အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မေတ္တာ ရပ်ခံချက် အပေါ် အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ တုံ့ပြန်ပြောဆိိုမှုသည် စစ်အစိုးရ တုံ့ပြန်ချက် ကဲ့သို့ ဖြစ်နေပြီး လက်ရှိအစိုးရသည် ပြုပြင်ပြောင်းလဲရေး မလိုလားဟု ယူဆစရာဖြစ်နေသည်ဟု NLDက ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ချောမွေ့စေရန် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ လွှတ်တော်တို့ပါဝင်သော တွေ့ဆုံဆွေးနွေးရန် မေတ္တာ ရပ်ခံချက် တစောင် နိုဝင်ဘာလနှောင်းပိုင်းတွင် ပေးပို့လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက် သည် စောလွန်းပြီး ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာ ထွက်ရှိပြီးမှသာ တွေ့ဆုံသင့်၊ မတွေ့ဆုံသင့် ဆုံးဖြတ်သင့်ကြောင်း၊ ယခုအချိန် တွေ့ဆုံမည် ဆိုပါက လွှတ်တော် ကော်မတီအပေါ် ဖိအားပေးရာ ရောက်မည့်အပြင် ရှုပ်ထွေးမှုများ ရှိနိုင်သည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဧရာဝတီသတင်းဌာနအပါအဝင် သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။
အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်အပေါ် ယင်းသို့ တုံ့ပြန် ပြောဆိုမှုသည် တွေ့ဆုံဆွေးနွေးမှုကို အချိန်ဆိုင်းစေရန် ရည်ရွယ်ပြောကြားခြင်းဟု ယူဆနိုင်ကြောင်း၊ သမ္မတဦးသိန်းစိန်အစိုးရ၏ တုံ့ပြန်မှုသည် ၁၉၈၈ ခုနှစ် အမျိုးသားရင်ကြားစေ့ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ယခင် နဝတ အစိုးရထံသို့ တွေ့ဆုံ ဆွေးနွေးရန် တင်ပြချက်အပေါ် ပြန်လည် တုံ့ပြန်သည့် ပုံစံမျိုး ဖြစ်နေကြောင်း NLD၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“ပြုပြင်ပြောင်းလဲမှုကို အချိန်ရွှေ့နေတယ်လို့ ယူဆတယ်။ တကယ်ဘာရည်ရွယ်ချက်လဲဆိုတာ သူတို့ပဲ သိမှာပါ။ ကျနော်ပြောချင်တာက တရားဝင်ပြန်ကြားစာလုံး၀ မရသေးပေမယ့် အစိုးရပြောရေးဆိုခွင့်ရှိသူရဲ့ တုံ့ပြန်ချက်ကို ပြန်တုံ့ပြန်ထားတာပါ´´ ဟု NLD၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်အပေါ် အစိုးရပြောခွင့်ရပုဂ္ဂိုလ်ဦးရဲထွဋ်၏ တုံ့ပြန်ချက် ထွက်ပေါ် လာသော်လည်း သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လွှတ်တော်တို့ထံမှ တရားဝင် အကြောင်း ပြန်ကြားစာမရသေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက် လက်မခံပါက မည်သို့ မည်ပုံ ဆက်လက်ဆောင်ရွက်မည်ကိုလည်း ယခုအချိန်တွင် မပြောနိုင်သေးဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးညီပုက ပြောဆိုသည်။
“ဘာဆက်လုပ်မလဲဆိုတာ ပြောလို့မရသေးပါဘူး။ အချိန်ရွှေ့ဆိုင်းတဲ့သဘောတွေ၊ တွေ့ဆုံဆွေးနွေးရေး မလိုလားဘူးဆိုတဲ့ သဘောတွေရှိနေတယ်လို့ ယူဆလို့ ကြေညာချက်ထုတ်တာပါ´´ ဟု ဦးညီပုက ရှင်းပြသည်။
သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အစိုးရသည် ပြုပြင်ပြောင်းလဲလိုလားကြောင်း၊ ပြုပြင်ပြောင်းလဲရေး လိုလား၍သာ NLD နိုင်ငံရေးတွင် ပါဝင်လာနိုင်ခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ကိစ္စသည် ပြည်ထောင်စု လွှတ်တော် နှင့်သာ သက်ဆိုင်ကြောင်း ပြောဆိုသည်။
“သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေးကြောင့် NLD လွှတ်တော်နိုင်ငံရေးမှာ ပါဝင်လာနိုင်ခဲ့တာဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့ တုံ့ပြန်ချက်က အခြေခံဥပဒေပြင်ဆင်ရေးကို ဟန့်တားတာမဟုတ်ဘူး။ နည်းမှန်လမ်းမှန် ဆောင်ရွက်သင့်ကြောင်း ပြောတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြုပြင် ပြောင်းလဲရေးကို အဟန့်အတားဖြစ်စရာအကြောင်းမရှိပါဘူး။ အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့ပတ်သက်ပြီး အစိုးရဘက်က အချိန်ရွှေ့စရာ အကြောင်း မရှိပါဘူး။ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လုပ်ပိုင်ခွင့် ကို ပြည်ထောင်စုလွှတ်တော် အား အပ်နှင်းထားတာဖြစ်ပါတယ်။ မြန်ခြင်း၊ နှေးခြင်းက ပြည်ထောင်စု လွှတ်တော် နဲ့ ပဲ ဆိုင်ပါတယ်´´ ဟု ဦးရဲထွဋ်က ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး တွေ့ဆုံဆွေးနွေးရန် ရှောင်တိမ်းခြင်း သည် ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီမလိုလား၍ ဖြစ်ကြောင်း သြစတြေးလျခရီးစဉ်အတွင်း ထုတ်ပြန် ပြောဆို ထားသည်။