အကယ်ဒမီ ထွန်းအိန္ဒြာဗိုဟာ သဘာဝကျတဲ့ သရုပ်ဆောင်မှုများကြောင့် ရုပ်ရှင်ချစ်ပရိသတ်များရဲ့ ချစ်ခင်နှစ်သက် အားပေး မှုကို လက်ခံရရှိသူ တဦးဖြစ်ပြီး သရုပ်ဆောင်အနုပညာ အဝန်းအဝိုင်းအတွင်း လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစား ချစ်ခင် ခြင်းကိုပါ ခံယူရရှိသူ ဖြစ်ပါတယ်။ ဒါ့အပြင်၊ ဂီတဘက်မှာလည်း ပရိသတ်အခိုင်အမာ ရခဲ့သူဖြစ်ပြီး သူ့ရဲ့ခေတ်တခေတ် ကို ဖြစ်စေခဲ့သူ တဦး ဖြစ်ပါတယ်။ ဇာတ်ရုပ်တွေ ထပ်လွန်းလာတဲ့ သရုပ်ဆောင်ခြင်း အလုပ်ကို ငြီးငွေ့လာတဲ့အတွက် စိတ်ကြိုက်တွေ့တဲ့ ဇာတ်ကောင်စရိုက်မျိုး ရိုက်ခွင့်မကြုံမခြင်း ကားရိုက်တွေ နားထားတယ်လို့ ဆိုတဲ့ သူဟာ လောလောဆယ် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီမှာ ပါဝင်ကူညီ ဝိုင်းဝန်းပေးနေရင်းက တဘက်မှာလည်း ဆက်လက် သင်ယူချင်နေတဲ့ ပညာရပ်တွေအတွက် အခြေခံဖြစ်တဲ့ အင်္ဂလိပ်စာကို အရင်ဆုံး လေ့လာနေတယ်လို့ သိရပါတယ်။ နိုင်ငံရေးလောကနဲ့လည်း ရင်းနှီးထိစပ်မှုရှိတဲ့ ထွန်းအိန္ဒြာဗိုကို သူသိမြင် ခံစားထိတွေ့မိတဲ့ မြန်မာပြည်က အမျိုးသမီးများ အရေးကိစ္စနဲ့ ပတ်သတ်ပြီး ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ အေးချမ်းမြေ့က မေးမြန်းထားပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက နေပြည်တော်မှာ အမျိုးသမီးဖိုရမ် လုပ်သွားတယ်။ အဲဒီမှာ
ဒေါ်အောင်ဆန်းစုကြည်က အဖွင့် မိန့်ခွန်းပြောတဲ့အခါမှာ အမျိုးသမီးတွေ အင်အားမြှင့်တင်ဖို့ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပိုပြီး ပါဝင်လာအောင် သူ့အနေနဲ့ကြိုးစားနေတယ်တဲ့။ မြန်မာပြည်မှာလည်း အမျိုးသမီး အမျိုးသား ခွဲခြားမှုတွေ ရှိနေသေးတယ်လို့ သူကပြောသွားတယ်။ လွှတ်တော်ထဲမှာလည်း ခွဲခြားမှုတွေရှိနေတယ်လို့ လွှတ်တော်အမတ် မဖြူဖြူသင်းက ပြောသွားခဲ့တော့ အောင်မြင်တဲ့ အမျိုးသမီးတဦးဖြစ်တဲ့ မထွန်းအိန္ဒြာဗို ကရော အဲဒါကို ဘယ်လိုသဘောရသလဲ။
