နာမည်ကြီး အနုပညာရှင် တချို့ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မူးယစ် အထူးရဲတပ်ဖွဲ့က ၂၀၀၈ ခုနှစ်မှာ ခေါ်ယူစစ်ဆေးခဲ့တဲ့ ဌာနတွင်း ကန့်သတ် အစီအရင်ခံစာ တချို့ အင်တာနက် လူမှု ကွန်ရက် facebook စာမျက်နှာမှာ ပျံ့နှံ့နေတာကြောင့် ဌာနတွင်း သတင်း ပေါက်ကြားမှုကိစ္စအပေါ် စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဌာနတွင်း ကန့်သတ်သတင်း ပေါက်ကြားမှု ဖြစ်တာကြောင့် စုံစမ်းနေပြီး ဌာနတွင်း အရေးယူမှု အနေနဲ့သာ ပြုလုပ်မှာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဌာနတွင်းမှာလည်း အင်တာနက် အသုံးပြုမှုတွေရှိတာကြောင့် ဟက်ကာ (Hacker) တွေက
ရုံးတွင်း အချက်အလက်ဖိုင်တွေကို ယူသွားတာလား ဆိုတာကို စုံစမ်းနေရကြောင်း မူးယစ်အထူးရဲတပ်ဖွဲ့က ဆိုပါတယ်။
အဲဒီအစီအရင်ခံစာ တွေကို မိုးဇေညိမ်း ဆိုတဲ့ facebook အကောင့် ပိုင်ရှင်တယောက်က ဖြန့်ဝေတာဖြစ်ပြီး သူတင်ထားတဲ့ အနုပညာရှင် တချို့ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် အစစ်ဆေး ခံချက်တွေ၊ ဓာတ်ပုံတွေဟာ ၂၀၀၈ ခုနှစ်တုန်းက အနုပညာရှင် တချို့ မူးယစ်ဆေးဝါး သုံးစွဲကြောင်း သတင်းရခဲ့တာကြောင့် ဌာနတွင်းမှာ ခေါ်ယူစစ်ဆေးချက်တွေ ဆိုတာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မူးယစ် အထူးရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး ခင်မောင်သိန်းက ဧရာဝတီကို ပြောပါတယ်။
“အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ သတင်းတွေက အမှန်တွေပါ။ အဲဒီအချိန်တုန်းက အနုပညာရှင် တချို့က မူးယစ်ဆေးဝါး သုံးစွဲ နေတယ် ဆိုတာ ကြားလို့ ခေါ်ပြီး သတိပေးတယ်၊ ဘယ်သူတွေ ပါလဲ မေးခဲ့တယ်၊ ပထမဆုံး အကြိမ် ဖြစ်တာကြောင့်
ဖမ်းဆီးတာမျိုး မလုပ်ခဲ့ဘူး” လို့ မူးယစ်အထူးရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ခင်မောင်သိန်းက ရှင်းပြပါတယ်။
မိုးဇေညိမ်းဆိုတဲ့ အကောင့်ပိုင်ရှင်က သူ့ရဲ့ ကိုယ်ပိုင် လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားချက်အရ ရန်ကုန်မူးယစ် အထူးရဲတပ်ဖွဲ့က စစ်ဆေးခဲ့သူ သရုပ်ဆောင် စိုးမြတ်သူဇာနဲ့ နဝရတ်တို့ရဲ့ အစစ်ခံချက် အဖြေတွေမှာ အရင် စစ်အစိုးရ လက်ထက်၊ စစ်တပ် အသိုင်းအဝိုင်းက ထိပ်တန်း အရာရှိကြီးတွေရဲ့ သားသမီးတွေဟာ မူးယစ်ဆေးဝါး ဖြန့်ချိတဲ့ အဓိက ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး မူးယစ်အထူးရဲတပ်ဖွဲ့က ဒုတိယ ရဲမှူးကြီး ခင်မောင်သိန်းကတော့ စစ်တပ် အသိုင်းအဝိုင်းက ထိပ်တန်း
အရာရှိကြီးတွေရဲ့ သားသမီးတွေနဲ့ အမျိုးတွေဟာ မူးယစ်ဆေးဝါး ဖြန့်ချိတဲ့ အဓိက ပုဂ္ဂိုလ်တွေ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာတော့ အဲဒီအချိန်တုန်းက စစ်ဆေးခဲ့တဲ့ သူတွေပဲ သိနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
