ပဲခူးမြို့တွင် လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့်ပတ်သက်ပြီး ခွင့်ပြုချက်မရှိ ဆန္ဒပြခဲ့သူ ၇ ဦးကို ပဲခူး မြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့် ငွေဒဏ် တသောင်း၊ ပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် ၆ လပြစ်ဒဏ် များ ယနေ့ ချမှတ်လိုက်ကြောင်း သိရှိရသည်။
၂၀၁၃ ခုနှစ်၊ သြဂုတ်လ ပဲခူးမြို့ ရွှေမောဓော ဘုရားလမ်း၊ လိပ်ပြာကန် အနီးတွင် လယ်သမားအရေး ဆောင်ရွက် လှုပ်ရှားသူ ဦးဝင်းချို အပါအဝင် ဆန္ဒပြသူ ၇ ဦးနှင့် လယ်သမားများသည် လယ်ယာ မြေသိမ်းဆည်းခံရမှု များအတွက် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြပြပွဲ ပြုလုပ်ခဲ့မှုကြောင့် အာဏာပိုင်များက ဖမ်းဆီး တရားစွဲဆိုခဲ့ကြောင်း၊ ယင်းသို့ တရားစွဲရာတွင် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုအတွက် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ နိုင်ငံအကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့်လည်းကောင်း တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။
ယနေ့ ပဲခူးမြို့နယ်တရားရုံးက ဆန္ဒပြသူများကို အမိန့်ချမှတ်ရာတွင် ဦးဝင်းချိုနှင့် ၅ ဦးကို ပုဒ်မ ၅၀၅ (ခ) အရ ထောင်ဒဏ် ၆ လ အပြစ်ပေးသည့်အပြင် ဦးဝင်းချိုနှင့် ရန်ပိုင်စိုးတို့ ၂ ဦးကို ပုဒ်မ ၁၈ အရ ဒဏ်ငွေ တသောင်း ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ဦးဝင်းချို၏ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်ထံမှ သိရှိရသည်။
“ဒီအမှုက တရားမျှတတယ်လို့ ယုံကြည်တဲ့အတွက် အယူခံမဝင်တော့ပါဘူး။ ပဲခူးမြို့နယ်တရားရုံးရဲ့ တရားစီရင်မှုက ရန်ကုန်မြို့နဲကွာခြားတယ်လို့မြင်မိတယ်။ အခုအမှုက အချုပ် ၃ လ ပါပြီးသား ဆိုတော့ ထောင်ဒဏ်က ၃ လပဲရှိ တော့တယ်။ ထောင်ဒဏ် ၃ လ ပဲပေးတဲ့ အတွက် သာဓုခေါ်ပါတယ်။ ဒီဇင်ဘာလအတွင်းမှာလည်း နိုင်ငံတော် သမ္မတကြီးရဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့် ပေးမှာမို့ နောက်တလအတွင်းမှာ ပြန်လွှတ်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ဦးရောဘတ်စန်းအောင်က ဆိုသည်။
သမ္မတဦးသိန်းစိန်သည် နိုဝင်ဘာလ ၁၅ ရက်နေ့က နိုင်ငံရေးအကျဉ်းသား ၆၉ ဦး လွှတ်ပေးခဲ့ပြီး ဒေါ်နော်အုန်းလှ၊ အာဏာရှင်ဟောင်းဦးနေဝင်း၏ မြေးများဖြစ်သော ကိုကျော်နေဝင်း၊ ကိုအေးနေဝင်းတို့ပါ လွတ်မြောက်လာခဲ့သည်။