မြန်မာဝမ်ပေါင်ကုမ္ပဏီနှင့် စစ်တပ်ပိုင် စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက်က ဆောင်ရွက်လျက်ရှိသော လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆန္ဒပြမှုများကို အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းခဲ့မှု တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် တရုတ်နိုင်ငံတော်အလံကို မီးရှို့ဆန္ဒပြကြကြောင်း သိရှိရသည်။
ယနေ့ နေ့လယ် ၂ နာရီမှ စတင်ပြီး ဒေါ်နော်အုန်းလှ၊ ဦးအောင်စိုး အပါအဝင် တက်ကြွလှုပ်ရှားသူများ ၃၀ ခန့်က ရန်ကုန်မြို့တော်ခန်းမနားမှ စတင်၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းမှု တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆန္ဒပြ ချီတက် လမ်းလျှောက်ပွဲ ပြုလုပ်ခဲ့ပြီး ဒဂုံမြို့နယ်၊ ပြည်ထောင်စုရိပ်သာလမ်းရှိ တရုတ်သံရုံးနားအထိ ချီတက်ဆန္ဒပြခဲ့ကြောင်း၊ သို့ရာတွင် ရဲတပ်ဖွဲ့က တရုတ်သံရုံးရှေ့တွင် သံဆူးကြိုး ဘယ်ရီရာများ ချထားပြီး လုံခြုံရေး တင်းကျပ်စွာ ချထားပြီး တရုတ်သံရုံးရှေ့အထိ ဆန္ဒပြသူများကို ဝင်ခွင့်မပြု ခဲ့ကြောင်း သိရှိရသည်။
ဆန္ဒပြသူများသည် သက်ဆိုင်ရာ အာဏာပိုင်များရှေ့တွင် တရုတ်နိုင်ငံတော်အလံကို မီးရှို့ဆန္ဒပြခဲ့ပြီး “လက်ပံ တောင်း မီးလောင်ဗုံး တရားခံများအား အမြန်ဆုံး ဖော်ထုတ် အရေးယူပေးရန်´´၊ “ဝမ်ပေါင်ကုမ္ပဏီ ငါတို့နိုင်ငံက ချက်ချင်းထွက်´´ ဆိုသော ပိုစတာများ ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။
“မြန်မာပြည်ရဲ့ သယံဇာတတွေကို တရုတ်တွေက သိမ်းနေလို့ အခုလို ဆန္ဒပြတာ´´ ဟု ဆန္ဒပြသူတဦး က ပြောဆိုသည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မုံရွာမြို့ ကြေးနီတောင်စီမံကိန်းတွင် သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြနေသော သံဃာတော်များနှင့် ဒေသခံများကို ရဲတပ်ဖွဲ့က မီးလောင်ဗုံးဖြင့် အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး သံဃာတော်များနှင့် ဒေသခံများစွာ မီးလောင်ဒဏ်ရာများရရှိခဲ့ကြသည်။
(တေဇလှိုင် ပူးပေါင်းရေးသားသည်)