ဒီမိုကရေစီနည်းကျ အင်စတီကျုးရှင်းများနဲ့ ဒီမိုကရေစီနည်းမကျ ရလဒ်များ ဘီနင်သမ္မတ ရွေးကောက်ပွဲကနေ ပြနေတဲ့ သင်ခန်းစာယူစရာ တခုရှိတယ်။ ဒါကတော့ နိုင်ငံရေး အင်စတီကျူးရှင်းတွေနဲ့ ဆုံးဖြတ်ချက်ဆိုင်ရာ စည်းမျဉ်းတွေဟာ လူမျိုးစုဆိုင်ရာ အကျိုးရလဒ်ပိုင်းတွေမှာ အဓိကကွဲပြားချက် တခုကို ဖြစ်ပေါ်သွားစေနိုင်တယ် ဆိုတာပါပဲ။ ဘီနင်ရွေးကောက်ပွဲဟာ သုံးဖွဲ့ယှဉ်ပြိုင်မှုကနေ နှစ်ဖွဲ့ ခွဲခြားယှဉ်ပြိုင်မှုဘက်ဆီ ကူးပြောင်းသွားခဲ့တယ်။
နိုင်ဂျီးရီးယားရဲ့ ပထမ ဆုံးသမ္မတနိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ ဖက်ဒရယ်စနစ်ဟာ တောင်-မြောက် နှစ်ခြမ်း ကွဲသွားရတဲ့ အခြေအနေအထိ ဆိုက်ရောက်သွားစေခဲ့တယ်။ ဒုတိယ သမ္မတနိုင်ငံမှာ ကျင့်သုံး တည်ဆောက်လိုက်တဲ့ ဖက်ဒရယ်စနစ်ကျ ပထမနိုင်ငံတုန်းကနဲ့ မတူကွဲပြားသွားတယ်။ ဒီတော့ တောင်-မြောက် နှစ်ခြမ်းကွဲသွားရတဲ့
အနေအထားမျိုး မဖြစ်ခဲ့ရဘူး။ မလေးရှား အလွှာပေါင်းစုံ ပါဝင်မှုသဘောရှိတဲ့ မဲဆန္ဒရှင်ပြည်သူတွေဟာ လူမျိုးစု ပေါင်းစုံပါဝင်တဲ့ ညွှန့်ပေါင်း အစိုးရတရပ် ဖွဲ့စည်းနိုင်မယ့် အခြေအနေမျိုးကို ဖန်တီးဖို့ အတူပေါင်းစည်းပြီး ရှိနေခဲ့ကြပါတယ်။ သီရိလင်္ကာရဲ့ အလွှာတထပ်တည်း သဘောရှိတဲ့ မဲဆန္ဒရှင် ပြည်သူတွေကတော့ တမီလ်တွေကို ထည့်သွင်းစရာ အကြောင်းမရှိဘူးဆိုတဲ့ မူကိုကိုင်ပြီး ဆင်ဟာလီ အစိုးရတွေကို ထောက်ခံပေးခဲ့ကြတယ်။
ဒီမိုကရေစီနဲ့ အံဝင်နိုင်တဲ့ အင်စတီကျူးရှင်းတွေ အများကြီးရှိတယ် ဆိုတာကို စိတ်ကူးထဲမှာ တွေးကြည့်နိုင်တယ်။ ဒါပေမယ့် အဲဒီ အင်စတီကျူးရှင်း အားလုံးကနေ လူမျိုးစုပေါင်းစုံ ပါဝင်မယ့်သဘောကို ပေါ်ပေါက်လာစေနိုင်တာတော့ မဟုတ်ပေဘူး။
တကယ်တမ်းပြောရင် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးတွေဟာ လူမျိုးစု ဖယ်ထုတ်ခြင်းမူ၊ ဒါမှမဟုတ် ဒီမူကို အားပေးတာကလွဲပြီး တခြားဘာမှ လုပ်ကြတာ မဟုတ်ဘူး။ အဲဒီ အုပ်ချုပ်ရေးပုံစံတွေဟာ လူမျိုးစုကွဲပြားချက် နက်နက်နဲနဲ မရှိဘဲ နိုင်ငံရေး ဆက်သွယ်ပေါင်းစည်းမှုတွေ ပြောင်းလဲမှုရှိတတ်ကြတဲ့ နေရာတွေမှာ ကောင်းကောင်း အလုပ်ဖြစ်နိုင်တယ်။ ပြီးရင် လူများစုတွေနဲ့ လူနည်းစုတွေကို ခွဲခြား တည်ဆောက်တာမျိုး လုပ်လို့ရနိုင်တဲ့၊ လုပ်လို့မရနိုင်တဲ့ နေရာမျိုးမှာ အလုပ်ဖြစ်နိုင်တယ်။ အလားတူ အုပ်ချုပ်ရေးပုံစံတွေရဲ့ အလုပ်လုပ်ပုံဟာ ကွဲပြားချက်တွေကို
အကြောင်းရင်းခံတွေအဖြစ်၊ မပြောင်းလဲနိုင်တဲ့ အရာတွေအဖြစ် မြင်ကြတဲ့ နေရာတွေမှာတော့ မတူဘူး၊ ကွဲပြားတယ်။ အဲဒီလို လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံရေးပါတီတွေဟာ လူမျိုးစုအရ အခြေခံ ဖွဲ့စည်းထားကြတာ ဖြစ်တယ်။ ဒီနေရာမှာ
မဲပေးသူတွေ၊ ပါတီတွေနဲ့ ရွေးကောက်ပွဲ ရလဒ်တွေရဲ့ ဆက်သွယ်ချက်တွေနဲ့ ပတ်သက်တဲ့ ဖြေရှင်းကြည့်ရမယ့် ပြဿနာ ၅ ခုကို စဉ်းစားကြည့်ရအောင်။ စဉ်းစားကြည့်တဲ့နေရာမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အဆက်အစပ်တွေကနေ စဉ်းစားမှာ ဖြစ်တယ်။
တစ်အချက် မဲပေးသူတွေ။ ဒီသူတွေဟာ ပါတီတခုရဲ့ ကိုယ်စားပြုခံထားရတယ်။ သူတို့တွေဟာ မဲအများစုအဖြစ် ပေါင်းစည်းထားမိတဲ့သူတွေ ဖြစ်တယ်။ ဒီလူများစုရဲ့ ပါတီဟာ လွှတ်တော်စနစ်ထဲမှာ နေရာအများစုကို အနိုင်ရတာ ဖြစ်တယ်။ ယှဉ်ပြိုင်မှုစည်းမျဉ်းတွေက ရာထူးနေရာမှာ အပြောင်းအလဲ ဖြစ်နိုင်အောင် ဖွင့်ပေးထားတာတွေ ဖြစ်ရင် လူနည်းစုအနေနဲ့ သူတို့ရဲ့ အဆင့်တိုးပွားမှုနဲ့ ရလဒ်ကို ပြန်ပြောင်းနိုင်ဖို့ နောက်ထပ်အချိန်ကာလ တခုကို စောင့်ဖို့ လိုအပ်တယ်။ ဒါပေမယ့် လူများစုနဲ့ လူနည်းစုဟာ အပြောင်းအလဲ မရှိဘဲ အသေဖြစ်နေတယ်လို့ ဆိုပါစို့။ ဒါဟာ
