ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တနိုင်ငံလုံးရှိ ပြည်သူများ ထိရောက်စွာ ပါဝင်နိုင်ရေး အတွက် အစိုးရကို တောင်းဆိုသွားမည်ဟု အရပ်ဘက် လူမှုအဖွဲ့အစည်းများက ယမန်နေ့ တောင်ကြီးမြို့ ဆွေးနွေးပွဲအပြီး ထုတ်ပြန်ပြောကြားခဲ့ကြောင်း သိရသည်။
ကရင်၊ မွန်၊ ကရင်နီ၊ တနင်္သာရီ၊ ရှမ်း (မြောက်)၊ ရှမ်း (တောင်)၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မန္တလေးနှင့် ရခိုင် စသည့် ဒေသ အသီးသီးတို့မှ အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ တွေ့ဆုံပြီး လက်ရှိ အသွင်ကူးပြောင်းရေး ကာလ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူများ၏ သဘောထားများကို ဖော်ထုတ်နိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု မျိုးဆက်သစ် (ရှမ်းပြည်) မီဒီယာ သတင်းထုတ်ပြန်ရေး အဖွဲ့ဝင် ကိုညီညီမိုးက ပြောသည်။
၎င်းက “သုံးရက်တာကာလ ဆွေးနွေးခဲ့တဲ့ အနှစ်ချုပ်ထဲမှာ တိကျခိုင်မာတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်ဆဲရေး လုပ်ဆောင်နေမှုထဲကို ပြည်သူတွေ ပါဝင်နိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်။ အဲဒီဆွေးနွေးမှုတွေကို နောက်နေ့မှာ ရှမ်းပြည်အစိုးရအဖွဲ့၊ ကျေးရွာ အခြေပြုအဖွဲ့တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ကြားပြီး ဆွေးနွေးခဲ့တယ်။ သူတို့တတွေ အားလုံးရဲ့ ဆွေးနွေးမှု သဘောထားနဲ့ ထုတ်ပြန်ထားတာပါ” ဟု ရှင်းပြသည်။
ဆွေးနွေးပွဲရလဒ်တွင် ယခုလက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်၌ ပြည်သူတို့၏ ပါဝင်မှုကို အသိအမှတ်ပြုခြင်း၊ တရားဝင် ပြဋ္ဌာန်းပါဝင်စေခြင်း မရှိသေးသောကြောင့် နိုင်ငံတဝန်း ပဋိပက္ခအသွင်သစ်များ ပေါ်ပေါက်နေရာ ပြည်သူ့ဘ၀ လုံခြုံမှုကို ခြိမ်းခြောက်ခံနေရမှုများ ရှိနေကြောင်း၊ ခေတ်အဆက်ဆက် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပြည်သူ့ဘဝကို လက်တွေ့ အကျိုး မပြုသော ရေတို ဆုံးဖြတ်ချက်များ၏ ဆိုးကျိုးများကို နှစ်ရှည်လများ ခံစားခဲ့ရသည်မှာ ပြည်သူများဖြစ်ကြပြီး လက်ရှိ အသွင် ကူးပြောင်းရေး ကာလတွင် ပြည်သူ့ အကျိုးစီးပွားကို ရေတို၊ ရေရှည်ဖြင့် လက်တွေ့ ဆောင်ကျဉ်းနိုင်သော ရလဒ်များ ထွက်ပေါ် လာစေလိုကြောင်း ဖော်ပြထားသည်။
ဆက်လက်၍ ထိုသို့ လက်တွေ့ရလဒ်ကောင်းများ ပေါ်ထွက်လာရန် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပြည်သူများ၏ ပါဝင်မှု အခန်းကဏ္ဍကို တရားဝင် ပြဋ္ဌာန်း ဆောင်ရွက်ခွင့် ပြုမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်းလည်း ဆွေးနွေးပွဲရလဒ်တွင် ပါရှိသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို တောင်ကြီးမြို့ စိန့်ဂျိုးဇက် အောက်မေ့ဘွယ် သုဓမ္မာဇရပ်တွင် ကျင်းပခဲ့ကြသည်။ ဆွေးနွေးပွဲကို ဒေသအသီးသီးရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းပေါင်း ၄၀ ကျော်မှ ကိုယ်စားလှယ် ၁၅၆ ဦး တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ခေါင်းစဉ်သုံးခုဖြစ်သည့် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်ခြင်းတို့ကို ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲအပြီး၌ အချက် ၆ ချက်ပါသည့် အများသဘောတူ ဆွေးနွေး သုံးသပ်ချက်များကို ထုတ်ပြန်ခဲ့သည်။