ဖြေ။ ။ ကျမထင်တာတော့ အမေစု (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ အဓိက အဓိပ္ပာယ်ကတော့ Gender ခွဲတဲ့ကိစ္စကို ပပျောက် စေချင်လို့၊ မရှိစေချင်လို့ပြောတဲ့ သဘောပဲ။ ကျမတို့ဆီမှာ Gender ခွဲတာ ရှိနေတာပေါ့။ ဘုရားဆိုလည်း တက်လို့ မရတဲ့နေရာတွေ ရှိနေတယ်။ ကျမတို့လည်း ဗုဒ္ဓဘာသာ ဖြစ်တဲ့အတွက် နားလည်ကြပါတယ်။ တခြားနေရာမှာလည်း အမျိုးသမီးနဲ့ အမျိုးသား ခွဲခြားတာ တွေ့ရတယ်။ ကျမကတော့ လူဆိုရင် လူသားတယောက်အနေနဲ့ပဲ လက်ခံချင်တယ်။ အဲဒီလူရဲ့ အရည်အချင်းပေါ်မှာပဲ ဆုံးဖြတ်ချင်ပါတယ်။ ယောကျာ်မို့လို့ ဘာဖြစ်ရမယ်၊ မိန်းမမို့လို့ ဘာဖြစ်ရမယ် ဆိုတာမျိုးတော့ ကျမသိပ်မကြိုက်ဘူး။ ကျမတို့ အိမ်ထောင်ရေးမှာလည်း ယောကျာ်နဲ့ မိန်းမဆိုပြီး ကျမလက်မခံဘူး။
ဒီအိမ်ထောင်တခုမှာ အရေးကြီးတဲ့ကိစ္စကို ဘယ်သူ ဘယ်လိုတာဝန်ယူပြီး ခွဲခြမ်းလုပ်ကိုင်နေသလဲ ဆိုတဲ့အပေါ်မှာပဲ အိမ်ထောင်ရေးကို ပြေလည်အောင်တည်ဆောက်တယ်။ ယောကျာ်မို့လို့ဆိုပြီး ခြေသုတ်ပုဆိုးမြွေစွယ်ကျိုး မိန်းမတွေ လိုမျိုးလည်း ကျမမလုပ်နိုင်ဘူး။ ဒီလိုပဲ မိန်းမ ထမီနား ခိုစားတဲ့ယောကျာ် ဆိုတဲ့ အပြောမျိုးကိုလည်း ကိုအောင်မင်းထွန်းလည်း အဖြစ်ခံမှာ မဟုတ်ဘူး။ ဒီအိမ်ထောင်မှာ အရေးကြီးတဲ့ တာဝန်ဆိုတာ အများကြီးရှိတယ်လေ။ အဲဒီအရေးကြီးတဲ့ တာဝန် တွေကို ကျမဘယ်မှာ တာဝန်ယူသလဲ၊ သူဘယ်မှာ တာဝန်ယူသလဲ၊ သူဘယ်လောက် တာဝန် ယူမှု ရှိသလဲ ဆိုတဲ့အပေါ်မှာ ကျမတို့အိမ်ထောင်ရေးက တည်နေတာဖြစ်တယ်။ ကျမတို့အိမ်ထောင်မှာ ယောကျာ်၊ မိန်းမ မရှိသလိုပဲ တိုင်းပြည်မှာလည်း မရှိစေချင်ဘူး။ အရည်အချင်းနဲ့ပဲ သွားစေချင်တယ်။
မေး။ ။ လွှတ်တော်ထဲမှာ အမျိုးသမီးအင်အား အရမ်းနည်းနေတယ်လို့ အမျိုးသမီးအဖွဲ့အစည်း တချို့က ဝေဖန်ကြတဲ့ အပေါ် အစ်မအနေနဲ့ ဘယ်လိုမြင်သလဲ။ ဘယ်လို ဖြစ်စေချင်သလဲ။