ဘာကြောင့်လဲဆိုရင် တဖွဲ့ချင်းစီဟာ သူတို့ကိုယ်သူတို့ အုပ်စုတစုတည်းအဖြစ် ထင်မြင်ယူဆကြတယ်။ သူတို့ အတွက်က အုပ်စုဆိုတာကို အခြားအုပ်စုတွေနဲ့ အတူဝေမျှယူဖို့ မလိုအပ်တဲ့ အကျိုးအမြတ်တွေနဲ့ ဆက်သွယ် ရင်းနှီးမှုတွေကို ပိုင်ဆိုင်ထားတဲ့ အရာလို့ ဖွင့်ဆိုတယ်။ ဒီမှာ အကျိုးဆက်နှစ်ခု ထွက်လာတယ်။ အုပ်စုစည်းခြားမှုတွေကို လွှမ်းခြုံထားတဲ့ ပါတီတွေဟာ စုစည်းဖို့ ခက်ခဲပါလိမ့်မယ်။ ဖြစ်ပေါ်နေတဲ့နှစ်ခြမ်းကွဲအနေအထားမှာ ရာထူးပိုင်းအပြောင်းအလဲဟာ မဖြစ်နိုင်တဲ့ အရာမျိုး ဖြစ်နေတယ်။ ဒီမိုကရေစီနည်းကျ လူများစု အုပ်ချုပ်ရေးဆိုတဲ့ အကောင်းဆုံး နမူနာဖြစ်ရပ်ဟာ လူနည်းစု ဖယ်ထုတ်ခြင်း လွန်ကဲမှုကိစ္စဆီကို အလျင်အမြန် ကူးပြောင်းသွားတယ်။ လူမျိုးစုကွဲပြားနေတဲ့ လူ့အဖွဲ့ အစည်းတွေမှာ လူများစု အုပ်ချုပ်ရေးဆိုတာ အဖြေတခု မဟုတ်ဘူး၊ ပြဿနာတခု ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအုပ်ချုပ်ရေးဟာ လွှမ်းမိုးချယ်လှယ်မှုကို ခွင့်ပြုပေးလိုက် သလိုဖြစ်နေတာပဲ။
နှစ်အချက်က ပါတီ ၃ ခုရှိတယ် ဆိုပါစို့။ နှစ်ဖွဲ့က ၄၀ ရာခိုင်နှုန်းထောက်ခံမှု တဖွဲ့စီရပြီး ကျန်တဖွဲ့က ၂၀ ရာခိုင်နှုန်း ရမယ်။ ဗျူဟာခွဲခြားကြည့်ရင် ၂၀ ရာခိုင်နှုန်းရတဲ့ ပါတီက ကွဲထွက်သွားမယ်။ အစိုးရဖွဲ့ဖို့ ၄၀ ရာခိုင်နှုန်းရှိတဲ့ ပါတီနှစ်ဖွဲ့က တဖွဲ့ဖွဲ့ နဲ့တော့ ပူးပေါင်းသွားမယ်။ ဒီတော့ ပါဝါ ဆက်သွယ်ချက်တွေကို ကြည့်ရင် အားနည်းတဲ့ အနေအထားမှာရှိတဲ့ တွဲဖက်အဖွဲ့လေးဟာ သူ့ထက်ပိုအားကြီးတဲ့ ပါတီကြီးကသာ စိုးမိုးချယ်လှယ်မှာကို ထိုင်ကြည့်နေရမယ့် အနေအထားမှာ ရှိတယ်။ လူနည်းစုက ကျန်တဲ့သူတွေကို အုပ်စိုးတာ။ ဒါပေမယ့် ရွေးကောက်ပွဲအသစ်တွေ ကျင်းပမယ်ဆိုရင် ဒီလူနည်းစုကပဲ အုပ်စိုးနေတာမျိုးဟာ တည်ငြိမ်ခိုင်မာနိုင်မှာ မဟုတ်ဘဲ မတူတဲ့အုပ်ချုပ်ရေးပုံစံတရပ်ကို ပေါ်ပေါက်စေနိုင်တယ်။ ဒီပါတီတွေဟာ လူမျိုးစုအုပ်စုတွေကို ကိုယ်စားပြုလာတဲ့ အခြေအနေကို မရောက်ဘူးဆိုရင် အုပ်ချုပ်ရေးပုံစံကွဲတခု ထွက်ပေါ်လာမှာကို တွေ့ရနိုင်တယ်။ ဒီပါတီတွေဟာ လူမျိုးစုအုပ်စုတွေကို ကိုယ်စားမပြုရင် အဲဒီပါတီရဲ့ အဖွဲ့ဝင်တွေကလည်း ယေဘုယျအားဖြင့် အုပ်စုစည်း ခြားမှုတွေကိုကျော်ပြီး ပါတီတွေကို ထောက်ခံအားပေးမှာ မဟုတ်ဘူး။ အဲဒီလိုကိစ္စမျိုးမှာ လူနည်းစုအုပ်ချုပ်ရေး ဟာကြာရှည်ခိုင်မာနိုင်တယ်။
သုံးအချက်က ဒီနေရာမှာ လျစ်လျူရှုမိလိုက်သလို ဖြစ်နေတာက ရွေးချယ်ပေးလိုက်တဲ့ မဲတွေနဲ့ အနိုင်ရရှိတဲ့ အမတ်နေရာတွေကြား ကွာဟချက်တွေကိုပဲ။ အချိုးကျ ကိုယ်စားပြုမှုကနေ ပြဿနာ ပထမတချက်နဲ့ ဒုတိယတချက်ကို ဘာမှ ဖြေရှင်း မပေးနိုင်ဘူး။ အနိုင်ရတဲ့ အမတ်နေရာတွေကို ပါတီအင်အားနဲ့ ချိန်ညှိပြီး အချိုးကျပုံစံ လုပ်ပေးရတာလို့ ယူဆကြတယ်။ ဒါပေမယ့် အင်္ဂလို-အမေရိကန် ဗဟုသဘော ရွေးကောက်ပွဲစနစ်ကို စဉ်းစားကြည့်မယ်။ အဲဒီ ရွေးကောက်ပွဲပုံစံမှာ အမတ် တနေရာကို မဲအများဆုံးရတဲ့ ဘယ်အမတ်လောင်းမဆိုက ရတဲ့မဲ ၅၀ ရာခိုင်နှုန်းထက်တောင် နည်းစေဦးတော့ အမတ် တနေရာကိုတော့ ရတယ်။ ပါတီတွေဟာ စုစု ပေါင်း မဲတဝက် မရှိတရှိလောက်ရလည်း အလုပ်ဖြစ်တဲ့ စနစ်တခုအောက်မှာ လူများစုကို အလွယ်တကူပဲ ပေါင်းစည်း တည်ဆောက်နိုင်တယ်။ မာဂရက်သက်ချာရဲ့ ပါလီမန်အတွင်း အများစု နေရာယူထားတဲ့ သုံးကြိမ် ရွေးကောက်ခံရတဲ့ အစိုးရဟာ မဲအားလုံးရဲ့ ၄၀ ရာခိုင်နှုန်း ကျော်ကျော်လောက်ကို ဘယ်တော့မှ ရတာမျိုးမရှိခဲ့ဘူး။ ဒီနေရာမှာ ဗြိတိန်ရွေးကောက်ပွဲတွေဟာ တရားမျှတမှုရှိတဲ့ နည်းလမ်းတွေနဲ့ စီစဉ်ကျင်းပကြတာကို တွေးနိုင်တယ်။ ဒါပေမယ့် ဒီစနစ်အောက်မှာ ဒီမိုကရေစီနည်းကျ တယောက်တလှည့် ရာထူးယူဖို့ လမ်းပိတ်နေတယ်ဆိုတာ ဘယ်သူမှ စဉ်းစားမိမှာ မဟုတ်ဘူး။ ဗြိတိန်နိုင်ငံဟာ လူမျိုးစု ကွဲပြားမှုရှိတဲ့ လူ့အဖွဲ့ အစည်းတခု ဖြစ်ပြီး နိုင်ငံရေးပိုင်းမှာ လစ်ဘရယ် ဒီမိုကရက်တွေ၊ ကွန်ဆာဗေးတစ်တွေနဲ့ လေဘာပါတီဝင်တွေ ဆိုပြီး အပြိုင်အဆိုင်ရှိပေမယ့် အဲဒီ ပါတီ တခုချင်းစီဟာ တခုတည်းသော လူမျိုးစုအုပ်စုတစုကို ကိုယ်စားပြုထားကြတာ ဖြစ်ရင် ဒီလိုနေရာမှာ လူနည်းစုကနေ အမြဲတမ်း ရေရှည် အုပ်စိုးဖိစီးမှုကို တောင်းဆိုရင် ဖြစ်နိုင်ချေ အရမ်းရမ်းကို များနေပါလိမ့်မယ်။
ပထမတချက် ပြဿနာက လူမျိုးစု ကွဲပြားချက်တွေအပေါ် ထင်ဟပ်လွန်း အားကြီးမှု ပါဝင်နေတဲ့သဘောပဲ။ အကျိုး ရလဒ်က လူများစုကို ထည့်သွင်းပြီး လူနည်းစုကို ဖယ်ထုတ်ခြင်းတွေ ဖြစ်သွားစေတယ်။ လူများစု အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စနှစ်ခုက ၂၀ ရာခိုင်နှုန်းရှိတဲ့ အုပ်စုအတွင်း ကွဲပြားချက်တွေနဲ့ ပတ်သက်ပြီး ခွဲဝေပေးရေးမှာ အချိုးမညီဘဲ ဖြစ်တာကနေ ပေါ်ပေါက်လာတာ။ နောက်ပြီးတော့ ပေးလိုက်တဲ့ မဲတွေကို အမတ်နေရာတွေအဖြစ် ရွေးကောက်ပွဲစနစ်က ပြောင်းလဲ ပေးလိုက်ပုံကနေ ပေါ်ပေါက်လာတယ်။ ဒီတော့ ရွေးကောက်ပွဲ စနစ်မှာ ဟန်မကျဘဲ အဖျက်သဘာ၀ ရှိနေတာကို ဥပမာ အချိုးကျ ကိုယ်စားပြုမှုနဲ့ ဖယ်ရှားလိုက်ရင် တတိယ ပြဿနာက ဒုတိယပြဿနာ မူကွဲပုံစံမျိုး ဖြစ်လာမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပြဿနာတရပ် အနေနဲ့တော့ ရှိနေသေးတာပဲ။
လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြုလုပ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေရဲ့ အကျိုးရလဒ်အဖြစ် လူနည်းစု အုပ်ချုပ်ရေးကို ပေါ်ပေါက်ဖြစ်ထွန်းစေနိုင်တဲ့ ဟန်မကျမှု အရင်းအမြစ်နှစ်ခုရှိတယ်။ ပထမရင်းမြစ်က ဖက်ဒရယ်စနစ်၊ နောက်တခုက ညွန့်ပေါင်းပုံစံတွေကို လျှပ်တပြက် အကောင်အထည်ဖော် ဖွဲ့စည်းတာကနေ ဖြစ်ပေါ်လာတာ။
ဖက်ဒရယ်စနစ်ကို ကြည့်ရအောင်။ ပြည်နယ်သုံးခု၊ ဒါမှမဟုတ်၊ အစိုးရအဖွဲ့သုံးဖွဲ့ ရှိနေမယ်။ တဖွဲ့က တခြားနှစ်ဖွဲ့ထက် သိသိသာသာကို ပိုအင်အားကြီးမယ်။ အဲဒီပြည်နယ်ရဲ့ လူဦးရေဟာ ကျန်ပြည်နယ်နှစ်ခုပေါင်း လူဦးရေနဲ့မှ အတူတူ ဖြစ်နေမယ်။ အဲဒီလို နိုင်ငံတော်ထဲမှာ အကြီးမားဆုံး ပြည်နယ်ထဲက အကြီးမားဆုံးအုပ်စုဟာ မဲလူဦးရေရဲ့ သုံးပုံ-နှစ်ပုံ ရှိနေတယ်။ ဒါပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ တခုလုံးသဘောနဲ့ဆိုရင် သုံးပုံ- တပုံ ရှိနေတယ်။ နိုင်ငံတော် အဆင့် အောက် ဗဟိုကနေ ပါဝါကို သိသိသာသာနဲ့ ခွဲဝေပေးမှုမျိုးမရှိဘူး။ အဲဒီလို နိုင်ငံတော်ထဲမှာ အကြီးမားဆုံးပြည်နယ်က အကြီးမားဆုံးအုပ်စုဟာ နိုင်ငံရေးကို လွှမ်းမိုးချယ်လှယ်လာပြီ ဆိုကတည်းက လူနည်းစု အခြေခံ အတိုက်အခံအင်အား ကြီးထွားမှုကလည်း အဲဒီနေရာမှာ ကန့်သတ်ချုပ်ခြယ်ခံ ရပြီဆိုတာ သိနိုင်တယ်။ ဒီအတွက် လူနည်းစုအခြေခံ အတိုက်အခံတွေဟာ ဘယ်တော့မှ နိုင်ငံတော်ကို ထိန်းချုပ်ခွင့်ရနိုင်မှာလဲလို့ မမျှော်လင့်လေနဲ့။ အမျိုးသား ရွေးကောက်ပွဲတွေမှာ ကြီးမားတဲ့ပြည်နယ်ကြီးက မဲတွေဟာ အဲဒီ ဒေသအခြေစိုက် ပါတီအတွက် ပါလီမန်နေရာတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက် အပြည့်အ၀ ရဖို့အတွက် လုံလောက်တယ်။ အဲဒီလောက်ရရင်ကိုပဲ အစိုးရတရပ် ဖွဲ့စည်းဖို့ အလားအလာတွေ ရှိသွားနိုင်ပြီ ဖြစ်တယ်။ ဒီအတိုင်းပဲ ဒေသတခုက လူများစု၊ နိုင်ငံတခုလုံးအရပြောရင် လူနည်းစုပေါ့။ အဲဒီအုပ်စုတစုဟာ လူနည်းစုအုပ် ချုပ်ရေးအတွက် လက်နက်တခုအဖြစ် သူတို့ရဲ့ ဌာနေပြည်နယ်အပေါ် ထိန်းချုပ်မှုကို အသုံးချကြတယ်။ အဲဒီတော့ ဒီဖက်ဒရယ်စနစ်ကနေ လွှတ်တော်နေရာတခု အပိုဆုကြေးတရပ်ကို ရလိုက်တယ် ဒီဖက်ဒရယ် စနစ်ကထွက်လာတဲ့ အပိုဆုကြေး လွှတ်တော်တနေရာနဲ့ ဗဟုသဘော ရွေးကောက်ပွဲတွေကနေ အကြီးမားဆုံးပါတီကို ထုတ်လုပ်ပေးလိုက်တဲ့ နေရာနဲ့ နှိုင်းယှဉ်ကြည့်နိုင်တယ်။
နောက်ဆုံး ငါးအချက်ကတော့ ညွန့်ပေါင်းနိုင်ငံရေးပုံစံပဲ။ အဲဒီနိုင်ငံရေးပုံစံဟာ လူနည်းစု အုပ်ချုပ်ရေးကိုလည်း ထုတ်လုပ်ပေးနိုင်တယ်။ လူမျိုးစုအုပ်စု အတော်များများဟာ သူတို့ရဲ့ မဲတွေအားလုံးကို ပါတီ နှစ်ဖွဲ့ထက်မက အဖွဲ့တွေကြားထဲမှာ ခွဲခြားထားတယ် ဆိုပါစို့။ အဲဒီ ပါတီတဖွဲ့ချင်းစီဟာ အဲဒီအုပ်စုကိုသာ ကိုယ်စားပြုနေမယ်။ ဒါပေမယ့် အုပ်စုတွေထဲက တဖွဲ့က အခြားအဖွဲ့တွေထက် ပိုကြီးမားမယ်။ စုစုပေါင်း လူဦးရေရဲ့ တဝက်လောက်ကို ပေါင်းစည်းဖွဲ့ထားမယ်။ ပါတီနှစ်ဖွဲ့ ကြား မဲတွေကို ၂/၁ အချိုးနဲ့ ခွဲထားတယ်။ တခြားအုပ်စုတွေဟာ သူတို့ရဲ့ မဲတွေကို ပါတီ အတော်များများကြားမှာ ခွဲခြားထားတာ။ အကြီးမားဆုံးပါတီဟာ အကြီးမားဆုံးအုပ်စုရဲ့မဲ သုံးပုံ-နှစ်ပုံရရှိတယ်။ ပေးလိုက်တဲ့ မဲအားလုံးရဲ့ သုံးပုံ-တပုံလောက်ရှိမယ်။ အဲဒီ ပါတီဟာ ညွန့်ပေါင်းအုပ်ချုပ်ရေးထဲမှာ အဓိက ဗဟိုကျသူ ဖြစ်သွားပါတယ်။ အနည်းဆုံး သူ့ထဲမှာ အခြားအုပ်စု တဖွဲ့ချင်းစီက ပါတီတခု ပါဝင်နေမှာပဲ။
တခြား ပါတီတွေ အတော်များများကတော့ အတိုက်အခံ အနေအထားမျိုးအဖြစ် ကျန်ခဲ့ရတော့တာပါ။ ညွန့်ပေါင်းအဖဲ့ွကို လွှမ်းမိုးခြယ်လှယ် လိုက်နိုင်ပြီဆိုတော့ အဓိက ဗဟိုပါတီဟာ သူ့အုပ်စုရဲ့ သုံးပုံ-နှစ်ပုံ၊ မဲလူဦး ရေရဲ့သုံးပုံ-တပုံ ထောက်ခံမှုတွေကို ကိုင်ပြီး နိုင်ငံကို အခြေခံအားဖြင့်ကို အုပ်ချုပ်လို့ ရသွားပြီ။ ဗဟုသဘောနဲ့ သွားတဲ့ ရွေးကောက်ပွဲ စနစ်တခုမှာကျတော့ မဲရဲ့သုံးပုံ-တပုံ၊ လွှတ်တော်နေရာရဲ့သုံးပုံ-တပုံကျော် လောက်ရရင် အနိုင်ရမှာပဲ။ ဒါပေမယ့် ဒီကိစ္စမှာကျတော့ ကြိုတင် မျက်နှာသာပေးထားတဲ့ အနေအထားတရပ်ကို စီစဉ်ချထားပြီးတဲ့ ပုံစံဖြစ်နေတယ်။ ဒီမှာတွေးကြည့်ပြီး သုံးသပ်လို့ရတာက ပါတီဟာ လူမျိုးစုသဘော အခြေခံဖြစ်နေရင် ညွန့်ပေါင်းအဖွဲ့မှာ သူက အဓိက ဗဟိုနေရာရထားတော့ သူထုတ်မယ့် ပေါ်လစီတွေဟာ သူ့အုပ်စုရဲ့ အကျိုးအမြတ်ကို ဦးစားပေး ဘက်လိုက်ထားမှာ ဖြစ်တယ်ဆိုတာပဲ။
တကယ်တမ်းပြောရင် ဒီဖြစ်နိုင်ခြေတွေအားလုံးက စိတ်ကူးယဉ် ယူဆချက်တော့ မဟုတ်ဘူး။ ဒီဖြစ်စဉ် တခုချင်းစီဟာ လူမျိုးစုပေါင်းစုံ လူ့အဖွဲ့အစည်း တချို့က နိုင်ငံရေး အခင်းအကျင်းတွေကို ဖော်ထုတ်ပြနေတယ်။ ကိစ္စတခုချင်းစီကို ကြည့်ရင် ဒီမိုကရေစီ ပြဿနာဆိုတာ ပါတီနယ်နိမိတ်ဘောင်တွေ အသေသတ်မှတ်ကြမှု သဘာဝကြောင့် ဖြစ်လာတာပဲ။ အဲဒီ ပါတီဘောင် အသေဖြစ်မှုဟာ အုပ်စုဘောင်မှာ အဆုံးသတ်တယ်။ အချို့အုပ်စုတွေကို ပါတီတဖွဲ့ထက်မက ကိုယ်စားပြုတယ် ဆိုရင်တောင်မှပဲ ဒီဘောင်အသေ ဖြစ်နေမှုကြောင့်ပဲ ဒီမိုကရေစီပိုင်းမှာ ပြဿနာဖြစ်ရတာ။ သေချာအောင် ထပ်ပြောရရင် ပါတီတွေအတွင်းမှာ ဒီလိုဖွဲ့စည်းမှု ပုံသေဖြစ်မှု သဘာဝကနေ ထွက်ပေါ်လာတဲ့ ဖယ်ထုတ်ခြင်း မူအချို့ဟာ အခြားအရာတွေထက်တောင် လွန်လွန်ကဲကဲ ဖြစ်နေတာပါပဲ။ လူများစုက လူနည်းစုကို တိတိပပနဲ့ အမြဲတစေ ပိတ်ပင်ထားမယ်၊ သီရိလင်္ကာမှာ ဒါမျိုးတွေ ထပ်တလဲလဲ လုပ်ခဲ့ကြတယ်။ အဲဒီတော့ ဖယ်ထုတ်ခြင်းမူကို ကိုင်စွဲတာ၊ ဖယ်ထုတ်ခြင်း အမြင်တွေ ရှိတာဟာ ကျယ်ပြန့်ပြင်းထန်တဲ့ အကြမ်းဖက်မှုကို လုံးဝဖြစ်ပေါ်စေတယ်လို့ ပြောရင် အံ့သြစရာ မရှိပါဘူး။ လူနည်းစု ဒါမှမဟုတ် ဗဟုသဘာဝရှိ အုပ်စုတွေကနေ လူများစုကို ပြန်ပြီးတော့ ပိတ်ပင်ထားမယ်၊ ဒါမှမဟုတ် အခြားလူနည်းစု အပေါ်ကိုပဲ ပြန်ပိတ်ပင်ထားမယ် ဆိုရင်တောင်မှ အကြမ်းဖက်မှုဆိုတာ အတိုင်းအဆ ကွဲပြားရင် ကွဲပြားမယ်၊ ဖြစ်ပေါ်လာမှာကိုတော့ တားဆီးလို့မရနိုင်ဘူး။
နိုင်ဂျီးရီးယားမှာဆိုရင် ဖယ်ဒရယ်စနစ်ဟာ အချိုးမညီတော့ ပြဿနာတေကွ တပုံကြီးတက်ခဲ့တာပါ။ ရလဒ်ကတော့ အုပ်ချုပ်ရေးတရပ်ဟာ တည်ငြိမ် ခိုင်မာမှုမရှိဖြစ်ရတာပဲ။ ညွန့်ပေါင်း အဖွဲ့ထဲမှာ အခြားအုပ်စုတွေကြား အကွဲအအက်တွေကို လူနည်းစုက ထိန်းချုပ်နိုင်ရင် အကျိုးရလဒ်ကို ပြီးပြည့်စုံတဲ့ ဖယ်ထုတ်ခြင်းအဖြစ် မြင်လို့တော့ မရဘူး။ ဒါပေမယ့် တစိတ်တပိုင်း ဖယ်ထုတ်ခြင်းအဖြစ်တော့ မြင်လို့ရမယ်။ ဖယ်ထုတ်ခြင်း ဆိုတဲ့ ကိစ္စက စနစ်တခုခုအပေါ် သစ္စာရှိမှု ပြင်းပြင်းထန်ထန် ဖြစ်လာစေတဲ့ အစီအမံတရပ်တော့ မဟုတ်ဘူး။
ဒါတွေကို သိမြင်နိုင်ဖို့က ဒီမိုကရေစီနဲ့ပတ်သက်ပြီး ကျကျနန သိမြင်ထားတဲ့ အယူအဆတွေ ကောင်းကောင်းရှိမယ်ဆိုရင် ပြဿနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်သလို၊ အကျိုးရလဒ်တွေကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။ အကျိုးရလဒ်တွေဆိုတာ အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းတွေနဲ့ လူမျိုးစု စာရင်းကောက်မှု ပညာရပ်တို့ အပြန်အလှန် ချိတ်ဆက် အလုပ်လုပ်နိုင်အောင် ဖော်ဆောင်ထားမှု တရပ်ပဲ။ မကွယ်မဝှက် ပြောရရင် ဒီမိုကရေဆိုင်ရာ အယူအဆပိုင်းမှာ ကျကျနန ရှိနေရုံလောက်နဲ့ လူမျိုးစုကွဲပြားမှု စနစ်တကျနဲ့ကို ရှိနေတဲ့ လူ့အဖွဲ့အစည်းတွေအတွက် မလုံလောက်သေးဘူးလို့ ဆိုရမယ်။ လုပ်နည်းကိုင်နည်း၊ စီမံအုပ်ချုပ်ပုံ အုပ်ချုပ်နည်းဆိုတာ ပြောစရာ မလိုတဲ့အရာ၊ ဖယ်ထုတ်ခြင်း ဆိုတာကို ပြီးပြည့်စုံအောင် လုပ်နိုင်ကြတာဆိုတော့ ဒီမိုကရေစီ အယူအဆပိုင်းမှာ သာမာန်ကာလျှံကာ ရှိရုံနဲ့တင် မရဘူး။
နိုင်ငံရေးယှဉ်ပြိုင်မှုနဲ့ ပတ်သတ်တဲ့ စည်းမျဉ်းတွေကို ပြောင်းလဲနိုင်ခြေ မရှိဘူးလားဆိုတော့ မဟုတ်ဘူး၊ ရှိပါတယ်။ အဲဒီ စည်းမျဉ်းတွေကို လူ့အဖွဲ့အစည်းတွေထဲ ပိုလည်ပတ်မှုကောင်းအောင် လုပ်ပေးနိုင်တာတွေ ရှိတယ်။ ထည့်သွင်းမှုကို အားပေးမိသွားစေအောင်လည်း လုပ်ပေးနိုင်တယ်။ လွယ်တော့ မလွယ်ဘူးပေါ့။ ဒီမိုကရေစီဆိုတာကို ကျနော်တို့က
လက်တွေ့ကျကျနဲ့ ယှဉ်ပြိုင်နိုင်ခြေရှိမှု၊ အပြောင်းအလဲ ဖြစ်နိုင်ခြေရှိမှု၊ ဒါမှမဟုတ်၊ အပြောင်းအလဲ ဖြစ်နိုင်မယ့် အလားအလာကို အရိပ်အမြွက် ဖော်ပြတာထက် ပိုပြီး ထည့်သွင်းမှုသဘောရှိရှိနဲ့ ပါဝင် ဆောင်ရွက်ခြင်းဆိုတာကို ညွှန်းတာလားဆိုပြီး ရှင်းရှင်းလင်းလင်း ဖွင့်ဆိုထားရမယ်။ အမျိုးသားရေး သဘာဝကို အသေစွဲကိုင် သစ္စာထားမှုဆိုတာ လူများစုကနေ လူနည်းစုတွေကို ဖယ်ထုတ်ခွင့်နဲ့ လူနည်းစုကနေ လူများစုတွေကို ဖယ်ထုတ်ခွင့် ပြုပေးလိုက်တဲ့အရာ ဖြစ်တယ်။ ဒီတော့ လူမျိုးစုကွဲပြားမှု ပြင်းထန်တဲ့ လူ့အဖွဲ့အစည်းတွေထဲမှာ ဒီမိုကရေစီနဲ့ ပတ်သတ်ပြီး ပြဿနာ နှစ်ခုသာ ထွက်ပေါ်လာတယ်။ အဲဒါက လူများစုအုပ်ချုပ်ရေး (Majority rule) နဲ့ လူနည်းစုအုပ်ချုပ်ရေး (Minoritiy rule) ဆိုပြီးတော့ပဲ။ ဒီပြဿနာနှစ်ရပ်စလုံးဟာ နေရာဒေသ တော်တော်များများမှာ ဖြစ်ပေါ်နေတာကို တွေ့ရတယ်။
