အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) နှင့် ကိုယ်စားလှယ်များကို လက်မခံနိုင်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ဘာသာရေး ယုံကြည်မှုကို စော်ကားရာ ရောက်သည့် ဆိုင်းဘုတ်ကို ကိုင်ဆောင် လှည့်လည်ခဲ့သူများကို အရေးယူရန် စုံစမ်းလျှက်ရှိကြောင်း သိရသည်။
နိုဝင်ဘာ ၁၅ ရက်က ရန်ကုန် ဗဟန်းမြို့နယ် ကြားတောရလမ်း၌ OIC အဖွဲ့နှင့် ကိုယ်စားလှယ်များကို လက်မခံနိုင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ရာတွင် ဘာသာရေးဆိုင်ရာ စော်ကားသော စာသားပါဝင်သည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ခဲ့ကြသဖြင့်
အဆိုပါ ဆိုင်းဘုတ်ကိုင်ဆောင်ခဲ့သူများကို ပုဒ်မ ၂၉၅ (တပါးသူ၏ ဘာသာ၊ သာသနာကို စော်ကားမှု) ဖြင့် အရေးယူရန် စုံစမ်းလျှက် ရှိကြောင်း ဗဟန်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိ ရဲတဦးက ဧရာဝတီသို့ပြောသည်။
“ဆန္ဒ ထုတ်ဖော်ခွင့် ပြုလိုက်တုန်းက အဲဒီဆိုင်းဘုတ်တွေ ကိုင်ဆောင်ဖို့ ခွင့်မပြုခဲ့ပါဘူး၊ အခု အဲဒီ ဆိုင်းဘုတ် ကိုင်ဆောင်ခဲ့တဲ့ သူတွေကို အရေးယူမှာပါ။ လောလောဆယ် စုံစမ်းနေဆဲပါ” ဟု အထက်ပါ ရဲအရာရှိက ဆိုသည်။
ဗဟန်းမြို့နယ် ကြားတောရလမ်းတွင် OIC အဖွဲ့နှင့် ကိုယ်စားလှယ်များကို ဆန္ဒထုတ်ဖော်ခဲ့စဉ်က “တိရစ္ဆာန်ဝါဒ …” အစရှိသည်ဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်ကို သံဃာတော်တချို့က ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။
“သူတို့ရဲ့ ဘာသာကို ထိခိုက်မိသွားတယ်ဆိုရင် ကျနော်တို့ ရခိုင် အမျိုးသမီးတွေကို မုဒိန်းကျင့်သတ်ဖြတ်၊ အိမ်တွေ မီးရှို့တာ ကျတော့ရော ဘယ်လို အရေးယူပေးမှာလဲ။ ဒီစာသားက ဆန္ဒပြတဲ့အထဲမှာ ပါသွားတယ် ဆိုတာကလည်း သေချာမစိစစ်မိတဲ့ ကျနော့်အမှားပါ” ဟု နိုဝင်ဘာ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တွင် OIC အဖွဲ့ကို ဆန္ဒထုတ်ဖော်ရန် ဦးဆောင်သူ ရခိုင်လူငယ်ကွန်ရက်မှ ကိုဖိုးသာက ဧရာဝတီသို့ ပြောသည်။
အဆိုပါ စာသားကဲ့သို့ ပြင်းထန်သည့် စကားလုံးများ ပါဝင်သည့် ဆိုင်းဘုတ် တချို့လည်း ထပ်မံ တွေ့ရှိရသည့်အတွက် မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း၊ ယင်းစာသားများကို ဆန္ဒထုတ်ဖော်သူများက ရေးသားခဲ့ခြင်း မဟုတ်ဘဲ ကြားဝင် နှောင့်ယှက် မှုများကြောင့် ဘာသာရေး ထိခိုက်စေသည့် ဆိုင်းဘုတ်များ ပါဝင်ခဲ့ရခြင်း ဖြစ်ကြောင်း၊ အဆိုပါ စာသားအားလုံးကို
မစိစစ် လိုက်နိုင်ကြောင်း ၎င်းက ဆိုသည်။
“တကယ်ဆို အစိုးရနဲ့ နယ်မြေခံ တာဝန်ရှိသူတွေမှာလည်း ဒီကိစ္စအတွက် တာဝန်ရှိတာပဲ၊ သူတို့တွေကလည်း စာသားတွေကို စစ်ဆေးသင့်တယ်လေ၊ ကျနော်တို့တွေက အစိုးရ လက်အောက်ကနေ အလုပ်လုပ်ကြတဲ့ သူတွေမဟုတ်လား” ဟု ၎င်းက
ဆက်ပြောသည်။
ဆန္ဒထုတ်ဖော်ခဲ့သည့် နေ့က ဘာသာရေးဆိုင်ရာ ထိခိုက်မှုရှိနိုင်သည့် ဆိုင်းဘုတ် ၄ ခုကို မီးရှို့ဖျက်ဆီး ပစ်ခဲ့သော်လည်း အဆိုပါ ဆိုင်းဘုတ်ကို မတွေ့ခဲ့သည့်အတွက် မဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ ဆိုင်းဘုတ်ကိစ္စနှင့် ပတ်သက်၍ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ကလည်း သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သကဲ့သို့ ဆရာတော် ဦးပါမောက္ခ အနေဖြင့်လည်း မီဒီယာများတွင် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဦးဇင်းတို့တတွေ ဆိုင်းဘုတ် တချို့ကို ဖျက်ဆီးပစ်ခဲ့သေးတယ်။ ဒါပေမယ့် အဲဒီ ဆိုင်းဘုတ်ကို မတွေ့လိုက်မိဘူး။ တကယ့် ရည်ရွယ်ချက်က မိမိဘာသာရေးနဲ့ OIC ရုံး မစိုက်ဖို့ကို ဆောင်ရွက်တာပါ။ ဒါကိုမှ တရားစွဲချင်တယ် ဆိုရင်တော့ သူတို့ ဆန္ဒအတိုင်းပဲ။ ဒါပေမယ့် တရားစွဲလိုက်တဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ပြဿနာ ပြေလည်သွားမလား၊ ရှုပ်ထွေးသွားမလား ဆိုတာ ကိုတော့ တရားစွဲမယ့် ပုဂ္ဂိုလ်တွေအနေနဲ့ ကြိုတင် ပြင်ဆင်ထားသင့်တယ်” ဟု ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့် ဆရာတော် ဦးပါမောက္ခက မိန့်သည်။
သို့သော် သက်ဆိုင်ရာမှ တရားစွဲဆိုသည်အထိ ပြုလုပ်လာမည်ဆိုပါက တရားစွဲဆိုမည့် သူများအနေဖြင့် သတိထား စေချင်ကြောင်း ဦးပါမောက္ခက ဆိုသည်။
“ဗီနိုင်းလေးတခု မှားတဲ့အပေါ်မှာ တရားစွဲတာ လုပ်ရင်တော့ သူတို့ဘာသာ၊ သူတို့လူမျိုးတွေက လုပ်ထားတဲ့ကိစ္စတွေ အပေါ်မှာလည်း ပြန်ပြီး ပေးဆပ်ရလိမ့်မယ်ဆိုတာ သတိထားစေချင်တယ်” ဟု ၎င်းက ဆက်လက်မိန့်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်၊ ၁၆ ရက် နေ့များက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် OIC အဖွဲ့ လာရောက်သည့် အပေါ် လက်မခံနိုင်သည့် အတွက် ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ စစ်တွေ၊ တောင်ကုတ်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး စသည့် မြို့တချို့တွင် ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။