ဖြေ။ ။ ကျမကတော့ အမျိုးသမီးနဲ့အမျိုးသား Gender ခွဲတဲ့ကိစ္စကို ခေါင်းစဉ်သပ်သပ် ဖြေရမှာပေါ့။ လွှတ်တော်ထဲမှာ ကတော့ တကယ် နားလည်တတ်ကျွမ်းပြီး တကယ်လုပ်ကိုင်နိုင်တဲ့ သူတွေ ဖြစ်စေချင်ပါတယ်။ အမျိုးသမီးပဲ များများ၊အမျိုးသားပဲ များများ၊ လွှတ်တော်ထဲမှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက သက်ရောက်မှု နှေးနေတာကို မြန်အောင် လုပ်နိုင်တဲ့ သူတွေ ရောက်စေချင်ပါတယ်။ အမေစု တယောက်တည်းနဲ့ မဖြစ်ဘူးလေ။ အမေစုက အများကြီး ပြောနိုင်ဆိုနိုင် ရှိသော်လည်း လုပ်ပေးမှလည်း ဖြစ်သေးတာ။ သူက လွှတ်တော်ဥက္ကဋ္ဌလည်း မဟုတ်ဘူး။ နောက်တခုက ၂၅ ရာခိုင်နှုန်း ကိစ္စကြီးကလည်း လုံး၀ သဘောမကျဘူး။ ဘယ်မှာမှလည်းမရှိဘူး။ အဓိပ္ပာယ်လည်းမရှိဘူးလို့ ထင်တယ်။
မေး။ ။ မြန်မာပြည်မှာ အမျိုးသမီးကဏ္ဍကို မြှင့်တင်ဖို့ စတင်ကြိုးစားလာကြပြီ၊ အရင်ကဆိုရင် လုပ်ခွင့်မရတာတွေ အခု မြှင့်တင် လာကြတာ တွေ့ရတယ်။ မင်းသမီးတွေက နိုင်ငံတကာမှာ ဆိုရင် လှတာတခုတည်း မဟုတ်ဘဲ တော်ကြတယ်။ အဲဒီလို လှလည်းလှ တော်လည်း တော်တဲ့ မင်းသမီးတွေ မြန်မာနိုင်ငံ ရုပ်ရှင်လောကအတွက် လိုအပ်သလား။ လိုအပ်တယ် ဆိုလို့ရှိရင်လည်း ဘာကြောင့်လဲလို့ ပြောပြပေးပါ။
ဖြေ။ ။ လိုအပ်တာပေါ့။ အများကြီးလိုအပ်တယ်။ အသိ၊ အမြင်၊ အကြား၊ ဗဟုသုတကြွယ်ဝခြင်းဟာ ဘယ်ကဏ္ဍကိုမဆို တိုးတက် စေတာပဲ။ နိုင်ငံတကာမှာကျတော့ ငယ်ကတည်းက ပွင့်လင်းလာတဲ့ တိုင်းပြည်မှာ ကြီးပြင်းလာရတော့ သူတို့မှာ လက်လှမ်း မီတာတွေ အများကြီးပေါ့။ ကျမတို့မှာက ဘယ်လောက်မှ မရှိတဲ့ ကာလလေးကနေ စလေ့လာနေရတာတွေ ဖြစ်တာပေါ့နော်။ နောက်တခုက ဒီနိုင်ငံမှာ သင်တန်းကျောင်းတွေ၊ အသုံးအဆောင် ပစ္စည်းတွေ ပြည့်စုံမှု ဘာမှမရှိသေးဘူး။ နောက်တခုကလည်း မြန်မာကားက တကမ္ဘာလုံး ဈေးကွက်မဟုတ်တဲ့ အတွက် မြန်မာပြည်ရဲ့ ပရိသတ်ကိုပဲ ရည်ရွယ် ရတာပေါ့။ ကြည့်တဲ့ ပရိသတ် ဘာကြိုက်လဲ၊ ကြိုက်တာလေးကိုပဲ သွားနေရတယ်။ သူ့ဆီက ပိုက်ဆံရချင်တာကိုး။ အဲဒီမှာတင် ဒုက္ခတွေ ရောက်ကုန်တာ။ အဲဒါကြောင့် တပြည်လုံးဗဟုသုတ ကြွယ်ဝဖို့လိုအပ်တယ်။
မေး။ ။ ကျမဆိုလိုတာက တော်တဲ့မိန်းကလေးတွေလည်း မရှိဘူးမဟုတ်ဘူး။ တော်လည်းတော်တယ်၊ လှလည်းလှတယ် ဆိုတာမျိုး၊ မင်းသမီးတွေက အဲဒီလို မဖြစ်သင့်ဘူးလား။
ဖြေ။ ။ ကျမတို့မြန်မာပြည်မှာ တော်တဲ့အမျိုးသမီး တော်တော်များများ တွေ့ဖူးတယ်။ ဒါပေမယ့် အဲဒီ အမျိုးသမီးတွေကို အနီးကပ် စကားပြောမိတဲ့ အခါတိုင်းမှာ သူတို့မှာ တွေ့ရတာလေးက တဘက်မှာ တဘက်ကမ်းခတ်အောင် တော်ပြီး
ကျန်တဘက်မှာ တဘက်ကမ်းခတ်အောင် သူမသိတဲ့ အရာလေးတွေ ရှိနေတယ်။ သာမန်လေးတောင် သူသိသင့်တဲ့ ဟာလေးတွေကို သူမေ့နေတယ်။ ဒါက Balance အောက်နေတယ်လို့ ကျမထင်တယ်။ အဲဒါက ကျမတို့တိုင်းပြည်ရဲ့
ပညာရေးနဲ့ပဲ ဆိုင်တယ်ရှင့်။ ကျမတို့တိုင်းပြည်မှာ ကလေးတွေကို ငယ်ကတည်းကစပြီး ပညာတွေအများကြီး သင်ပေးဖို့ လိုတယ်။ လူမှုဆက်ဆံရေးနဲ့ ပြုမူတဲ့ အပြုအမူကအစ သင်ခန်းစာတွေ အမျိုးမျိုးရှိတယ်။ စကားပြောတာက အစ၊ အတွေး အခေါ်က အစ တယောက်ပြောနေတုန်း ဖြတ်ပြောတာက ရိုင်းတယ်ဆိုတာ သူတို့ သိချင်မှလည်းသိတာပါ။ တခါတလေ
လုပြောချင်ရင်လည်း ပြောနေတာပဲ။ အဲဒါက ဗဟုသုတတွေပေါ့။ ဒီလိုမျိုးလေး သိဖို့ဆိုတာကို အများကြီး လုပ်ရအုံးမှာ။
နိုင်ငံခြားသား တယောက်နဲ့ ဆက်ဆံတဲ့အခါမှာ သူတို့တွေ ဘယ်လိုလုပ်တာလဲ ဆိုတာကို ပြီးပြီးရော ပြောလိုက်ရင်တော့ မသိလိုက်ဘူးပေါ့။ သေချာလေ့လာပြီး ပြောလို့ရှိရင် လေ့လာစရာ အများကြီးရှိတယ်။ ကျမတို့တိုင်းပြည်မှာ အများကြီး နောက်ကျနေတယ်။ ဒါက တိုင်းပြည်တခုလုံးနဲ့ ကျမတို့က ခြုံပြောတာ။ ပညာရေး အသတ်ခံရတာကစပြီး တိုင်းပြည်တခုလုံး
ချွတ်ခြုံကျတယ်လို့ပဲ ကျမမြင်တယ်။
မေး။ ။ အခုမြန်မာပြည်မှာ မှုခင်းဂျာနယ်တွေပဲ အားကောင်းလာလို့လား၊ စာပေစိစစ်ရေးပဲ မရှိတော့လို့လားမသိဘူး၊ အရင်ထက် စာရင် အမျိုးသမီးတွေကို လိင်အကြမ်းဖက်တဲ့ ကိစ္စတွေ ပိုပြီး မြင်လာ ကြားလာရတယ်၊ နောက်ပြီး ကလေးတွေကို