ဒီမိုကရေစီနည်းကျ ကုစားပေးခြင်း
လူမျိုးစုကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေမှာ ဒီမိုကရေစီဟာ တင်းပြည့်ကျပ်ပြည့် အောင်မြင်မှု မရတာကို တွေ့ရမယ်။ ပြီးရင် ဆုံးဖြတ်ချက်ချတဲ့ စည်းမျဉ်းအများစု မလုံလောက်သေးတာ၊ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကိုင်တွယ် ဖြေရှင်းနိုင်မယ့် အင်စတီကျူးရှင်းတွေ အားနည်းတာ၊ ထည့်သွင်းခြင်းအပိုင်းမှာ အောင်မြင်မှုမရ ဖြစ်ရတာတွေ၊ တယောက်ရဲ့လက်တွေကို တယောက်က ဖြတ်ထုတ်ပစ်ဖို့ ကြိုးစားမှုတွေ ဒါတွေဟာ လူမျိုးစုကွဲပြားမှုရှိတဲ့ လူ့အဖွဲ့အစည်းအတွင်းက ဒီမိုကရေစီ ဖော်ဆောင်မှုလုပ်ဖို့ ကြိုးစားရင်းနဲ့ တွေ့ကြုံရတာတွေ ဖြစ်တယ်။ ရွေးကောက်ပွဲတွေ ကျင်းပရတဲ့ အဓိပ္ပာယ်က ဘာလဲ။ ဇမ်ဘီးယားမှာ နယန်ဂျာအုပ်ချုပ်ရေးနေရာမှာ ဘမ်ဘာလွှမ်းမိုးတဲ့အုပ်ချုပ်ရေးတခုနဲ့ အစားထိုးဖို့ လုပ်ကြမယ်ဆိုရင် ရွေးကောက်ပွဲ ကျင်းပရခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲဆိုပြီး မေးစရာဖြစ်လာတယ်။ နိုင်ငံတော်ရဲ့ အခြားတဝက်လောက် ရှိနေသူအုပ်စုနဲ့ အတူ ပူးပေါင်းဆောင်ရွက်တာမျိုး မရှိဘဲ ဘီနင်မှာ မြောက်ပိုင်း အုပ်ချုပ်ရေးကို တောင်ပိုင်းအုပ်ချုပ်ရေးနဲ့ အစားထိုးပစ်ရေးဆိုပြီး ရွေးကောက်ပွဲတွေ ကျင်းပကြတာ ဘယ်လို အဓိပ္ပာယ်မျိုးများ ရှိနေသလဲ။
ဒီဖြေရှင်းရခက်မယ့် မေးခွန်းအတွက် တချို့က ပြန်တုံ့ပြန်ဖြေတာ ရှိတယ်။ အဲဒါကတော့ နိုင်ငံရေးထဲကနေ လူမျိုးစု သဘာဝကို ဖယ်ထုတ်ပစ်ရေး ဆိုတာပဲ။ ဒီအယူအဆက လူတန်းစား ဒါမှမဟုတ်၊ အိုင်ဒီယိုလော်ဂျီဟာ နိုင်ငံရေးအရ ပေါင်းစည်းမှုအတွက် တကယ်စစ်မှန်တဲ့ အခြေခံတရပ် ဖြစ်တယ် ဒါမှမဟုတ်၊ ရည်ရွယ်ချက်တွေ အားလုံးအတွက် လူမျိုးစုသဘာဝဟာ နိုင်ငံရေး ကျန်းမာသန်စွမ်းမှုအတွက် အဆိပ်အတောက် ဖြစ်တယ်လို့ ဆိုလိုလိုက်တာပဲ ဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး ဥပမာတရပ်ကို ပြရရင် နိုင်ဂျီရီးယား စစ်တပ်အာဏာပိုင်တွေရဲ့ ပါတီနှစ်ဖွဲ့ထဲကို ခွင့်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ပဲ။ အဲဒီ ပါတီနှစ်ဖွဲ့က ဆိုရှယ်ဒီမိုကရက်နဲ့ ကွန်ဆာဗေးတစ် နှစ်ဖက်စီ ဖြစ်နေတာ။ နှစ်ဖွဲ့စလုံးကို လူမျိုးစု ပေါင်းစုံဆိုတဲ့ အရာက ပြဋ္ဌာန်းထားတယ်။ ဒီဖြေရှင်းချက်က အတုအယောင်သဘော လုပ်ထားတာပဲ။ ဒီဖြေရှင်းချက်ရဲ့ အောက်ခံ ယူဆချက်ဖြစ်တဲ့ လူမျိုးစုသဘာဝဟာ နိုင်ငံရေးပိုင်းမှာ တရားဝင် လည်ပတ်လုပ်နိုင်တဲ့ အနေအထားတွေ မရှိဘူး၊ နိုင်ငံရေးပိုင်း အပေါင်းအဖော်တွေအဖြစ် သတ်မှတ်လို့ မရဘူးဆိုတာတွေဟာ အဲဒီ လူမျိုးစုသဘောကို အသိဉာဏ် နည်းတဲ့ အရာအဖြစ် တံဆိပ်ကပ်လိုက်ကြတဲ့ သဘောပါပဲ။ နိုင်ငံရေးဖြစ်စဉ်ထဲကနေ လူမျိုးစုသဘာဝကို မောင်းထုတ် ပစ်လိုက်တာပဲ။ လူမျိုးစု ပေါင်းစည်းခြင်းဆိုတာ ကွဲပြားမှုရှိတဲ့ လူ့အဖွဲ့အစည်း တခုအတွင်းမှာတော့ လုံခြုံမှု စိတ်ချရလို့ ခံစားမှု (a sense of security) တရပ်ကို ပေးစွမ်းတယ်။ နောက်တခုက ယုံကြည်မှုထားနိုင်တဲ့ အရင်းအမြစ်တခု (a source of trust)၊ သေချာရေရာမှု၊ အပြန်အလှန် ရိုင်းပင်းကူညီမှုနဲ့ ပြင်ပသူစိမ်းရဲ့ နှောင့်ယှက်ဖျက်ဆီးခံရမယ့် အရေး
