သေတွေကို ကြိုတင် ထွက်ချက်ယူပြီးသွားရင် မကြာခင် ပြန်လွှတ်ပေးပါမယ်လို့ ထိုင်းအကြီးအကဲ ပဝီနာ ဟောင်စကူး က ပြောပါတယ်”ဟု ဦးကျော်ကျော်လွင်က ရှင်းပြသည်။

ပြန်လွှတ်ပေးမည့် ကာလကိုမူ အဆိုပါ ထိုင်းအကြီးအကဲက ပြောကြားခြင်း မရှိသော်လည်း အဖမ်းခံထားရသည့် အမျိုးသမီးများက အမြန်ဆုံး ပြန်လွှတ်ပေးနိုင်ရေး အတွက် ကူညီရန် တောင်းဆိုသည်ဟုလည်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ပြောကြားချက်အရ ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသူ မြန်မာနိုင်ငံသား အမျိုးသမီး၊ အမျိုးသား ၃၄၀၀ ခန့်ရှိပြီး လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးအတွက် မြန်မာ အစိုးရက ကြိုးပမ်းနေကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံ အနေနှင့် ထိုင်းဘုရင်နှင့် မိဖုရားတို့၏ မွေးနေ့များတွင် ထိုင်းနိုင်ငံတဝန်းရှိ အကျဉ်းထောင်များမှ ပြစ်ဒဏ်ကျခံနေရ သူများကို ပြစ်ဒဏ်များ လျှော့ပေါ့ပေးခြင်းနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းတို့ ရှိသကဲ့သို့ မြန်မာ အစိုးရကလည်း ပစ်ဒဏ်ချခံ ထားရ သည့် ထိုင်းနိုင်ငံသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသည်။

ထိုင်း ဘုရင်နှင့် မိဖုရားများ၏ မွေးနေ့များသည် ဒီဇင်ဘာ ၅ ရက်နှင့် သြဂုတ်လ ၁၂ ရက်နေ့တို့ဖြစ်သည်။ မြန်မာနိုင်ငံ သမ္မတရုံး၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များအရ ပြန်လွှတ်ပေးခဲ့သော ထိုင်းနိုင်ငံသား အကျဉ်းသား အမျိုးသမီးနှင့် အမျိုးသား ၁၀၂ ဦးတို့ကို လွှတ်ပေးပြီး ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လကလည်း တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်တွင် နယ်မြေ ကျူးကျော်မှုဖြင့် ထိုင်းနိုင်ငံသား ၉၂ ဦးကို ဖမ်း ဆီး၍ ထောင်ဒဏ်ချမှတ်ခဲ့ရာ အားလုံးနီးပါးကို မြန်မာအစိုးရက ပြန်လွှတ်ပေးခဲ့သည်။

Loading