ဂျော့နေထူးတယောက် အိပ်ရာမှနိုးသည်နှင့် ဓာတ်မီးကိုကောက်ကိုင်ပြီး လယ်ကွင်းထဲကို လှမ်းထိုးကြည့်သည်။ လယ်ကွင်းထဲတွင် ဆင်မမြင်ရမှ သက်ပြင်းချ၍ လင့်စင်ပေါ်ရှိ အိပ်ရာတွင် ပြန်လှဲနေလိုက်သည်။ လူကလှဲနေသော်လည်း အိပ်၍မပျော်။
အခုလိုပင် အိပ်လိုက် ထလိုက် ဆင်ကြည့်လိုက်ဖြင့် အိပ်ရေးမဝဘဲ ဖြတ်ကျော်ခဲ့ရသည့်ညပေါင်း ၃၀ ကျော် ရှိခဲ့ပြီ။ တိတိကျကျဆိုရလျှင် သူ စိုက်ထားသော စပါးခင်းများ စတင် ဝင်းမှည့်ချိန်ကတည်းကဆိုလျှင် ပိုမှန်မည်ဖြစ်သည်။
“ခုလိုကြုံတွေ့နေရတာ နှစ်တိုင်းပဲ။ မနှစ်ကဆို ကျနော့်ရှိသမျှလယ် ဆင်တွေ အကုန်စားသွားတာ။ လယ် ၅ ဧကကို စပါးတင်း အစိတ်လောက်ပဲ ရတယ်။ ဒါတောင် မနည်း လုရိတ်ရတာ”ဟု သာပေါင်းမြို့နယ် ကွင်းကောက်ကျေးရွာအုပ်စု အိုးဘိုရွာတွင် နေထိုင်သည့် ကရင်အမျိုးသား ဂျော့နေထူးက သူတွေ့ကြုံနေရသော အခြေအနေတွေကို ရှင်းပြသည်။
ရခိုင်ရိုးမနှင့် ဆက်စပ်နေသည့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ သာပေါင်းနှင့် ငပုတော မြို့နယ်ရှိ ဧက ၁ သိန်းကျော်ခန့်ရှိသည့် လယ်မြေများမှာ စပါးရင့်မှည့်ချိန်ဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် တောဆင်ရိုင်းတို့၏ စားသောက်ဖျက်ဆီးမှု အန္တရာယ် ကြုံတွေ့နေရသည်။
သာပေါင်းမြို့နယ်တခုတည်းမှာပင် မြို့နယ်အနောက်ခြမ်းဒေသ၌ ဆင်ဖျက်ဆီးမှုဒဏ် ခံစားနေရသည့် လယ်ဧက ၆ သောင်း ကျော် ရှိသည်။ ထို့ပြင် ပုသိမ် – ချောင်းသာ၊ ပုသိမ် – ငွေဆောင် ကားလမ်းဘေးရွာများမှ လယ်မြေများနှင့် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့နယ်ခွဲ ဒေသရှိ လယ်မြေများလည်း ဆင်အန္တရာယ် ရင်ဆိုင်နေရသည်။
တောဆင်ရိုင်းတို့၏ စားသောက်ဖျက်ဆီးမှုမှာ လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကစတင်ခဲ့ပြီး တနှစ်ထက်တနှစ် ပို၍ဆိုးလာသည်ဟု ဒေသခံလယ်သမားများက ဆိုသည်။
“ဆင်က တဖြည်းဖြည်းနဲ့ ပိုဆိုးလာတယ်။ ပိုအတင့်ရဲလာတယ်။ ခြောက်လို့၊ မောင်းလို့မရတဲ့အခြေအနေ ဖြစ်လာတယ်။ သူတို့က စပါးတခါစားမိရင် ဒါကိုပဲ စားချင်နေတော့တာ။ အဲတော့ မရမက လိုက်ရှာစားတာပေါ့။ အခု ကျနော့် လယ်ကွင်းကိုသာ နေ့တိုင်းမလာတာ။ အထက်ဘက်က ကွင်းတွေဆို နေ့တိုင်းရောက်နေတာ။ ညဆိုဆင်းစား။ မနက်ဆိုပြန်တက်။ အဲ့လိုဖြစ်နေတယ်”ဟု သာပေါင်းမြို့နယ် ကွမ်းခြံကုန်းကျေးရွာမှ လယ်သမား စောဖိုးလူက ပြောသည်။
စပါးမှည့်ချိန်ရောက်သည်နှင့် ဆင်ဝင်စားလေ့ရှိသည့်ဒေသမှ လယ်သမားများမှာ မိမိလယ်ကွင်း အနီးတွင် လင့်စင်များဆောက်၍ ဆင်လာပါက ခြောက်လှန့်မောင်းထုတ်နိုင်ရန် ညအိပ် စောင့်ကြသည်။
တကယ်တမ်း တောဆင်ရိုင်းက စပါးခင်းဝင်စားချိန်တွင်မူ လယ်သမားတို့၏ အော်ဟစ်သံများ၊ ဒန်အိုး၊ ဒန်ခွက်နှင့် အုန်းမောင်းများတီးခေါက်၍ ခြောက်လှန့်သံများကို တောဆင်ရိုင်းတို့က နားယဉ်နေပြီဖြစ်သည့်အတွက် မကြောက်လန့်ကြတော့ဘဲ ၎င်းတို့စိတ်ကြိုက် စားသောက်ပြီးမှသာ လယ်ကွင်းအတွင်းမှ ပြန်ထွက်သွားကြကြောင်း ဒေသခံလယ်သမားများက ပြောသည်။
စပါးခင်းစားသည့်ဆင်ကို ခြောက်လှန့်၍မရသည့်အဆုံး ပစ်ခတ်သတ်ဖြတ်ရန် ဆိုရာတွင်လည်း ဆင်မှာ နိုင်ငံပိုင်ရတနာဖြစ်နေပြီး ဥပဒေဖြင့်ကာကွယ်ပေးထားသည့် အတွက် လယ်သမားများမှာ ဆင်နှင့်ပတ်သတ်၍ ရွေးချယ်စရာမရှိသည့် အခြေအနေ ဖြစ်နေသည်။
“ကျနော်တို့မှာ ဆင်ကို မောင်းလည်းမရ။ သတ်လို့ကလည်းမဖြစ်။ သတ်ရင် ဥပဒေအရ အရေးယူခံရမယ်လေ။ အဲတော့ ကိုယ်စိုက်ထားတဲ့လယ် ဆင်ဝင်စားနေတာကို ငုတ်တုတ် ထိုင်ကြည့်နေရတဲ့အနေအထား ဖြစ်နေတယ်”ဟု သာပေါင်းမြို့နယ် အိုးဘိုကျေးရွာမှ လယ်သမား ဦးနေလင်းအောင်က ပြောသည်။
လယ်ကွင်းအနီး တဲထိုးနေကြသည့် လယ်သမားမိသားစုများမှာလည်း တောဆင်ရိုင်း ဒုက္ခပေးမည်စိုး၍ နေဝင်ချိန် မှောင်စပျိုးသည်နှင့် ပေ ၂၀၊ ၃၀ အမြင့်ရှိသည့် လင့်စင်များပေါ် တက်၍ အိပ်စက်ကြရသည်။
“ဆင်ဆင်းကတည်းက လင့်စင်ပေါ်မှာ တက်အိပ်ရတာပဲ။ ဆင်ဆင်းတာ ၂ ခါရှိပြီ။ လင့်စင်ထိုးပြီး တက်အိပ်နေရတာလည်း ၁ လကျော်ပြီ။ အောက်မှာမှ မအိပ်ရဲတော့တာကိုး။ တမိသားစုလုံးပဲ တက်အိပ်ကြတာပေါ့။ မိုးချုပ်တာနဲ့ လင့်စင်ပေါ်တက်နေရတယ်။ အပေါ့အပါးကိစ္စအတွက် အတက်အဆင်းက ခက်ခက်ခဲခဲဖြစ်နေတော့ ခွက်တွေ အပေါ်မှာထားပြီး လင့်စင်ပေါ်မှာပဲ ကိစ္စရှင်းရတာပေါ့။ တော်ကြာ ပြုတ်ကျရင် မလွယ်ဘူးလေ။ သောက်ရေ၊ အဝတ်အစား၊ စောင်၊ ခြင်ထောင်၊ ခြင်ဆေးခွေကအစ အပေါ်ကိုယူသွားတယ်”ဟု ကလေး ၄ ယောက်ဖခင် ဂျော့နေထူးက ပြောသည်။
စပါးပင်တွေ အစိမ်းရောင်မှ အဝါရောင်သို့ပြောင်းစအချိန်ကတည်းက ဆင်းရဲသားလယ်သမား ဂျော့နေထူး စိုးရိမ်နေသည်က စပါးမှည့်ချိန်တွင် တကယ်ဖြစ်လာခဲ့သည်။ ပုသိမ် – သာပေါင်း ဆက်သွယ်ထားသည့် ကားလမ်းမကြီးနှင့် ၁ မိုင်ခန့်သာဝေးသည့် ဂျော့နေထူး၏ လယ်များကို နိုဝင်ဘာလ ဒုတိယပတ်အတွင်းမှာ တောဆင်ရိုင်း ၂ ကောင်က ဝင်ရောက်စားသောက်ခဲ့သည်။
တောဆင်ရိုင်းတွေ လာသည့်ညက အဖြစ်အပျက်ကို ဂျော့နေထူးက ယခုလို ပြန်ပြောပြသည်။
“ကျနော်တို့ လင့်စင်ပေါ်မှာအိပ်နေတဲ့အချိန် ဆင်လာတော့ အပေါ်မှာရှိတဲ့ ပန်းကန်တွေ ထုကြည့်တာပေါ့။ ဒေါင်ဒေါင်ဒင်ဒင်ပေါ့။ ရများ ရမလားလို့လေ။ တယောက်ထဲကျတော့လည်း ဆင်းမှ မမောင်းရဲတာကိုး။ လှမ်းတော့အော်ကြည့်တယ်။ အော်လည်း စားနေတာပဲ။ ဂရုမစိုက်ဘူး။ သားရေခွနဲ့ခြောက်လှန့်ပစ်ကြည့်သေးတယ်။ မရဘူး။ တညလုံးစားနေတာ။ ည ၉ နာရီလောက်က စားတာ အထက်က လယ်လေးကွက်ကို တညလုံးစားပြီး မနက် ၅ နာရီကျော်လောက် မိုးလင်းမှပြန်တာ။ အကောင်က မနည်းကြီးတယ်။ ဆင် ၂ ကောင်ပေါ့။ မှည့်တဲ့လယ်ဆိုတော့ လယ်လေးကွက်စလုံး ကုန်တာပါပဲ”ဟု သူက ပြောသည်။
သာပေါင်း၊ ပုသိမ်နှင့် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့နယ်ခွဲတို့တွင် ဂျော့နေထူးကဲ့သို့ ဆင်စားခံရသည့် စပါးခင်းပိုင်ရှင်လယ်သမား အမြောက်အမြား ရှိနေသည်။
စပါးမှည့်ချိန်တွင် လယ်ကွင်းထဲ ဝင်စားသည်သာမက စပါးရိတ်ပြီးချိန်တွင်လည်း ရွာများအတွင်းသိုလှောင်ထားသည့် စပါးကျီများဆီသို့ တောဆင်များ ရောက်လာတတ်သေးသည်။
“ဆင်က ရွာထဲဝင်လာရင် စပါးရှိတဲ့နေရာကို ရှာတော့တာပဲ။ စပါးကျီတွေ ဘာတွေဆို ခေါင်းနဲ့ဆောင့်လိုက်တာနဲ့ ပွင့်သွားပြီးတော့ စပါးတွေယူစားတယ်။ သူက စပါးတအိတ် စားပြီးလည်း မကျေနပ်ဘူး။ ကျန်တဲ့ စပါးအိတ်တွေကို နှာမောင်းနဲ့ဆွဲပြီး လေထဲကို ပြန့်ကျဲကုန်အောင် အကုန်လွှင့်ပစ်တာ။ ဆော့ပစ်တာပေါ့နော်။ သူအားရအောင် မွစာကျဲအောင် လုပ်ပြီးတော့မှ တောထဲကိုပြန်တာ”ဟု ပုသိမ်မြို့နယ်၊ စပါးထားကျေးရွာအုပ်စု၊ ခြေထောက်ကွင်းကျေးရွာမှ ဒေါ်မြင့်ကြည်ကပြောသည်။
ထို့ပြင် ရွာထဲသို့ ဆင်များဝင်လေ့ရှိသဖြင့် အိမ်တိုင်းနီးပါး လင့်စင်ဆောက်ထားရကြောင်း သူက ဆက်ပြောသည်။
“ရွာထဲကလူတွေဆို လင့်စင်တွေထိုးထားရတယ်။ ရေဘူးတို့ စားစရာတို့ နောက်အရေးကြီးတဲ့ ပစ္စည်းတွေကို အထုပ်ကလေးနဲ့ အဆင့်သင့် ပြင်ထားရတယ်။ ဆင်လာပြီဆိုတာနဲ့ ကိုယ့်အထုပ်ကိုယ်ဆွဲပြီး အကုန်လုံး လင့်စင်ပေါ် တက်ပြေးရတယ်”ဟု သူမက ပြောသည်။
တောအတွင်းရှိ ဆင်တို့၏ စားစရာကို လူများက ထုတ်ယူသုံးစွဲခြင်းကြောင့် ဆင်များ စားစရာမရှိတော့သည့်အတွက် လူတို့၏ စပါးခင်းများကို ဝင်ရောက်စားသောက်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သာပေါင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက ပြောသည်။
“ဆင်အစာကို လူကလုစားလို့ လူတွေအစာကိုလည်း ဆင်ကပြန်လုစားတာ။ ဆင်အစာဖြစ်တဲ့ ဝါးတွေကို လူတွေကခုတ်တယ်။ ရောင်းစားတယ်။ နောက် ဆင်တွေကြိုက်တဲ့ ထမဆိုင်း ဆိုတာရှိတယ်။ တံမြက်စည်းလုပ်တဲ့ ထမဆိုင်းပေါ့။ အဲဒါကို လူတွေက တောတိုးပြီး တအားရှာတယ်။ ချိုးယူပြီး တံမြက်စည်းလုပ်တာ။ ဆင်စားတဲ့အစာတွေကို လူတွေက ထုတ်ယူသုံးစွဲတော့ ဆင်တွေ စားစရာမရှိဘူး ဖြစ်သွားတယ်။ နေစရာအတွက်လည်း ဝါးတောတွေလည်း ခုတ်ပစ်၊ သစ်တောတွေလည်း ခုတ်ပစ်တော့ နေစရာမရှိဘူး ဖြစ်သွားတယ်။ အဲဒီမှာ ဆင်တွေက စားစရာ နေစရာမရှိတော့ လူတွေနေတဲ့ နေရာကို လာတော့တာပဲ။ လူတွေ စားတဲ့အစာတွေ လူတွေရဲ့စိုက်ခင်းတွေကို လာပြီးတော့ စားတယ်။ သူ့အစာ သွားလုစားတော့ လူ့အစာကို သူကပြန်လုစားတာပေါ့”ဟု သူက ပြောသည်။
ဆင်များ ကျေးရွာများဆီ ရောက်လာရခြင်း၏ အခြားအကြောင်းမှာ ၎င်းတို့ နေထိုင်ရာ သစ်တောများပြုန်းတီးခြင်း ဖြစ်သည်။
သစ်တောပြုန်းတီးမှုနှင့် ပတ်သက်၍လည်း အစိုးရသစ်တောဌာန၏ သစ်ထုတ်လုပ်မှုအခြေအနေမှာ ဧရာဝတီတိုင်းဒေသကြီးမှ တနှစ်လျှင် ကျွန်းသစ်တန် ၅၀၀၀ အထိ အမြင့်ဆုံး ထုတ်လုပ် ခုတ်ယူခဲ့ပြီး တောပြုန်းမှုကြောင့် ယခုနှစ်တွင် ကျွန်းသစ်လုံး၀ မခုတ်တော့ဘဲ ထိန်းသိမ်းထားရသည့် အခြေအနေ ရောက်ရှိနေသည်။
သစ်မာထုတ်လုပ်မှုမှာလည်း တန်ချိန် ၉ သောင်း ၇ ထောင်ကျော်အထိ အမြင့်ဆုံးထုတ်လုပ် ခုတ်ယူခဲ့ဖူးသော်လည်း ယခုနှစ်တွင် သစ်မာ ၃၇,၈၀၀ တန်သာ ထုတ်လုပ်ရန် သတ်မှတ်ထားသည်။
အစိုးရက သစ်ထုတ်လုပ်မှုလျှော့ချခဲ့သော်လည်း ပုသိမ်၊ ငပုတောနှင့် သာပေါင်းမြို့နယ် သစ်တောကြိုးဝိုင်းများအတွင်း ဟမ်းဆော ခေါ် လက်ကိုင်လွှစက်များဖြင့် တရားမဝင် သစ်ခုတ်မှုမှာ လျော့ကျသွားခြင်းမရှိသေးကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များက ပြောဆိုကြသည်။
“အခုဆို သစ်ထုတ်လုပ်ရေးဌာနက အနည်းအကျဉ်းပဲ ထုတ်တော့တယ်။ ဒါပေမယ့် အစိုးရဌာနကထုတ်တာထက် တရားမဝင်သစ်ခုတ်မှုက ပိုများနေတယ်။ ချိန်းဆောတွေလည်း ဒီဒေသမှာအများကြီးပဲ။ ရိုးမတောထဲကကျေးရွာမှာ တရွာကို အနည်းဆုံး ၄၊ ၅ လုံးရှိတယ်။ တမြို့နယ်လုံးမှာဆို အလုံး ၁၀၀ ကျော်ရှိတယ်။ ဒီနေ့ထက်တိုင်ရှိနေ ခုတ်နေဆဲဖြစ်တယ်။ အဲဒါကြောင့် သစ်တောပြုန်းတီးမှုတွေ ပိုဖြစ်တယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက ပြောသည်။
ငပုတောမြို့နယ်တွင်လည်း တရားမဝင်သစ်ခိုးထုတ်နေသည့် ဟမ်းဆောစက် ၁၀၀ ကျော်ရှိနေပြီး သစ်တောပြုန်းတီးမှု ၇၅ ရာခိုင်နှုန်းခန့် ရှိနေကြောင်း ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ပြောသည်။
“ဟမ်းဆောသမားက သစ်ပင်တွေ့ရင် ရေအိုးလုံးလောက်ဆိုတာနဲ့ အပင် ၅၀၊ ၁၀၀ ခုတ်တော့တာပဲ။ သူတို့ခုတ်အားက သာမာန်လူ ၂ ယောက် ၁ နှစ်စာခုတ်ရမယ့်တောကို ဟမ်းဆောသမားက ၁၀ ရက်ထဲနဲ့ အပြတ်ခုတ်နိုင်တယ်။ ခုဆိုရင် ငပုတောဘက်မှာလည်း သစ်တောပြုန်းတီးမှု အရမ်းများနေပြီ”ဟု သူက ပြောသည်။
သစ်တောပြုန်းတီးမှုအပြင် သာပေါင်းမြို့အနီးတည်ဆောက်ခဲ့သည့် ပျော့ဖတ် စက်ရုံကြောင့်လည်း ဒေသအတွင်းရှိ ဝါးတောများစွာပြုန်းတီးခဲ့ကြောင်း ဧရာဝတီတိုင်း အခြေစိုက် လှပသောမြေ (Beautiful Land) သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအဖွဲ့က ပြောသည်။
“စက်ရုံက ဝါးတွေနဲ့လည်ပတ်တာဖြစ်တော့ ငွေလိုချင်တဲ့လူတွေက တောထဲကဝါးတွေ အကုန်ခုတ်တယ်။ စက်ရုံက အလေးချိန်နဲ့ဝယ်တော့ ဝါးပင်တွေကို အရင်းလည်းယူတယ်။ အဖျားလည်း ယူတယ်။ အမြစ်ကပါ တူးယူတာ။ အဲတော့ ဝါးတောက မပြုန်းတီးဘဲ နေပါတော့မလား။ နောက်ပြီး ဒီဝါးတွေကို တောက်လျှောက်သာခုတ်နေတာ ပြန်လည် ထိန်းသိမ်းစိုက်ပျိုးဖို့ကို ဘယ်သူမှမလုပ်ကြဘူး”ဟု လှပသောမြေအဖွဲ့ခေါင်းဆောင် ဦးမြင့်အောင်က ပြောသည်။
လတ်တလောတွင် တောဆင်ရိုင်းများကြောင့် ထောင်နှင့်ချီသော လယ်သမားများ ဒုက္ခရောက်နေသည့်အတွက် ဆင်များမောင်းပေးရန် သစ်တောဌာနသို့ တင်ပြထားသော်လည်း ယနေ့တိုင်လုပ်ဆောင်ပေးခြင်းမရှိသေးကြောင်း သာပေါင်းလွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
“ဆင်တွေနေ့တိုင်းလိုလိုဆင်းနေတယ်။ လယ်ကွင်းတွေကို စားနေတယ်။ လူတွေကလည်း သူတို့လယ်တွေကို စားမှာစိုးလို့ အတင်းလုကာကွယ်နေတယ်။ အဲတော့ ဆင်နဲ့လူနဲ့က စပါးကိုလုနေတာ။ ဆင်ကြောင့် လူသေသွားနိုင်တယ်။ ဆင်က သူနိုင်ရင် ဝင်စီးပစ်လိုက်မှာ။ တယောက် နှစ်ယောက်ဆို အတင်းဝင်နင်း ပစ်လိုက်ရင် လူသေသွားမယ်။ လူ့အသက် အန္တရာယ်မဖြစ်ခင် ကြိုတင်ကာကွယ်ပေးဖို့ ဆင်မောင်းပေးပါ၊ သစ်တောဌာနက ဆောင်ရွက်ပေးပါလို့ ကျနော် ပြောတယ်။ သို့သော်လည်း ဒီကနေ့အချိန်အထိ သစ်တောဌာနက ပြည်သူ့အတွက် ဆင်လာမောင်းပေးတယ်တို့ ပြည်သူရဲ့အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးတယ်ဆိုတာ မရှိသေးဘူး”ဟု ဦးဝင်းသိန်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ဆင်များသောင်းကျန်းလွန်းသည့်အတွက် သစ်တောဌာနအား အကူအညီတောင်းခံခဲ့ရာ ဆင်ဖမ်းအဖွဲ့ဖြင့် သစ်တောဌာနက ဆင်မောင်းပေးခဲ့ကြောင်း၊ ဆင်များ ရိုးမပေါ်ပြန်တက်သွားချိန်တွင် စပါးခင်းများကို လယ်သမားများဘေးကင်းစွာ ရိတ်သိမ်းနိုင်သည့် သာဓကရှိခဲ့ကြောင်း၊ ယခုလည်း ထိုကဲ့သို့ကူညီပေးစေလို၍ အကူအညီ တောင်းခံနေခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
ဧရာဝတီတိုင်းတခုလုံးတွင် ဆင်မောင်းသည့်အဖွဲ့ ၁ ခုသာရှိပြီး ငွေဆောင်ကမ်းခြေဒေသရှိ ဘူးကွဲဆင်စခန်း၌ အခြေစိုက်သည်။ ယင်းအဖွဲ့တွင်လည်း ဆင်မောင်းနိုင်ရန် လေ့ကျင်သင်ကြားပေးထားသည့်ဆင် ၄ ကောင်သာရှိသည့်အတွက် တောဆင်များကို ရိုးမတောထဲသို့ ပြန်မောင်းဖို့ကိစ္စမှာ အခက်အခဲဖြစ်နေကြောင်း တိုင်းအစိုးရအဖွဲ့မှ သစ်တောနှင့်သတ္ထုတွင်းဝန်ကြီး ဦးစိုးမြင့်က ပြောသည်။
“ဆင်ကိစ္စကို သတင်းရတာနဲ့ မြန်မာ့သစ်လုပ်ငန်းကို ကျနော်အကြောင်းကြားထားပါတယ်။ ဆင်က မြန်မာ့သစ်လုပ်ငန်း လက်အောက်မှာ ရှိနေတာလေ။ ဆင်မောင်းတဲ့အဖွဲ့က ဧရာဝတီတိုင်းမှာ ၁ ဖွဲ့ပဲရှိတယ်။ အဲဒီအဖွဲ့မှာလည်း ဆင်မောင်းတဲ့ ဆင်က ၄ ကောင်ပဲရှိတယ်။ အဲတော့ လုပ်ဖို့ကိုင်ဖို့က အတော်အခက်အခဲရှိနေတယ်”ဟု သူက ပြောသည်။
ထိုသို့ ဆင်မောင်းသည့်နည်းမလုပ်လိုပါက စပါးခင်းများသို့ ဆင်မလာစေရန် ဆင်ကို ကျုံးဖြင့် ဖမ်းဆီးခွင့်ပေးသင့်ကြောင်း ငပုတောမြို့နယ်မှ ဆင်ဦးစီးတဦးက ပြောသည်။
“ဆင်ကိုကျုံးနဲ့ဖမ်းလိုက်ရင် ဘယ်ဆင်ဖြစ်ဖြစ် ကျုံးရှိတဲ့နေရာကို ၅ နှစ်လောက် ခြေဦးမလှည့်တော့ဘူး။ အဲ့လိုလုပ်ရင်လည်း အဆင်ပြေနိုင်တယ်”ဟု သူက ပြောသည်။
ဆင်များကို တောအတွင်း၌သာနေစေလိုပါက ဆင်များစားသောက်သည့် ထမဆိုင်း၊ တောငှက်ပျောစသည့် အပင်များကို တောအတွင်း၌ စိုက်ပျိုးပေးပြီး ဆင်စားကျက်များ ဖန်တီးပေးရန်လိုကြောင်း၊ တရားမဝင် သစ်ထုတ်လုပ်မှုကို တင်းကြပ်စွာတားဆီးပြီး သစ်တောထိမ်းသိမ်းရေးကို စနစ်တကျ အားစိုက်လုပ်ဆောင်ပါက အဆင်ပြေနိုင်ကြောင်း လှပသောမြေအဖွဲ့ခေါင်းဆောင် ဦးမြင့်အောင်က ပြောသည်။
“သဘာဝတောရိုင်းတိရိစ္ဆာန်တွေအတွက် စားကျက်ဆိုတာကို သတ်မှတ်ဖန်တီးပေးဖို့ လိုအပ်တယ်။ ဆင်က သူတို့အစားအစာ လုံလောက်နေရင် သူတို့က လူတောထဲကို အန္တရာယ် အဖြစ်ခံပြီး မလာကြပါဘူး”ဟု သူကပြောသည်။
လွှတ်တော်ကိုယ်စားလှယ်နှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့တို့၏ ပြောဆိုမှုများမှာ ဆင်ရိုင်းများနှင့် ပတ်သတ်၍ ရေတိုရေရှည်လုပ်ဆောင်ရမည့်ကိစ္စများဖြစ်သည်။
လတ်တလောတွင် လယ်သမား ဂျော့နေထူး စိတ်ပူနေသည်က ၁ ဧကလောက် ဆင်စားထားပြီး ကျန်နေသည့် သူ၏ စပါးခင်းတွေဖြစ်သည်။
ယင်းလယ်များသည် အစိုးရထံမှ ၁ ဧကလျှင် ၁ သိန်းနှုန်းငွေချေး၍ ဂျော့နေထူး စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။ ယမန်နှစ်ကလည်း ဆင်ဝင်စားသွားလို့ လယ် ၅ ဧကအတွက် အစိုးရဆီက ချေးထားသည့် ငွေ ၅ သိန်းကို ဂျော့နေထူး ရှာကြံဆပ်ခဲ့ရသည်။ ယခုနှစ်လည်း သူ့လယ်တွေကို ဆင်တွေ ဝင်စားပြန်ချေပြီ။
“ဒီနှစ်လည်း စပါးဘယ်လောက်ရမလဲ ပြောလို့မရသေးဘူး။ အခုချိန်လာစားရင်လည်း ရသလောက်တော့ မောင်းကြည့်မှာပေါ့။ မောင်းလို့မရရင်တော့ ဘယ်လိုလုပ်တတ်မလဲ။ ကျွေးရမှာပေါ့။ ကျနော် တယောက်တည်း ကျတော့လည်း ဘယ်ဆင်းမောင်းရဲပါ့မလဲ။ စပါးအတွက်နဲ့တော့ ကျနော့်အသက် မလဲနိုင်ဘူးလေ။ ကျနော့်မှာမိသားစုတွေ ရှိသေးတာကိုး။ ဆင်သာ တကယ်တမ်းလာစားပစ်ရင်တော့ တအောင့်လေးနဲ့ ဒီစပါးတွေ ကုန်သွားမှာပေါ့”ဟု စိတ်ပျက်သည့်အမူအရာဖြင့် ဂျော့နေထူးက ရှင်းပြသည်။
ဆင်အစာကို လူတို့က သွားလုစား၍ ဆင်ကလည်း လူရဲ့အစာကို ပြန်လုစားသည်။ ဂျော့နေထူးကတော့ ဒီလိုအစာလုနေရသည့်ဘ၀ လွတ်မြောက်ချင်နေသည်။ ဒါမှသာ သူလယ်ကို အေးချမ်းစွာ စိုက်ပျိုးရိတ်သိမ်းနိုင်မှာဖြစ်သလို သူတို့မိသားစုလည်း မြေပြင်ပေါ်မှာ အိပ်စက်နိုင်မှာဖြစ်သည်။