“ကျနော်တို့ကတော့ မသိဘူး၊ ကြာလည်းကြာသွားပြီ ဆိုတော့ အဲဒီတုန်းက စစ်ခဲ့တဲ့သူတွေပဲ သိလိမ့်မယ်၊ facebook မှာ ရေးတယ်ဆိုတော့ ဒါက သတင်းစာကနေ တရားဝင် ထုတ်ပြန်ချက်လည်း မဟုတ်တော့ အမှန်လို့ ပြောလို့မရဘူး၊ အခု နောက်ပိုင်းတော့ အဲဒီလို မရတော့ဘူး၊ သက်သေခံ ပစ္စည်းနဲ့တွေ့ရင် ဖမ်းကိုဖမ်းမှာပဲ” လို့ ဒုရဲမှူးကြီး ခင်မောင်သိန်းက ပြောပါတယ်။
facebook စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ စစ်ဆေးချက် စာရွက်တွေအရ ဆိုရင်တော့ ၂၀၀၈ ခုနှစ်တုန်းက သရုပ်ဆောင် စိုးမြတ်သူဇာကို စစ်ဆေးခဲ့တဲ့ သူတွေဟာ အဲဒီအချိန်တုန်းက မူးယစ် တရားမဝင် ငွေကြေးပစ္စည်း စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့
ရဲမှူး ဒေါ်သန်းအေးနဲ့ ရန်ကုန်အရှေ့ မူးယစ်အထူးရဲတပ်ဖွဲ့ ဒုရဲအုပ် ခင်မောင်အေးတို့ ဖြစ်တယ်လို့ တွေ့ရှိရပါတယ်။
“အရင်တုန်းကရော၊ အခုအချိန်မှာပါ အာဏာကို အကာအကွယ်ယူပြီး ဥပဒေ ချိုးဖောက်တာတွေနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေ၊ လုပ်ဆောင်မှုတွေကို ဆက်လက်ဖော်ထုတ်ဖို့ ရှိပါသေးတယ်၊ အခုလို အတွင်းရေး သတင်းတွေကို ထုတ်ဖော်နေတာဟာ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့် မဟုတ်ဘဲ ဥပဒေကို လိုသလို အသုံးပြုခဲ့တဲ့ အာဏာရှင်တွေရဲ့ အကြောင်း တစိတ်တဒေသ ကို ဖော်ထုတ်တာပါ။ ဒီနေရာမှာ ကျနော့် ပုဂ္ဂိုလ်ရေး ခံစားချက် မပါပါဘူး” လို့ အနုပညာရှင်တွေ မူးယစ်ဆေးဝါး သုံးစွဲတဲ့ အစစ်ခံချက်တွေကို ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ပြခဲ့တဲ့ မိုးဇေညိမ်းဆိုတဲ့ အကောင့်ပိုင်ရှင်က ဧရာဝတီကို ပြောပါတယ်။
သူ့အနေနဲ့ အာဏာပိုင်ဆိုတဲ့ အကာအကွယ်ကို ယူပြီး တရားဥပဒေကို ချိုးဖောက်နေတဲ့ လူတစု အကြောင်းကို တင်ပြနေခြင်း ဖြစ်ကြောင်း၊ ဥပဒေနဲ့ ငြိစွန်းတဲ့ ကိစ္စတွေကို ပြုလုပ်ခဲ့တဲ့ သူတွေကို အရေးယူဖို့ ပျက်ကွက်ခဲ့တဲ့ ဖြစ်စဉ်ကို ဖော်ထုတ်တာ ဖြစ်ကြောင်း၊ ဒီလိုမျိုး အတွင်းရေးသတင်း ဖွင့်ချချက်တွေလည်း ထပ်ပြီး မဖော်ပြဖို့ မေတ္တာရပ်ခံသူတွေ ရှိလာတယ် ဆိုတဲ့အကြောင်း သူက ဆက်ပြောပါတယ်။
ကိုမိုးဇေညိမ်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ အနုပညာရှင်တွေနဲ့ မူးယစ်ဆေးဝါး အစစ်ခံချက်တွေ အကြောင်း ဖော်ပြခဲ့ပြီး သိပ်မကြာခင်မှာ
မိုးဇေညိမ်းဆိုတာ ၂၀၀၅ ခုနှစ်က စစ်ဦးစီး တက္ကသိုလ်သင်တန်း အမှတ်စဉ် ၅၅ တက်ရောက်ခဲ့တဲ့သူ ဖြစ်တဲ့အကြောင်း၊ တပ်မတော်သား တဦးဖြစ်ပြီး အုပ်ချုပ်မှု လျော့နည်းခဲ့တဲ့ အတွက်ကြောင့် အရပ်ဘက် ဝန်ကြီးဌာနတခုကို ပြောင်းရွှေ့ ခံခဲ့ရတဲ့သူ ဖြစ်ကြောင်း facebook စာမျက်နှာတွေ ထက်မှာ ရေးသား ဖော်ပြလာတာတွေလည်း တွေ့ရပါတယ်။
ခေါ်ယူ စစ်ဆေးခံခဲ့ရတဲ့ အထဲ ပါခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် စိုးမြတ်သူဇာကတော့ သူ့ရဲ့ ကိုယ်ပိုင် facebook စာမျက်နှာမှာ ပြန်လည် ရှင်းလင်းထားပေမယ့် သူခေါ်ယူစစ်ဆေးခံရတာ မဟုတ်ဘူး ဆိုတာကိုတော့ ငြင်းချက်ထုတ်ထားတာ မတွေ့ရပါဘူး။
“Nobody Perfect ဆိုပေမဲ့ Perfect ဖြစ်တဲ့သူတွေလည်း အများကြီး ရှိနိုင်ပါတယ်။ သေချာတာက ကျမဟာ Perfect မဟုတ်ဘူး ဆိုတာပါပဲ။ ကျမမှာ အားနည်းချက်၊ ချို့ယွင်းချက်တွေ အများကြီးရှိသလို၊ အမှားမရှိ အပြစ်ကင်းတဲ့ လူမျိုးလည်း မဟုတ်ပါဘူး။ အခုကိစ္စမှာ ကျမကို မရည်ရွယ်လည်း ကျမ ဓာတ်ပုံနဲ့ ခေါင်းစဉ်တပ်၊ အကြောင်းအရာ တွေကိုတော့ ကျမ အနေနဲ့ အင်မတန် ခံရခက်ပါတယ်” လို့ ရုပ်ရှင်သရုပ်ဆောင် စိုးမြတ်သူဇာက ရှင်းလင်းထားပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲွမှုထဲမှာ ပါဝင် ပတ်သက်တယ်လို့ ထည့်သွင်း ဖော်ပြခံခဲ့ရတဲ့ လက်ရှိ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင် လူမင်းနဲ့ ဒါရိုက်တာ ညိုမင်းလွင်တို့ကို ဧရာဝတီ သတင်းဌာနက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။
အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ အနုပညာရှင် တချို့ မူးယစ်ဆေးဝါး သုံးစွဲလို့ ခေါ်ယူစစ်ဆေးခံရတယ် ဆိုတဲ့ အချက်အလက် တွေဟာ ရဲစစ်ချက်တွေ ဖြစ်တာကြောင့် သက်သေခံပစ္စည်း ရှာဖွေရာမှာ ခက်ခဲနိုင်ကြောင်း၊ လက်ရှိအချိန်မှာ ပြန်လည်ပြီး
အမှုဖွင့် အရေးယူမယ် ဆိုရင်တော့ ခက်ခဲမှာ ဖြစ်ကြောင်း ဥပဒေအတိုင်ပင်ခံ ကိုဖိုးဖြူက ဧရာဝတီကို ပြောပါတယ်။
“အဲဒီအချိန်တုန်းက စစ်ဆေးခဲ့တဲ့သူ ကိုယ်တိုင်က အမှုမှန်ကန်ကြောင်း ပေါ်ပေါက်နေရင် အမှုဖွင့်ဖို့၊ တရားစွဲဖို့၊ စစ်ဆေးဖို့
ဆောင်ရွက်ခဲ့ရမှာပါ။ အဲဒီလို မလုပ်ခဲ့တဲ့အတွက် စစ်ဆေးသူဟာ ဥပဒေကြောင်းအရ ပျက်ကွက်ခဲ့တာကြောင့် အဂတိ လိုက်စားတယ်လို့ ပြောနိုင်တယ်” လို့ ကိုဖိုးဖြူက ရှင်းပြပါတယ်။
နိုဝင်ဘာ ၂၈ ရက်နေ့က စတင်ပြီးတော့ အွန်လိုင်း စာမျက်နှာတွေထက်မှာ ပျံ့နှံ့နေခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ အစီအရင် ခံစာတွေဟာ ရုပ်ရှင်သရုပ်ဆောင်တွေ ဖြစ်တဲ့ စိုးမြတ်သူဇာနဲ့ နဝရတ်တို့ရဲ့ အစစ်ဆေးခံချက်တွေဖြစ်ပြီး သူတို့ရဲ့ ထွက်ဆိုချက်တွေထဲမှာ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဦးရဲမြင့်ရဲ့သား အောင်ဇော်ရဲမြင့်၊ ဗိုလ်ချုပ်ဟောင်း ဦးစောထွန်းရဲ့ သားမက် သားပေါက် (ခေါ်) ကျော်နိုင်ဦး၊ ဗိုလ်ချုပ်ဟောင်း ကျော်ဘရဲ့ သားမက် အေးထွန်း၊ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ် (လက်ရှိ မူးယစ်ဆေးဝါးမှုနဲ့
ထောင်ကျနေသူ)၊ လက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သူ ဦးအောင်သောင်းရဲ့သား ပြည်အောင်၊ စီးပွားရေး လုပ်ငန်းရှင် မိုက်ကယ်မိုးမြင့်ရဲ့ သား စည်သူမိုးမြင့်တို့ ပါဝင်နေတာကို တွေ့ရပါတယ်။
