ယခင် စစ်အစိုးရလက်ထက်က ဖမ်းဆီးထောင်ချခံခဲ့ရသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူများသည် ဥပဒေကိုချိုးဖောက် ခဲ့သည့် ရာဇဝတ်သားများသာဖြစ်ကြောင်း မြန်မာနိုင်ငံ၏ စစ်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲဟောင်းက ပြောကြား လိုက်သည်။
ကြာသပတေးနေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော အခန်းအနားတခု၌ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်က နိုင်ငံရေး အကျဉ်း သားဟောင်းများသည် အကြောင်းမဲ့သက်သက် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည် ဆိုသည့် အချက်ကို ပယ်ချခဲ့၏။
“သူတို့တွေက သူတို့ကိုယ် သူတို့ ကာကွယ်တဲ့အနေနဲ့ အကြောင်းမဲ့ ဖမ်းဆီးထောင်ချခံရတယ်လို့ ပြောကြပါတယ်၊ တကယ်တော့ သူတို့ ဥပဒေကို ချိုးဖောက်ခဲ့ကြပါတယ်။ သူတို့မှာ အပြစ်ရှိပါတယ်” ဟု ဆိုသည်။
စစ်အုပ်ချုပ်ရေးလက်ထက်က အလွန်အရှိန်အဝါကြီးသော မြန်မာနိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့ကို ဦးဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး ခင်ညွှန့်သည် ၂၀၀၃ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ နောက်တနှစ်ကြာသောအခါ စစ်အစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရပြီး အကျင့်ပျက် ခြစားမှု၊ အမိန့်မနာခံမှု တို့အတွက် ထောင်ဒဏ် ၄၄ နှစ်ချမှတ်ခြင်း ခံခဲ့ရသည်။
ထို့နောက် နေအိမ်အကျယ်ချုပ်ဖြင့် ၈ နှစ်ကြာ ထိန်းသိမ်းခံခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဦးဆောင်သော အရပ်သားအမည်ခံ အစိုးရက နိုင်ငံရေး အကျဉ်းသားဟောင်းများကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွှတ်ပေးသည့် အချိန်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
“အစိုးရက ကျနော်ဟာ ဥပဒေကို ချိုးဖောက်တယ်လို့ ယူဆတဲ့အတွက် ကျနော်တောင်မှ ထောင် ၄၄ နှစ်ကျခဲ့ပါတယ်။ ကျနော် သူတို့ရဲ့ဆုံးဖြတ်ချက်ကို လိုက်နာခဲ့ရပါတယ်။ လူတယောက်ဟာ အပြစ်ရှိ မရှိဆိုတာက အဲဒီအချိန်မှာ အုပ်ချုပ်တဲ့ အစိုးရရဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ အစိုးရက ခင်ဗျား ဥပဒေကို ချိုးဖောက်တယ် လို့ ယူဆမယ်၊ အပြစ်ပေးမယ် ဆိုရင် ခင်ဗျားဟာ အပြစ်ရှိလို့ပဲ။ ဒါကို ကန့်ကွက်ဖို့ အကြောင်းမရှိပါဘူး” ဟုလည်း ဗိုလ်ချုပ် ကြီးဟောင်း ခင်ညွန့်က ပြောသည်။
ကြာသပတေးနေ့က ပြုလုပ်ခဲ့သော မော်နီတာ ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ရေးသားသည့် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်နဲ့ အင်တာဗျူး စာအုပ်မိတ်ဆက်ပွဲ အခန်းအနားတွင် သတင်းထောက်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားရင်း သူက ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်။ အဆိုပါစာအုပ်သည် ဂျာနယ်တွင် ဦးမြတ်ခိုင်နှင့် ဦးခင်ညွှန့်တို့ သီးသန့် တွေ့ဆုံ စကားဝိုင်းများကို စုပေါင်းထုတ်ဝေလိုက်သော စာအုပ် ဖြစ်သည်။
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆိုမှု လူထု ဆန္ဒပြမှုကို စစ်တပ်က အကြမ်းဖက်နှိမ်နင်း ခဲ့၍ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရခြင်းမှ စခဲ့သော စစ်အုပ်ချုပ်ရေးစနစ်အတွင်း နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော စစ်ထောက်လှမ်းရေးဌာန ခေါင်းဆောင် ဖြစ်သည်။ သူ၏ စစ်ထောက်လှမ်းရေး တပ်ဖွဲ့များသည် မြန်မာနိုင်ငံ တလွှားမှ ဒီမိုကရေစီ အရေးလှုပ်ရှားသူများကို ဖမ်းဆီးနှိပ်စက်ခြင်းနှင့် ထောင်ချခြင်းတို့ အတွက် အဓိက တာဝန်ရှိခဲ့သည်။ ထိုသို့ ရက်စက်ကြမ်းတမ်းမှုများကြောင့် ဦးခင်ညွန့်ကို Prince of Evil မိစ္ဆာမင်းသားဟု ဒေသတွင်း လွတ်လပ်သော သတင်းဌာနများက အမည်ပေးခဲ့ကြသည်။
နိုင်ငံရေးအကျဉ်းသားမရှိဟု စစ်အစိုးရလက်ထက် တလျှောက်လုံးနှင့် လက်ရှိ ဦးသိန်းစိန် အစိုးရပင် ကနဦးက ငြင်းဆိုလာခဲ့ရာက ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာ ပြန်လွှတ်ပေးခဲ့ပြီး ယခုနှစ်ကုန်ပိုင်း အရောက်တွင် ကျန်နေသူများကို ပြန်လွှတ်ပေးမည်ဟု သမ္မတဦးသိန်းစိန် အစိုးရက ကတိပေးထားသည်။