အဓမ္မကျင့်တဲ့ ကိစ္စတွေ၊ နောက်တခုက တရုတ်နယ်စပ် ဒေသတွေမှာ အမျိုးသမီးတွေကို ရောင်းစားတဲ့၊ လူကုန်ကူးတဲ့ ကိစ္စတွေ။ အဲဒါမျိုးတွေက အခုနောက်ပိုင်း ပိုပိုပြီး ကြားလာရတယ်။ အဲဒီဟာတွေ အပေါ်မှာရော အစ်မက အမျိုးသမီး တယောက်အနေနဲ့ ဘာပြောချင်သလဲ။ ဘယ်လိုမြင်လဲ။
ဖြေ။ ။ အဲဒါ တိုင်းပြည်စီးပွားရေးက ချွတ်ခြုံကျလာတော့ ငါးစာကိုပဲ မြင်တယ်၊ ငါးမျှားချိတ်ကို မမြင်ကြဘူးဆိုတဲ့ သဘောတွေလည်း ပါတယ်။ နောက်တခုက ဒီကလေးတွေ Abuse လုပ်ခံရတဲ့ကိစ္စက အမေတွေ ပညာအားနည်းတာလည်း ပါတယ်။ ပညာဆိုတာ ကျောင်းအတန်း ပညာကို ပြောတာမဟုတ်ဘူး။ အပြင်ဗဟုသုတ ဘာဖြစ်နိုင်လဲ ဆိုတာ လာဘ် မမြင်တာပေါ့။
ကျမပြောမယ်။ မိန်းကလေးမှ Abuse လုပ်ခံရတာ မဟုတ်ဘူး၊ ယောကျာ်လေးလည်း လုပ်ခံရနိုင်တာပဲ။ ယောကျာ်လေး အချင်းချင်းလည်း ဇယားတွေ အများကြီးရှိတယ်၊ မိန်းကလေး အချင်းချင်းလည်း ရှိတယ်။ ဒါတွေက ဘယ်လိုလုပ်ရင် ဘယ်လို အန္တရာယ် ဖြစ်နိုင်သလဲ ဆိုတာ အုပ်ထိန်းသူက ဗဟုသုတ အကြားအမြင် အများကြီး လိုအပ်တယ်။ ဒါပေမယ့် ကျမတို့ တိုင်းပြည်မှာ ကျတော့ အဲဒါ ကြားမြင်ဖို့ နေနေသာသာ၊ ကိုယ့်ဟာကိုယ် စီးပွားရေးနဲ့ လုံးခြာလိုက်နေရတယ်။ အဲဒီလို ကိုယ့်ကလေးကိုကိုယ် လှည့်မကြည့်နိုင်ဘဲ ဖြစ်နေရတာကြောင့်၊ တိုင်းပြည် စီးပွားရေး ကျလေလေ၊ ဒါမျိုးကိစ္စတွေက များလေလေ ဖြစ်မှာပဲ။ NGO တွေ အများကြီး ပေါ်လာတဲ့ ကိစ္စတွေကလည်း လိုအပ်လို့ ပေါ်လာတာပဲလေ။ နေရာတိုင်းမှာ အများကြီး လိုနေတာကို နိုင်ငံတကာနဲ့ ယှဉ်ပြီး သွားပြောရင်တော့ ကျမတို့ဟာ နွားလှည်းနဲ့ ကားနဲ့ သွားယှဉ်နေသလို၊ အမောင်းပြိုင်မလား၊ ဝင်တိုက်တာ ပြိုင်မလား၊ ဘာပြိုင်မလဲ၊ ဘာမှပြိုင်လို့မရတဲ့ သဘောမျိုး ဖြစ်နေတာပေါ့နော်။ အဲဒီလိုမျိုး ယှဉ်ပြောဖို့ မတရားဘူးလို့ပဲ ကျမထင်တယ်။ ကျမတို့ လိုအပ်တာတွေကို ဘယ်လိုကူနိုင်မလဲ။ ကိုယ်မသေခင်မှာ တတ်နိုင်တာလေးတွေပဲ လုပ်သွားကြရမှာပေါ့။ ကျမတို့လည်း ဘာပညာမှ လက်လှမ်းမမီဘူး။ မီသလောက် အခုအချိန်မှာ လှမ်းနေရတုန်းပဲ။ ရသလောက်ဝေနေပြီး တတ်နိုင်သလောက် ကူညီရမယ့် အဆင့်လောက်နဲ့ပဲ သွားနေရမှာပဲ။
မေး။ ။ အစ်မတို့ ရုပ်ရှင် အသိုင်းအဝိုင်းမှာရော အမျိုးသား၊ အမျိုးသမီး ခွဲခြားတဲ့ကိစ္စမျိုးတွေ ရှိလား။
ဖြေ။ ။ ကျမတို့က မြန်မာလူမျိုးတွေဆိုတော့ ငယ်ငယ်ကတည်းကကို ယောကျာ်ဆိုရင် ဘုန်းမြင့်တယ်ဆိုတဲ့ အသိပညာနဲ့ ကြီးပြင်း လာခဲ့ရတာပေါ့။ အလိုအလျောက် နေရင်းနဲ့ကို Respect ပေးပြီးသားပဲ။ ဒါကတော့ ကျမဆိုရင် ဇာတ်ပို့ ဇာတ်ရံ မင်းသား သရုပ်ဆောင်တွေကို မပြောနဲ့၊ စက်အဖွဲ့က လူတွေကိုလည်း နာမည်ကို ကျမထက် ဘယ်လောက်ငယ်ငယ် ‘ကို’ တပ်ခေါ်တယ်။ ကျမကတော့ ယောကျာ်မို့လို့ သူ့ကို အသားပေးပြီး ခေါ်တာမဟုတ်ဘူး။ ယဉ်ကျေးမှုအနေနဲ့ တယောက်နဲ့ တယောက် ရင်းနှီးခင်မင်မှုအနေနဲ့ သူကြားရတာ နားဝင်ချိုအောင် ခေါ်တဲ့သဘောပါ။
မင်းသားနဲ့ မင်းသမီးက ကျတော့ ဘယ်နေရာမှာ သွားဖြစ်လဲဆိုရင် ဈေးကွက်မှာ မင်းသားနာမည် ပြောရလောက်တဲ့ ဈေးကွက် ဖြစ်တယ်။ ဥပမာ – ဦးကျော်ဟိန်းကား ဘယ်လောက်၊ ကျော်သူကား ဘယ်လောက်၊ စိုးသူကား ဘယ်လောက်ပေါ့။ စသဖြင့် သူ့တန်းနဲ့သူ သူ့ဈေးက ပေါက်ပြီးသား။ မင်းသမီး ဘယ်သူက ဘယ်လောက်ဆိုတဲ့ ဈေးကွက်မရှိဘူး။ ကျမ အထင်ကတော့ အမျိုးသမီး ပရိသတ် ပိုများလို့ ဖြစ်မယ်ထင်တယ်။ သူတို့ကြိုက်တဲ့ မင်းသားတွေကားမှာမှ အများစုကြိုက်တဲ့ ဒါရိုက်တာပါရင် ဈေးလေး နည်းနည်း တက်တာပေါ့။ သူတို့ကြိုက်တဲ့ မင်းသမီးဆိုရင် ဈေးနည်းနည်း ပိုရတာ ရှိတယ်။ ဒါပေမယ့် အဲဒီ ဒါရိုက်တာ ရိုက်တဲ့ ကားဆိုရင် ဈေးဘယ်လောက် ဆိုတာမရှိဘူး။