တွေ့ကြုံနေရတဲ့ လူတဦးရဲ့ အကျိုးအမြတ်တွေကို လျစ်လျူရှုမထားနိုင်ဘဲ ကာကွယ်စောင့်ရှောက်မှု ပေးခြင်း စတဲ့ အရင်းအမြစ်တွေကိုလည်း ပေးစွမ်းနိုင်တယ်။ ကွဲပြားခြားနားမှုရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာ လူမျိုးစု အုပ်စုတစုဟာ သူတို့ ကိုယ်သူတို့ ကွန်မြူနတီတခုအဖြစ်၊ အခြားသူတွေနဲ့ ယှဉ်ပြီး ကွန်မြူနတီ တခုလုံးသဘောကို တည်ဆောက်မှု အဖြစ် မြင်ကြတယ်။ ဒီအမြင်ဟာ လူမျိုးစုစည်းခြားပြီး ပါတီဖွဲ့စည်းရေးအတွက် ခိုင်မာတဲ့တွန်းအားတရပ်ကို ပေးလိုက်နိုင်တယ်။
ဒါက လူမျိုးစုသဘာဝကို နိုင်ငံရေးကနေ ဖယ်ထုတ်ရေးဆိုတဲ့ ဖြေရှင်းချက်တခု။ တခြား လူ့အဖွဲ့အစည်းတွေမှာတော့ အချိုးကျခွဲဝေမှုကို လိုက်နာမယ်၊ စုပေါင်းဆုံးဖြတ်ချက် ဗီတိုအာဏာကို ခွင့်ပြုပေးပြီး တခုတည်းသော ကြီးမားကျယ်ပြန့်တဲ့ ညွန့်ပေါင်းအဖွဲ့ အတွင်းကနေ လူမျိုးစုထည့်သွင်းမှု စံနှုန်းတွေကို ဖံွ့ဖြိုးတိုးတက်အောင် လုပ်ရေးဆိုတဲ့ အဖြေပုံစံတခုကို ပေးတယ်။ ဒီဖြေရှင်းချက်တွေမှာ အားနည်းချက်တွေ အများကြီး ရှိတယ်။ ဒီထဲကမှ အထင်ရှားဆုံး တခုကို ပြရရင် လူမျိုးစု သဘာ၀ ဖျက်သိမ်းခြင်း ဖြေရှင်းချက်သဘောကို တပြေးတည်း လက်ခံထားတဲ့ အချက်ပါပဲ။ ဒီသဘောက လူမျိုးစု ပဋိပက္ခ ထဲမှာ ပါဝင်သူတွေကို သူတို့တွေရဲ့ ပဋိပက္ခတွေကို ဘေးချိတ်ထားဖို့ အကြံပေးလိုက်တာပဲ ဖြစ်တယ်။
အနိုင်ရ နိုင်တယ်လို့ တွေးတဲ့ ပါတီတခုအနေနဲ့ သူ့အတိုက်အခံတွေ အကျိုးရှိဖို့ ဘာကြောင့် လုပ်ပေးရမလဲ။ ဒါဟာ ထူးဆန်းတဲ့ကိစ္စလို့ အနည်းဆုံး ယူဆနိုင်တယ်။ ဒါ့အပြင် တခုလုံးသဘော ထည့်သွင်းပါဝင်တဲ့ ညွန့်ပေါင်းအဖွဲ့ကြီးဟာ ခွဲဝေပေးရေးမှာ ပြဿနာတွေနဲ့ ရင်ဆိုင်ရတယ်။ ဆုံးဖြတ်ချက် စည်းမျဉ်းတွေအောက်မှာ လူတိုင်းကို ထည့်သွင်းမယ်၊ ခွဲဝေပေးမှု ရှယ်ယာတွေကို အသေထားမယ်၊ လူနည်းစုဘက်က အသံတိတ်နေရမယ်ဆိုရင် အနိုင်ရခြင်းရဲ့ ဆုလာဘ်က ဘာလဲဆိုပြီး မေးခွန်းထုတ်ကြည့်ရမယ်။ အတိုက်အခံဖြစ်တဲ့ လူနည်းစုက အသံတခုကြောင့် မဟုတ်ဘဲ ဗီတို အာဏာကြောင့်သာ အသံတိတ်ပေးနေရမှာ ဖြစ်တယ်။ ဇမ်ဘီးယားမှာ တွေ့ခဲ့ရသလိုပ၊ဲ ထည့်သွင်းမှု လွန်ကျူးပြီး လူမျိုးစုပေါင်းစုံ ပါဝင်တဲ့ အစိုးရတရပ်ကို ရွေးကောက်ခြင်းဟာ ထည့်သွင်းခြင်းနဲ့ ဖယ်ထုတ်ခြင်းအတွက် တိုက်ပွဲသစ်တခုရဲ့ အစလို့ ဆိုနိုင်ပါတယ်။ ဒီတိုက်ပွဲရဲ့ အသွင်အပြင်ကနေ ဘာပြနေသလဲဆိုရင် ဆုံးဖြတ်ချက် စည်းမျဉ်းတွေကို ကျင့်သုံးလို့ ရမှာ မဟုတ်ဘူး ဆိုတာရယ်၊ ပိုပြီးအရေးကြီးတာက တကယ်လို့ ကျင့်သုံးမယ်ဆိုရင် ကာလရှည်ကြာ ရှန်သန် တည်ရှိနိုင်မှာ မဟုတ်ဘူး ဆိုတာကိုပဲ။ ဒီနေရာမှာ မှတ်စရာတခုက အတိုက်အခံပုံစံ ဖြစ်ကျန်ရစ်ခဲ့ရတဲ့သူတွေဟာ အစိုးရ အပြင်ဘက်ကိုသာ ရောက်သွားတာ၊ ကွန်မြူနတီတခုလုံးရဲ့ အပြင်ဘက်ကို ရောက်သွားအောင် မလုပ်ရဘူးလို့ တောင်းဆိုမှုပဲ ဖြစ်တယ်။ ထပ်ပြီးမှတ်ဖို့ လိုအပ်တာကတော့ အစိုးရရဲ့အပြင်ဘက်မှာ ဘယ်သူမှ မကျန်ရစ်ခဲ့ဘူး။ အစိုးရအပြင်ဘက်ကို ဘယ်သူမှ ရောက်မသွားဘူးဆိုတာကို သတ်မှတ်ပြဌာန်းထားဖို့ ပါပဲ။
ဇမ်ဘီယာ MMD လို လူမျိုးစုပေါင်းစုံ ထည့်သွင်းထားတဲ့ ပါတီတွေဟာ ကွဲပြားမှုပြင်းထန်တဲ့ လူ့အဖွဲ့အစည်းတွေထဲမှာ ဖရိုဖရဲဖြစ်ပြီး ပျက်ပြား သွားတတ်ကြချိန်ကစပြီး လူမျိုးစုအတွင်းပိုင်း ချိတ်ဆက်ဖွဲ့စည်းတဲ့ ညွန့်ပေါင်းအဖွဲ့တွေအပေါ် အများကြီး အထင်ကြီးလာကြတယ်။ ဒါပေမယ့် အဲဒီအဖွဲ့မျိုးတွေ မဖွဲ့စည်းနိုင်ဘူး ဆိုရင်တောင် လူတိုင်းပါဝင်တဲ့ ညွန့်ပေါင်းအဖွဲ့တွေဟာ ကွဲပြားမှုရှိတဲ့ လူ့အဖွဲ့အစည်းတွေထဲမှာ ကြာရှည်ခံနိုင်ဖွယ် မရှိဘူး။ ဒီအခါမှာ အခြားပုံစံနှစ်မျိုးကို ဖြစ်နိုင်ခြေအနေနဲ့ စဉ်းစားကြည့်နိုင်တယ်၊ အဲဒီပုံစံနှစ်မျိုးကို ဘယ်လိုများ ထိန်းသိမ်း လည်ပတ်စေနိုင်သလဲ ဆိုတာကို တွေးကြည့်သင့်တယ်။