ဒါ့အပြင် အနုပညာ အသိုင်းအဝိုင်းက စိုးမြတ်ကလျာ၊ ချောချစ်၊ ပြည့်ဖူးခိုင်၊ ချောရတနာ၊ ထူးမွန်၊ နန္ဒာလှိုင်၊ မြတ်ကေသီအောင်၊ (ဒွေး)၊ လွင်မိုး၊ မင်းမော်ကွန်း၊ ဆုဒါလီ၊ ညိုမင်းလွင်၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ ကိုဇော် (အရုဏ်ဦး)၊ မိုက်တီး၊ နေထက်လင်း၊ လူမင်း၊ သဉ္ဇာဝင့်ကျော်၊ သားညီ၊ မျိုးကျော့မြိုင်၊ Rဇာနည်၊ ဖြိုးကြီး စတဲ့ သူတွေလည်း
မူးယစ်ဆေးဝါး သုံးစွဲတယ်လို့ သိရတဲ့အကြောင်း အစစ်ဆေးခံသူတွေက ထွက်ဆိုထားပြီး အစစ်ဆေး ခံချက်တွေ အရ အနုပညာရှင်တွေ မူးယစ်ဆေးဝါး သုံးစွဲကြတဲ့ နေရာတွေဟာ နိုက်ကလပ်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ကလည်း တချိန်က အနုပညာရှင် တချို့ မူးယစ်ဆေးဝါး သုံးစွဲတာနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာက ခေါ်ယူဆွေးနွေးမှုများ ရှိခဲ့ပေမယ့် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း အရသော်လည်းကောင်း၊ လူမှုရေးအရ
လည်းကောင်း ထိပ်တန်းလျှို့ဝှက်ချက် အနေနဲ့ ထားရှိရမှာ ဖြစ်ကြောင်း၊ အဆိုပါ ထွက်ဆိုချက်တွေကို ဂျာနယ် စာမျက်နှာတွေ ထက်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာတာကို တွေ့ရတာကြောင့် မူးယစ်ဆေးဝါးနဲ့ လုံံးဝ ပတ်သက်ခြင်း မရှိခဲ့တဲ့ အနုပညာ ရှင်များ၊ ပတ်သက်မှု ရှိခဲ့ပေမယ့်လည်း လမ်းမှန်ကို လျှောက်လှမ်းရန် ကြိုးစားနေတဲ့ အနုပညာရှင်တွေနဲ့ မိသားစုတွေပါ ဂုဏ်သိက္ခာ ထိခိုက်ရတာကြောင့် ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံချက် အနေနဲ့ ထုတ်ပြန်လိုက်ပါတယ်။
အစီအရင်ခံစာတွေကို စတင်ဖြန့်ဝေသူ မိုးဇေညိမ်းကတော့ သူ့ဆီမှာ ဆက်လက် ဖြန့်ဝေစရာ အစီအရင်ခံစာ အများအပြား ကျန်ရှိနေပေမယ့် ကာယကံရှင်တချို့ရဲ့ မေတ္တာရပ်ခံမှုတွေကြောင့် ဆက်လက် ဖော်ပြခြင်း မပြုတော့ဘူးလို့ သူ့ရဲ့ facebook စာမျက်နှာမှာ ဒီနေ့ပဲ ရေးသားထားပါတယ်။
“မူးယစ်ဆေးဝါး အစီရင်ခံစာနဲ့ စစ်ချက်တွေထဲမှာ နောက်ထပ် ဖော်ပြစရာတွေ အများအပြား ကျန်ပါသေးတယ်။ အဲဒီအမှုကို စစ်ဆေးစဉ်က တရားခံ ၁၀ ဦး၊ ပတ်သတ်ပါဝင်သူ ၃၃ ဦး၊ စုစုပေါင်း ၄၃ ဦးကို စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးခံခဲ့ရသူ အများစု ဟာ အနုပညာ လောကသားတွေ ဖြစ်ပါတယ်။ အပိုင်း ၁ ကို စတင်စဉ်ကတည်းက အားလုံးကို မချွင်းမချန် ဖော်ပြဖို့ စီစဉ် စဉ်းစားထားပါပြီး ဖြစ်ပါတယ်။ သို့ပေမယ့် ပတ်သတ်ရာ ပတ်သတ်ကြောင်း အဖွဲ့အစည်းများရဲ့ မေတ္တာရပ်ခံချက်တွေနဲ့ ကာယကံရှင် များရဲ့ မေတ္တာရပ်ခံမှုတွေကို ထောက်ထားပြီး ဆက်လက် မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ မိုးဇေညိမ်းက သူ့ရဲ့ facebook စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။