မေး။ ။ အစ်မက အကြားအမြင် ဗဟုသုတလည်း များတော့ နည်းနည်း ထပ်မေးချင်တာက ရိုက်ကွင်းမှာ အစ်မကတော့ မင်းသမီးကြီး ဖြစ်တဲ့အတွက် ဒါရိုက်တာကပဲ ဖြစ်ဖြစ်၊ မင်းသားမင်းသမီး တွေကပဲ ဖြစ်ဖြစ် လေးစားမှု ရှိမှာပဲလေ။ အစ်မ အနေနဲ့ ကြည့်ရင်တော့ မိန်းမယောကျာ် မခွဲပါဘူး ဆိုတဲ့ဟာမျိုးဖြစ်မှာပဲပေါ့။ တခြားလူတွေကော ဥပမာ – ရိုက်ကွင်းမှာ မိန်းကလေးတွေကို နှုတ်အားဖြင့် စော်ကားနှောက်ယှက် ပြောဆိုတာမျိုးတွေ၊ ပါးစပ်သရမ်းတာ မျိုးတွေပေါ့၊ အခုအချိန်အထိ ရှိနေသေးလား။
ဖြေ။ ။ သြော် … ဖြစ်နိုင်တာပေါ့။ အများကြီးရှိတာပေါ့။ ဒါပေမယ့် ဒီလို အနုပညာ လောကမှာက ပြေလည်အောင် လုပ်တဲ့သူက အလုပ်လုပ်ရပြီးတော့ မပြေလည်ရင် ကိုယ့်ထမင်းအိုး ထိခိုက်တာ ဖြစ်တဲ့အတွက် ကလေးမလေးတွေ ခမျာမှာလည်း အဆင်ပြေအောင် ပြောဆို ဆက်ဆံရတာမျိုးတွေ ဖြစ်နေတယ်။ ယောကျာ်၊ မိန်းမ မခွဲဘဲ နင်ငါ့ကို နှိမ်တာပဲ၊ ငါဒါမျိုး မခံနိုင်ဘူးဆိုပြီး သွားစွာနေပြန်တော့လည်း၊ စွာလို့မရတဲ့ တခြား အကြောင်းတရားတွေ ကလည်း သူတို့ခမျာ ရှိပြန်တယ်။ အဲဒါကြောင့် ကိုယ့်ကို သူများ ရိုသေမှုရချင်ရင် သူများကိုအရင် ရိုသေလိုက်လို့ပဲ အကြံပေးတတ်တယ်။ လောလောဆယ်လည်း အဲဒီလို အကြံပေးလို့ပဲရတယ်။
နှိမ်တိုင်း ပြန်ပြီး မတုံ့ပြန်ဘဲနဲ့ ယဉ်ယဉ်ကျေးကျေးလေးနဲ့ပဲ ပြန်တုန့်ပြန်တော့ လုပ်တဲ့သူက တခါနှိမ်မယ်၊ နှစ်ခါနှိမ်မယ်၊ သုံးခါလောက် ကျတော့ အားနာလာမယ်။ ကိုယ်ကတော့ သည်းခံတဲ့ဘက်က အရင်သွားရမှာပဲ။ ဈေးကွက်အရရော၊ လုပ်ငန်းသဘောသဘာ၀ အရရော ကိုယ်က မာနိုင်တဲ့ အနေအထားမရှိတဲ့ အတွက်ပေါ့။ အားလုံးကို ပြေလည်အောင် ဆက်ဆံ ရတဲ့ သဘောသဘာ၀ ကလည်း ရုပ်ရှင်လောကမှာရှိတယ်။
မေး။ ။ အမျိုးသမီးတွေ လမ်းသွားရင် နှုတ်အားဖြင့် စနောက်တာတွေ၊ လက်အားဖြင့် နှောက်ယှက်စော်ကားတာတွေ
ရှိတဲ့အပေါ် အမျိုးသားထု ကိုကော ဘာပြောချင်သလဲ။
ဖြေ။ ။ ကျမတို့တိုင်းပြည်က လူတယောက်ကို အဲဒီလို ပြောတာ သိပ်ရိုင်းတယ်။ သူများ စိတ်အနှောင့်အယှက် ဖြစ်သွားအောင် လုပ်တာဟာ ကိုယ်သိပ်ရိုင်းနေတဲ့ အပြုအမူကို လုပ်နေမိပါလားဆိုပြီး ကိုယ်ကိုယ်တိုင် ရှက်တတ်မှ ရမှာပါ။
