မန္တလေးမြို့ ၇၈ လမ်းပေါ်ရှိ ဒိုင်းမွန်းပလာဇာ၏ အောက်ထပ် ယာဉ်ရပ်နားသည့် နေရာတွင် ယမန်နေ့ည ၇ နာရီ ၅၀ မိနစ်ခန့်က ချိန်ကိုက်ဗုံးကဲ့သို့ ဖန်တီးထားသော ပစ္စည်းတခုကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ယင်းပစ္စည်းတွင် ၃ လက်မ လုံးပတ် ၁ လက်မခွဲအရှည်ရှိ သတ္တုချောင်းကို ဒိုင်ခွက်နာရီနှင့် တွဲထားခြင်း ဖြစ်သော်လည်း ယမ်းပါဝင်ခြင်း မရှိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့က ဆိုသည်။
သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် အမှတ် ၉၁၀ တပ်ရင်းမှ မိုင်းရှင်းလင်းရေး တပ်ရောက်လာပြီး သဲအိတ်များဖြင့် ဖုံးအုပ်ကာ
စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ဆေးရာတွင် ဗုံးမဟုတ်ဘဲ၊ ၃ လက်မ လုံးပတ် ၁ လက်မခွဲ အရှည်ရှိ သတ္တုချောင်းကို ဒိုင်ခွက်နာရီဖြင့် တွဲထားခြင်းသာဖြစ်ပြီး မိဘပြည်သူများ အထိတ်တလန့် ဖြစ်စေရန် ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း တိုင်း ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။
မန္တလေးတိုင်း ရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူးကြီး ဇော်မင်းဦးက “ပြည်သူလူထုကို ချိန်ကိုက်ဗုံးလို့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ထားတာပါ။ အရွယ်အစားက အရှည် ၃ လက်မလောက်၊ အချင်း ၁ လက်မခွဲလောက် ရှိတယ်။ ထိပ်မှာ ထိပ်ဖူးနှစ်ခုပါတဲ့ နှစ်ဘက်ပိတ် သတ္တုလုံးတခုကို ကားတွေမှာ အသုံးပြုတဲ့ ဒီဂျစ်တယ် နာရီနဲ့ ပူးတွဲပြီး ကပ်ချည်ထားတာ။ ဒါ တမင်သက်သက် လုပ်တာမျိုးပါ” ဟု ရှင်းပြသည်။
နိုဝင်ဘာ ၂ ရက် နေ့ ည ၇ နာရီကျော် အချိန်တွင် ဒိုင်းမွန်းပလာဇာ ကားပါကင်၌ နာရီနှင့် ဓာတ်ခဲကို တွဲထားပြီး တိပ်နှင့်ပတ်ကာ ကွန်ကရစ်တိုင်ခြေတွင် ချထားသည်ကို ယင်းကားပါကင်မှ ဝန်ထမ်းတဦးက တွေ့ရှိခဲ့သည်ဟု သိရသည်။ ယင်းသို့ တွေ့ရှိခဲ့ပြီးနောက် ဒိုင်းမွန်းပလာဇာရှိ တာဝန်ရှိသူများမှ သက်ဆိုင်ရာသို့ အကြောင်းကြား ခဲ့သည့် အတွက် ယင်းပစ္စည်းအား ၇ နာရီ ၅၀ အချိန်တွင် ဖယ်ရှား လင်းရှင်းနိုင်ခဲ့သည်။
“ဒါ ဗုံးလန့်တဲ့ သဘောမျိုးပဲ။ ဒီလို လန့်တဲ့ ကိစ္စတွေများလာရင် ပြည်သူတွေက ဗုံးဆိုရင် သတိမထားတော့ဘဲ နေမယ်။ အဲဒီလို အချိန်ကြမှ တကယ့် ဗုံးအစစ်က ထပြီး ပေါက်ကွဲတတ်တာ မျိုးတွေလည်း ဖြစ်တတ်တယ်။ ဘာပဲ ဖြစ်ဖြစ် သတိ ထားတာ အကောင်းဆုံးပါ” ဟု နိုင်ငံရေးနယ်ပယ်တွင် လှုပ်ရှားနေသည့် အမည်မဖော်လိုသူ တဦးက ပြောသည်။
မသင်္ကာဖွယ်ရာ ဗုံးလုပ်ဆောင်သူများကို မည်သည့်အဖွဲ့စည်းမှ ဖြစ်သည်ဟု ထုတ်ဖော်နိုင်ခြင်း မရှိသေးကြောင်း၊ လက်ရှိ အနေထားအရ အဆိုပါ ဗုံးထောင်ခြင်းကို ပုဒ်မများဖြင့် အမှုဖွင့်ထားခြင်းလည်း မရှိသေးကြောင်း အမှတ် ၈ ရဲစခန်းမှ
ဒုရဲမှူး ကိုကျော်သာက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလက ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့ အပါအဝင် မြန်မာပြည် အနှံ့အပြားတွင် ဗုံးများပေါက်ကွဲ မှုများ၊ ဗုံးလန့်မှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်ပိုင်း အချိန်မှ စတင်၍ ပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ကြရာ မသင်္ကာ ဖွယ်ရာ များကို တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းများသို့ သတင်းပို့ရန် တာဝန်ရှိသူများက နှိုးဆော်ထားသည်။