သတင်း

ရှေ့နေများ ကန့်သတ် ချုပ်ချယ်မှု ခံနေရဆဲဟု ICJ ထုတ်ပြန်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် လွတ်လပ်မှုများ ဖြစ်ပေါ်တိုးတက်လာသော်လည်း ဥပဒေပညာရှင် ရှေ့နေများသည် ကန့်သတ်ချုပ်ချယ်မှုများစွာနှင့်
ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် (International Commission of Jurists-ICJ) က ထုတ်ပြန် ပြောဆိုလိုက်သည်။

အထူးသဖြင့် နိုင်ငံရေးနှင့် ဆက်နွယ်သည့် အမှုများကို လိုက်ပါဆောင်ရွက်ကြရသော ရှေ့နေများသည် အာဏာပိုင်များ၏ ကန့် သတ်မှု၊ ချုပ်ချယ်မှုများ ရှိနေသည့်အတွက် ၎င်းတို့၏ အမှုသည်များနှင့် လွတ်လပ်စွာ ဆွေးနွေးခွင့် မရှိသေးကြောင်း၊ တရား စီရင် ရေးတွင်လည်း လာဘ်ပေး လာဘ်ယူမှုများ နေရာတိုင်းကဲ့သို့ တွေ့နေရ၍ တရားဥပဒေ စိုးမိုးရေးကို များစွာထိခိုက်စေကြောင်း ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ICJ ၏ အစီရင်ခံစာတွင် ပါရှိသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ရှေ့နေများအတွက် လွတ်လပ်စွာဖွဲ့စည်းထားသော ဘားကောင်စီ မရှိခြင်းကြောင့် ရှေ့နေများ၏ အကျိုးကို ကာကွယ် မပေးနိုင်သေးကြောင်း၊ တရားစီရင်ရေးတွင်လည်း ရှေ့နေများ၏ ကဏ္ဍကို မြှင့်တင်မပေးနိုင်သေးကြောင်း ရန်ကုန်မြို့ Chatrium ဟိုတယ်တွင် ကျင်းပသည့် ICJ အစီရင်ခံစာနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် ICJ အဖွဲ့၏ အာရှ-ပစိဖိတ် ဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ Sam Zarifi က ပြောကြားသည်။

“သမ္မတကိုယ်တိုင်ကရော ဒေါ်အောင်ဆန်းစုကြည်ပါ အခုဆိုရင် ဥပဒေစိုးမိုးရေးဆိုတဲ့ စကားတွေ ထပ်တလဲလဲ ပြောနေတာ သိပ် ကို များနေပါပြီ။ အပြောတွေသိပ်မများဘဲ တကယ်လက်တွေ့အကောင်အထည် ပေါ်လာတာကိုပဲ မြင်ချင်ပါတယ်။ အဲဒါကို အကောင်အထည်ဖော်ပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ဥပဒေစိုးမိုးမှုက အများကြီး လိုအပ်နေပါတယ်။ တရားဥပဒေစနစ်တွေကို သေသေချာချာ ပြုပြင်ရပါ့မယ်။ လာဘ်ပေးလာဘ်ယူ ကိစ္စတွေ၊ လယ်ယာမြေ အငြင်း ပွားမှုတွေ အများကြီး ရှိနေတယ်”ဟု ၎င်းက ဆိုသည်။

အကျဉ်းထောင်ထဲမှ အမှုသည်များကို တွေ့ဆုံရန်၊ တရားရုံးချိန်းများနှင့် အမှုစီရင်ရာတွင် လျှော့ပေါ့ပေးရန်များအတွက် လာဘ်ပေး လာဘ်ယူမှုများ ရှိနေကြောင်း၊ ထိုလုပ်ရပ်များသည် နိုင်ငံစီးပွားရေးကိုပါ ထိခိုက်လာနိုင်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တွန့်ဆုတ် သွားစေ နိုင်ကြောင်း၊ အစိုးရက ဦးစားပေးအဆင့်အနေဖြင့် အရေးယူဆောင်ရွက်ရမှာ ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ICJ အဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နေသော အထက်တန်းရှေ့နေ ဒေါ်သန်းသန်းအေး ကလည်း တရားစီရင်ရေး စနစ်တခုလုံး ပျက် စီး ယိုယွင်းနေသည့်အတွက် မြန်မာနိုင်ငံ၏ လာဘ်ပေးလာဘ်ယူမှု ရာခိုင်နှုန်းကို ပြောဆိုရန်ပင် ခက်ခဲသည်ဟု သတင်းစာရှင်းလင်း ပွဲတွင် ပြောသည်။

“လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်ဖို့ဆိုပြီး တရားသူကြီးတွေရဲ့ လစာ၊ ပင်စင်၊ ခံစားခွင့်တွေကို တိုးပေးလိုက်ရုံနဲ့ ဖြေရှင်းဖို့ဆို တာလည်း သိပ်တော့ မသေချာပါဘူး။ အထောက်အကူတော့ ဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူတွေကို ထိန်းကျောင်း ပဲ့ပြင်တဲ့ စနစ်တခု လိုအပ်တယ်”ဟုလည်း ၎င်းက ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ဥပဒေပညာရေးသည် အားနည်းချက် များစွာရှိသည့်အတွက် ကောင်းမွန် ပြည့်စုံသော ပညာရေးစနစ် ကို ကျင့်သုံး သင့်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန်၊ မြန်မာနိုင်ငံတွင် လျှင်မြန်စွာ ပြောင်းလဲနေခြင်းများနှင့် ဆက်စပ်ပြီး ရှေ့နေ များ၏ ကိုယ်ပိုင်အကျိုးဆောင် လုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်သူ့လွှတ် တော်တို့မှ ဘားကောင်စီ ကို သိသာစွာပြောင်းလဲရမည် ဖြစ်ကြောင်း၊ ထိုသို့ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် အတွက်လည်း အာမခံ ပေးရန် ICJ အစီရင်ခံစာတွင် အကြံပြုထားသည်။

ထို့အပြင် အဂတိလိုက်စားမှုများကို ထိရောက်စွာ စုံစမ်းစစ်ဆေးခြင်းပြုလုပ်ရန် ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်သူ့လွှတ်တော် တို့မှ အထူးလွတ်လပ်သော လုပ်ထုံးလုပ်နည်းတရပ်ကို ပြဌာန်းပေးရန်၊ ပညာရေးဝန်ကြီးဌာနနှင့် ဥပဒေဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပြီး ဥပဒေ သင်တန်းကျောင်းများတွင် သတ်မှတ်ထားသည့် စံလိုအပ်ချက်များ၊ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားမှု ဆိုင်ရာများကို ပံ့ပိုးကူညီပြီး ဥပဒေပညာရေး တိုးတက်မြင့်မားလာစေရေး အတွက် ဆောင်ရွက်ပေးရန်လည်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

ICJ အဖွဲ့၏ ယခု အစီရင်ခံစာကို မြန်မာနိုင်ငံအနှံ့တွင် ရှေ့နေအဖြစ် ဆောင်ရွက်နေကြသော ရှေ့နေ ၆၀ ကိုတွေ့ဆုံမေးမြန်း ပြီး
ထုတ်ပြန် ထားခြင်း ဖြစ်ကြောင်း သိရသည်။

ICJ အဖွဲ့သည် ၁၉၅၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကမ္ဘာတဝန်း၌ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးများ တိုးတက်မြင့်မား လာစေရေးတို့ အတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading