Politics

အစိုးရရုံးများ သိမ်းပိုက်လိုက်သည့် ထိုင်းဆန္ဒပြသူများ အနိုင်ရသည်အထိ ကြိုးစားမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဆန္ဒပြသူတွေကို ဦးဆောင်နေတဲ့ ဆူထေ့ပ် သပ်ဆူဗန် က ထိုင်းနိုင်ငံ ဝန်ကြီးရုံး၊ တိုင်းရဲဌာနချုပ်ရုံးတွေကို သိမ်းပိုက်ထားနိုင်ပေမယ့် ဆန္ဒပြသူတွေ အနေနဲ့ အနိုင်ရတဲ့အထိ ဆက်လက် ကြိုးစားသွားဖို့ ဒီကနေ့ နေ့လည်ပိုင်းမှာ ထိုင်းဘာသာနဲ့ ထုတ်လွှင့်တဲ့ ရုပ်သံကနေတဆင့် ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က စတင်ပြီးတော့ ဒီနေ့အထိ အစိုးရ ဖြုတ်ချရေးအတွက် ဆန္ဒပြသူတွေက ဘန်ကောက်မြို့ပေါ်ရှိ ဝန်ကြီးရုံးနဲ့ တိုင်းရဲဌာနချုပ်ရုံးကို သိမ်းပိုက်နိုင်ရန် ကြိုးစားခဲ့ရာ လုံခြုံရေး ယူထားတဲ့ ရဲတွေက နောက်ဆုံးပေးလိုက်တာ ဖြစ်ပါတယ်။

ဆူထေ့ပ် သပ်ဆူဗန်က “အခုလို သိမ်းပိုက်နိုင်တာ တစိတ်တပိုင်းပဲ ရှိသေးတယ်။ ဒါပေမယ့် မပြီးဆုံးသေးဘူး၊ ဘာလို့လဲဆိုတော့ သက်ဆင် ရှင်နာဝပ်နဲ့ ပတ်သက်နေတဲ့ အစိုးရတရပ် ရှိနေသေးတယ်။ ဒါကြောင့် အားလုံး အိမ်ပြန်လို့ မရသေးဘူး၊ အနိုင်ရအောင် ဆက်ပြီးတော့ ကြိုးစားသွားရမယ်” လို့ ပြောပါတယ်။

လတ်တလောမှာလည်း ဆန္ဒပြသူအနေနဲ့ အစိုးရက မမှန်မကန် ထုတ်လွှင့်တဲ့ သတင်းတွေကို မယုံကြဖို့လည်း သူက ဆက်ပြောပါတယ်။

“ဆန္ဒပြသူတွေက တိုင်းရဲဌာနချုပ်ကို သိမ်းပိုက်ခွင့်နဲ့ ဝန်ကြီးရုံးကို ဝင်ခွင့်ပေးတာဟာ လှည့်ကွက်တခုပဲ” လို့ ဆူထေ့ပ် သပ်ဆူဗန် က ပြောဆိုပါတယ်။

မကြာသေးခင် ရက်ပိုင်းကပဲ ဝန်ကြီးရုံးနဲ့ တိုင်းရဲဌာနချုပ်ကို ဆန္ဒပြသူတွေက ဝင်ရောက် သိမ်းပိုက်ရန် ကြိုးစားခဲ့ရာ လုံခြုံရေး တာဝန်ယူထားတဲ့ ရဲတွေက ရာဘာကျည်ဆံ၊ မျက်ရည်ယို ဗုံတွေသုံးပြီး ကာကွယ်ခဲ့ပါသေးတယ်။ ထိုသို့ ဖြစ်ပွားမှုတွေကြောင့် ၃ ဦး သေဆုံးပြီး လူဦးရေ ၅၀ နီးပါလောက် ဒဏ်ရာရရှိသွာတယ်လို့ သတင်းတွေအရ သိရပါတယ်။

အစိုးရ ဝန်ကြီးရုံးနဲ့ တိုင်းရဲဌာနချုပ်ကို ဆန္ဒပြသူတွေက လွယ်လွယ်ကူကူနဲ့ သိမ်းပိုက်ခွင့်ပေးခြင်းနှင့် ပတ်သက်ပြီး မသိသော်လည်း ထိုင်းလုံခြုံရေး တာဝန်ရှိသူ တဦးကတော့ ထိုင်း ဘုရင်မွေးနေ့နဲ့ ပတ်သက်နိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။

“အသေးစိတ်တော့ မသိဘူး၊ ထိုင်းဘုရင် မွေးနေ့ နီးလာပြီးဆိုတော့ အစိုးရအဖွဲ့က တောင်းဆိုထားတာလည်း ဖြစ်နိုင်တယ်။ ဒီကနေ့ ထိုင်းဘုရင်ကြီးကို သွားတွေ့တယ်” လို့ သူက ဧရာဝတီကို ရှင်းပြပါတယ်။ ဒါပေမယ့် ဘုရင့်မွေးနေ့ ပြီးရင်တော့ ဆန္ဒပြမှုတွေ ထပ်ဖြစ်လာနိုင်တယ်လို့လည်း သူက ဆိုပါသေးတယ်။

ယနေ့ နံနက်ပိုင်းမှာလည်း ထိုင်းစစ်တပ် အကြီးအကဲ Prayuth Chan-ocha ကလည်း လတ်တလော ဆန္ဒပြနေသူတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ အဖြေရှာဖို့ကိုပဲ လိုလားတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အခုလို ဆန္ဒပြမှုတွေ အရှိန်မြင့်လာရတဲ့ အကြောင်းအရင်းကတော့ ပြည်ပမှာ တိမ်းရှောင်နေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံ ပြန်လာနိုင်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို ညီမတော်စပ်သူ ထိုင်းဝန်ကြီးချုပ် ယင့်လပ်က လွှတ်တော်ထဲမှာ အတည်ပြုခဲ့ရာကနေ ကြီးထွားလာရတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ၂၀၀၆ ခုနှစ်က အာဏာ အလွဲသုံးစားလုပ်မှုနဲ့ အဂတိ လိုက်စားမှုတွေကြောင့် ဆိုပြီး စစ်တပ်က အာဏာသိမ်းတာ ခံခဲ့ရပြီးနောက် နိုင်ငံခြားမှာ နေထိုင်နေရတာပါ။

ထိုင်းရဲ ဗိုလ်ချုပ်ကြီး Adul Sangsingkeo ကတော့ “ဒီဇင်ဘာ ၅ ရက် ထိုင်းဘုရင်မွေးနေ့ မတိုင်ခင် အားလုံး အဆင်ပြေသွားနိုင်မယ်လို့ ထင်တယ်။ အရေးကြီးတဲ့နေ့ရက်လည်း ဖြစ်တဲ့အတွက် ၅ ရက်နေ့ မတိုင်ခင် အားလုံး အဆင်ပြေသွားနိုင်တယ်လို့ ကျနော် ယုံတယ်” လို့ ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading