လက်ရှိ “တပ်မတော်သည် တိုင်းရင်းသား လူမျိုး အားလုံးပါဝင် ဖွဲ့စည်းထားသည့် ပြည်ထောင်စုတပ်မတော်” ဖြစ်ကြောင်း ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောဆိုကြောင်း ယမန်နေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ယခုရက်ပိုင်း သွားရောက်နေသည့် ကာကွယ်ရေး ဦးစီးချုပ်၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း သံတွဲတပ်နယ်မှ အရာရှိ၊ စစ်သည် များကို ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောကြားချက်သည် တိုင်းရင်းသားများက ပြည်ထောင်စုတပ်မတော် တည်ဆောက်ရေး တောင်း ဆိုနေချိန်နှင့် တိုက်ဆိုင်နေသည်။
ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရန် ကချင်လွတ်လပ်ရေး တပ်မတော် အပါအဝင် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ပြီးခဲ့တဲ့ နိုဝင်ဘာလက မြစ်ကြီးနားမြို့မှာ ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာကတည်းက တောင်းဆိုနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း UNFC အတွင်းရေးမှူး နိုင်ဟံသာနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာတွင် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းအတွက် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံခဲ့သည်။
ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ဒု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က မြန်မာနိုင်ငံတွင် တိုင်းရင်းသားများ စုပေါင်းနေထိုင်သည့်အတွက် အားလုံးပါဝင်သည့် တပ်မတော်ရှိရမည်ဖြစ်ကြောင်း၊ ထိုအတွက် တပ်မတော်တရပ်ဖြစ်လာရေး ဝိုင်းဝန်းဆွေးနွေးရမည်ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
“မြန်မာ့တပ်မတော်ရဲ့ အခန်းကဏ္ဍက သိပ်ကြီးပါတယ်၊ လွတ်လပ်ရေးကို စပြီး တိုက်ခိုက်တဲ့ အချိန်ကတည်းကပါခဲ့တဲ့ တပ်မတော် သမိုင်းကြောင်းကို ဖျောက်လို့မရပါဘူး၊ ပုံစံအနေနဲ့ ဖွဲ့စည်းပုံတွေ ကွဲပြားသွားပေမယ့် ဒီလက်ရှိ ရှိပြီးသား တပ်မတော်ကို ဖျက်ဆီးဖို့ မဟုတ်ပါဘူး၊ ဒီအပေါ်မှာ ဘယ်လို ပြုပြင်မလဲ၊ ဘယ်လိုပါဝင်မလဲဆိုတာကသာ အဓိကကျပါတယ် ”ဟု ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။
တပ်မတော်တွင် ဘာသာကွဲ တိုင်းရင်းသားများကို အဆင့်မြင့်ရာထူးများ မပေးဘဲ ခွဲခြားကန့်သတ်မှုများရှိသည်ဟုလည်း တိုင်းရင်းသားများက ဝေဖန်နေကြသေးသည်။
လက်ရှိ အနေအထားအရ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း၊ ဝပြည်သွေးစည်းညီညွတ်ရေး(UWSA)နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တို့သည် အဓိက လက်နက်ကိုင် အဖွဲ့များဖြစ်သည်။
သို့သော် လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် မည်သို့ မည်ပုံ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးတွင် ပူးပေါင်း ပါဝင်မည် ဆိုသည်အချက်မှာမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၇)၌ တပ်မတော်အခန်းကဏ္ဍနှင့် ပတ်သက်ပြီး အပိုဒ် ၃၄၀ တွင် တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသဘောတူညီချက် ဖြင့် နိုင်ငံတော်လုံခြုံရေး နှင့် ကာကွယ်ရေးတွင် ပြည်သူတရပ် လုံးပါဝင်ရေး စီမံဆောင်ရွက်ခွင့်ရှိသည် ဟု ပါရှိသည်။
ဆက်စပ်သတင်း