ပထမပုံစံတမျိုးက မလေးရှား ကျင့်သုံးတဲ့ ပုံစံမျိုးပဲ။ လူမျိုးစုပါတီတွေ ဝန်းရံထားတဲ့ လူမျိုးစုပေါင်းစုံ ပါဝင်တဲ့ ညွန့်ပေါင်း အစိုးရပုံစံ ဖြစ်တယ်။ အဲဒီပါတီတွေဟာ သူတို့ရဲ့ ညွန့်ပေါင်းအဖွဲ့ကနေ အပေးအယူ၊ အလျှော့အတင်း လုပ်တာမျိုးကို လက်မခံဘူး၊ ဆန့်ကျင်တယ်။ လူမျိုးစုအုပ်စုအားလုံးက အဖွဲ့ဝင်တွေဟာ ဒီညွန့်ပေါင်းထဲမှာ ပါဝင်ကြတာ ဖြစ်တယ်။ ဒါပေမယ့် ကြီးမားကျယ်ပြန့်တဲ့ ဂရင်းညွန့်ပေါင်း တခုတော့ မဟုတ်ဘူး။ အဲဒီ ညွန့်ပေါင်းအဖွဲ့ကို ၁၉၅၀ ပြည့်နှစ် လွတ်လပ်ရေး မရခင်မှာ ဖွဲ့စည်းခဲ့ကြတာပါ။ အဲဒီအချိန်တုန်းက မလေးနဲ့ မလေး မဟုတ်သူကြား ကွဲပြားမှု ၅၀-၅၀ ပဲ အကြမ်းဖျဉ်း ရှိနေပြီးတော့ ရွေးကောက်ပွဲမှာ ဘယ်သူက အပြတ်အသတ်နိုင်မယ် ဆိုပြီး ခန့်မှန်းပြောလို့မရတဲ့
မရေမရာ အခြေအနေတွေ ပေါ်ပေါက်နေခဲ့တာ ဖြစ်တယ်။ ညွန့်ပေါင်းအဖွဲ့သာ မရှိရင် ထိပ်သီး မလေးပါတီဟာ လာမယ့် မြူနီစီပယ် အုပ်ချုပ်ရေးဆိုင်ရာ ရွေးကောက်ပွဲတွေမှာ အနိုင်ရနိုင်ဖို့ဆိုတာ သံသယ ဖြစ်စရာရှိခဲ့တာ။ အဲဒီ ရွေးကောက်ပွဲတွေမှာ တရုတ်တို့ရဲ့ မဲတွေဟာလည်း အရေးကြီးတယ်။ တရုတ်တွေဟာ လွတ်လပ်ရေးရပြီးတဲ့ နောက်မှာ နိုင်ငံသား ဖြစ်ခွင့် ရရှိခဲ့ကြတော့ လွတ်လပ်ရေးအလွန် ရွေးကောက်ပွဲတွေမှာ ကောင်းကောင်း မဲပေးနိုင်ကြတာ ဖြစ်ပါတယ်။
တနည်းအားဖြင့်ပြောရင် ရွေးကောက်ပွဲ မက်လုံးတွေဟာ ညွန့်ပေါင်းအဖွဲ့ကနေ မြစ်ဖျားခံလာတာပဲ။ ညွန့်ပေါင်းအဖွဲ့ဟာ ပုံစံသေတခုကို ထားရှိပြီး ကိုယ်စားလှယ်လောင်းတွေကို စာရင်းတခုတည်းမှာ ထည့်တာ။ ဒီတော့ မဲဆန္ဒနယ်တွေတိုင်းမှာ မလေးနဲ့ မလေး မဟုတ်သူတွေရဲ့ မဲတွေကို အသီးသီး စုပေါင်းပါဝင်နေမှုကနေ သူ့အတွက် အကျိုးအမြတ် ထွက်နိုင်တာပဲ ဖြစ်တယ်။ လူမျိုးစုစည်းခြားထားမှုကို ကျော်ပြီး မဲတွေကို စုပေါင်းထားနိုင်တဲ့ တခုတည်းသော နည်းလမ်းကတော့ မဲဆန္ဒရှင်တွေအတွက် ကိုယ်စားလှယ်လောင်း မျက်နှာကို အတော်အသင့် ပြသထားဖို့ပဲ ဖြစ်တယ်။ ဒါမှ အုပ်စုတစုထဲက မဲပေးသူတွေကို နောက်ထပ် ကိုယ်စားလှယ်လောင်းတွေ အတွက် မဲထည့်ဖို့ စေ့ဆော်နိုင်မှာ ဖြစ်တယ်။ ဒီအတိုင်း ကြည့်ရင် ညွန့်ပေါင်းအဖွဲ့ဟာ ညှိယူစေ့စပ်တာမျိုးအပေါ် မှီခိုအားထားနေခဲ့တာ တွေ့ရမယ်။
မလေးပါတီတွေဟာ တရုတ်လူမျိုးတွေနဲ့ စေ့စပ်ညှိယူရမှာကို လက်မခံဘူး။ သူတို့က တရုတ်တွေရဲ့ နိုင်ငံသားဖြစ်ခွင့်ဟာ တရားမဝင်ဘူးလို့ မြင်ထားတယ်။ အခြားတဖက်မှာ မလေးမဟုတ်တဲ့ ပါတီတွေကတော့ နိုင်ငံသားအားလုံး တန်းတူ အခွင့်အရေးရှိရေး ဆိုတာကလွဲပြီး တခြားဘာကိုမှ လက်မခံကြဘူး ဖြစ်နေတာ။ ညွန့်ပေါင်း အတွင်းထဲမှာ အင်အားတောင့်တဲ့ မလေးတွေက ဌာနေတိုင်းရင်းသားဖြစ်မှုကို အရေးဆိုတယ်။ ညွန့်ပေါင်းကို အားပေးထောက်ခံတဲ့ ပိုကြီးမားတဲ့ မလေး မဲဆန္ဒရှင်တွေကလည်း မလေးဘက်ကို ပေးရင်ရလာမယ့် အကျိုးရလဒ်တွေကို ချိန်ဆခဲ့ကြတာ။
အထူးသဖြင့် ၁၉၇၀ ကာလအပြီးမှာပဲ။ တကယ်တမ်းပြောရင် ပြိုင်ပွဲ စည်းမျဉ်းတွေ ဥပမာ မဲ ဆန္ဒရှင် ဘောင်ခတ် ကန့်ထားမှုတွေလိုမျိုး စည်းမျဉ်းတွေဟာ ပိုပြီး အင်အားကြီးမားတဲ့ မလေးပါတနာအဖွဲ့ရဲ့ ပါဝါလက်အောက်ခံတွေ ဖြစ်နေကြတာပါ။ ဒီလိုဖြစ်နေမှ မလေး မဟုတ်သူတွေရဲ့ ညွန့်ပေါင်းထဲပါဝင်နေတဲ့ အခန်းကဏ္ဍ၊ ပါဝါဟာ ဆုတ်ယုတ် လျော့နည်းသွားမှာ ဖြစ်တယ်။ ဒါပေမယ့် ညွန့်ပေါင်းကတော့ အနည်းဆုံး အလုံးစုံ ဖယ်ထုတ်ရေးမူကို ဆန့်ကျင်ရေး အာမခံချက်တခု ဖြစ်ခဲ့တယ်၊ ဖြစ်နေတယ် ဆိုတာကိုတော့ ငြင်းမရဘူး။
(ဆက်လက်ဖော်ပြပါမည်)