ယခုလ အစောပိုင်းက အကျဉ်းသား ၆၉ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွှတ်ပေးခဲ့ရာတွင် ထိုအရေအတွက်သည် အကျဉ်းထောင်များအတွင်းတွင် ရှိနေသော နိုင်ငံရေး အကျဉ်းသားအားလုံး၏ တဝက်ခန့်သာ ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP) က ဆိုသည်။
လက်ရှိပြုပြင်ပြောင်းလဲရေးများကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်းများသည်လည်း စစ်ထောက်လှမ်းရေးအဖွဲ့၏ အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်မှုများကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနိုင်ကြပြီဖြစ်သည်။ အဓိက အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပူးတွဲတည်ထောင်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဝါရင့်စာနယ်ဇင်းသမားကြီး ဦးဝင်းတင်က ယခင်လက ပြုလုပ်ခဲ့သည့် ဧရာဝတီနှင့် တွေ့ဆုံမေးမြန်းမှုတွင် စစ်ခေါင်းဆောင်များအနေဖြင့် ၁၉၈၈ အရေးအခင်းတွင် ရက်စက်စွာသတ်ဖြတ်ခဲ့ရများနှင့် အကျဉ်းထောင်များ အတွင်းတွင် နှိပ်စက်ညှဉ်းပန်းခဲ့မှုများအတွက် တောင်းပန်သင့်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ အခြား ဒီမိုကရေစီရေးလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားဟောင်းများကလည်း သဘောတူကြသည်။
ကြာသပတေးနေ့ စာအုပ်မိတ်ဆက်ပွဲတွင် ယင်းသို့တောင်းဆိုနေမှုများအတွက် တစုံတရာ မှတ်ချက်ပေးရန် ဧရာဝတီက မေးမြန်းခဲ့ရာ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်က “ကျနော်က ဘယ်သူ့ကို တောင်းပန်ရမှာလဲ” ဟုသာ ပြန်လည်မေးခွန်းထုတ်ခဲ့ပြီး အခြားမှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
နိုင်ငံရေး အကျဉ်းသားဟောင်းတယောက်ဖြစ်သော ၈၈ မျိုးဆက်ကျောင်းသားများ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းဇေယျာက “ပြည်သူ အားလုံးကို တောင်းပန်ရမှာပါ။ ကျနော်တို့က စစ်အစိုးရကို အမြဲတမ်း ဆန့်ကျင်ခဲ့တဲ့အတွက် ကျနော်တို့မှာ အပြစ်ရှိတယ်လို့ သူတို့က ပြောပါတယ်။ သူနဲ့ စစ်အစိုးရ ခေါင်းဆောင်တွေ သိထားရမှာက ကျနော်တို့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ ကာကွယ်ခွင့်တွေဟာ သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ ရက်စက်စွာ တားမြစ်ကန့်သတ်ခံခဲ့ရတယ် ဆိုတာပါပဲ။ ကျနော်တို့ဟာ အကျဉ်းထောင်တွေထဲမှာ ရုပ်ပိုင်းဆိုင်ရာအရ နှိပ်စက်ညှဉ်းပန်းခံခဲ့ရသလို၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် အဓမ္မ စစ်ဆေး မေးမြန်း မှုတွေ လုပ်ခံခဲ့ကြပါတယ်။ ကျနော်တို့ရဲ့ မိသားစုတွေလည်း ထိခိုက် ခံစားခဲ့ရပါတယ်။ လူတိုင်းက ဗိုလ်ချုပ်တွေနဲ့ သူတို့လူတွေကို ကြောက်ရွံ့နေခဲ့ကြရတယ်။ ပြန်လည် တောင်းပန်ဖို့နဲ့ လုပ်ခဲ့တဲ့ အမှားတွေအတွက် တာဝန်ယူဖို့တောင်းဆိုတာက လက်စားချေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့က သူတို့ကို အရင်က ဖြစ်ခဲ့တာတွေကနေ သင်ခန်းစာယူပြီးတော့ လက်ရှိအချိန်နဲ့ အနာဂါတ်ကာလမှာ ဒီလိုလမ်းအတိုင်း ဆက်မလျှောက်စေချင်လို့ပါ” ဟု ဦးမင်းဇေယျာက ပြောသည်။
နိုင်ငံရေး အကျဉ်းသား ဟောင်းတဦး ဖြစ်သော ဦးရဲအောင်ကလည်း လယ်သမားများ၊ အလုပ်သမားများတို့၏ အခြေခံအခွင့်အရေးများအတွက် လှုပ်ရှားတောင်းဆိုနေသူများ ဖမ်းဆီး ထိန်းသိမ်းခံရခြင်း၊ တရားစွဲဆို ထောင်ချခံရခြင်းများ ရင်ဆိုင်နေကြရဆဲဟု ဆိုသည်။
“ဦးခင်ညွန့် အနေနဲ့ ခုချိန်မှာ အရင်ထက်စာရင် ပိုပြီး ပွင့်လင်းမြင်သာမှုရှိနေပြီ ဆိုတာကို နားလည်သင့်ပါတယ်။ ဒါပေမယ့် ခု ထွက်လာတဲ့ သူ့ရဲ့ အင်တာဗျူးစာအုပ်နဲ့ တခြားဗိုလ်ချုပ်ဟောင်းတွေ ပြောကြားချက်တွေအရဆိုရင် ပွင့်လင်း မြင်သာမှု မရှိသေးပါဘူး။ ခုချိန်ထိ သူတို့ ပွင့်ပွင့်လင်းလင်း အတိတ်ကို ထုတ်ဖော် မပြောရဲသေးဘူး။ ဖုံးကွယ်ဖို့ပဲ သူတို့ အမြဲ ကြိုးစား နေကြတယ်” ဟုလည်း ဆိုသည်။