အဲဒီလို ရှက်တတ်တဲ့ အသိပညာတွေ အများကြီး လိုသေးတာပေါ့။ အဲဒီလိုပဲ ယောကျာ် မိန်းမမှ မဟုတ်ဘူး၊ မိန်းမ တယောက်ရဲ့ အပြုအမူကလည်း ယောကျာ်တယောက် အတွက်ပဲဖြစ်ဖြစ၊် တခြားမိန်းမ တယောက်ယောက် အတွက် ဖြစ်ဖြစ် အနှောင့်အယှက်ဖြစ်သွားရင် ကိုယ့်ကိုယ်ကိုယ် ရှက်တတ်အောင် ပညာပေးရမှာတွေ အများကြီး လိုသေးတယ်။
တခါတလေတော့ ကိုယ်လုပ်လိုက်တဲ့ အပြုအမူတွေဟာ ကိုယ်တိုင်တောင် ရိုင်းမှန်းမသိတာတွေ အများကြီးရှိတယ်။
ကျမတို့ ဘေးကကြည့်တဲ့ သူတွေက ဒီကလေးက အရမ်းရိုင်းပါလား၊ သူ့ကိုသွားပြောရင် ကိုယ့်ကို ပြန်ထိုးသွားတာပဲ ရှိမယ်။ ကျမတို့တိုင်းပြည်မှာ ပညာရေးကို အသတ်ခံထားရပြီး လုံးလည်ချာလည် လိုက်နေတာတွေ အများကြီး ကျန်သေးတယ်။
အခုအချိန်က ဒီမိုကရေစီဆိုပြီး ဒီမိုကရေစီကို သေချာနားမလည်ဘဲ၊ လွတ်လပ်ရမှာပဲ ဆိုပြီး တဘက်လူ စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နေတာတွေ ကိုယ့်မှာ တာဝန်ရှိတယ်ဆိုတာ သိသင့်တယ်။ ဒါကအစိုးရနဲ့ပဲ မဆိုင်ဘူး၊ တိုင်းသူပြည်သား အားလုံး၊ နိုင်ငံသူနိုင်ငံသား အားလုံးနဲ့လည်း ဆိုင်တယ်။ ပညာတွေအများကြီး ပေးပြီး အချိန်ယူရဦးမယ်။ ကျမတို့က ပညာပေးပြီး သင်တန်းဖွင့်လည်းပဲ စီးပွားရေး လုပ်နေတဲ့သူတွေက မအားဘူး၊ မလုပ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်လို့ ရမလဲ။ ကျမတို့တိုင်းပြည်က စနစ်တကျကြီး ပျက်ယွင်းနေတော့ ကိုင်ရတာ တော်တော်ခက်မှာလေ။ ကျမတို့လည်း အသက်ရှိသရွေ့ လုပ်ရဦးမှာပဲ။
ကိုယ်ကိုယ်တိုင် ဦးဆောင်ဖို့က ဘယ်လိုမှမလွယ်ဘူး။ အမေစုလို အမျိုးသမီး ဦးဆောင်တာတောင် အထင်လွဲတဲ့သူတွေ
အများကြီး ရှိသေးတာပဲ။ ကျမတို့လို ခြေစာမှုန့်ဆိုတာ ဘယ်လိုမှ စာရင်းမရှိဘူး။ ကိုယ်နိုင်သလောက် ကူမယ်ဆိုတဲ့ စိတ်ကို လျှော့ထားဖို့ပဲ ရှိတယ်။ စိတ်မလျှော့ထားရင်လည်း ကိုယ့်ကိုယ်ကိုယ် လဲသေလိုက်ဖို့ပဲ ရှိတယ်။ ။