Environment

ဟိန္ဒား သတ္တုမိုင်းကြောင့် ဒေသခံများ ဘဝလုံခြုံမှု ထိခိုက်နေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထားဝယ်ခရိုင် ဟိန္ဒားသတ္တုတွင်းတွင် ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီက ခဲမဖြူသတ္တုများကို အလွန်အကျွံ ထုတ်လုပ်နေမှုကြောင့် သတ္တုတွင်းအနီးရှိ ဟိန္ဒားကျေးရွာနှင့် မြောင်းပြိုကျေးရွာတို့မှာ ဆိုးရွားလှသော ပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှု၊ ရေကြီးရေလျှံမှု အပါအဝင် ကျန်းမာရေးဆိုင်ရာ ပြဿနာများပါ တွေ့ကြုံနေရကြောင်း ဒေသခံ ထားဝယ်တိုင်းရင်းသားများက ဧရာဝတီသတင်းဌာနသို့ ထုတ်ဖော် ပြောဆိုကြသည်။

ဟိန္ဒားသတ္တုတွင်းမှာ ထားဝယ်မြို့အရှေ့ဘက် မိုင် ၆၀ ခန့် ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲအနီး တည်ရှိပြီး ထိုင်းနိုင်ငံ ကန်ချနာဘူရီနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းတို့အတွက် ဆက်သွယ်ထားသော အထူးအမြန်လမ်းမကြီးတည်ရှိရာ ဧရိယာနှင့် ဆက်စပ်လျက်ရှိသည်။

ဟိန္ဒားသတ္တုတွင်းလုပ်ငန်းခွင်တွင် လုပ်ကွက် ၃ ကွက် တည်ရှိရာမှ လုပ်ကွက် SIDE-C နေရာမှ စွန့်ပစ်သော စွန့်ပစ်မြေစာနှင့် မိုင်းဆေးရေများ ထိုးဆင်းလာခြင်းကြောင့် အနီးရှိမြောင်းပြိုချောင်း၊ ဘဝပင်ချောင်းတို့မှာ တိမ်ကောသွားကာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ တွင် မြောင်းပြိုရွာမှာ ရေကြီးခြင်း၊ သဲနုန်းဖုံး လွှမ်းခြင်းများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောဆိုလာသည်။

ဟိန္ဒားသတ္တုတွင်းမှ ထုတ်လုပ်လိုက်သော  စွန့်ပစ်မြေစာများ၊ ခဲသတ္တုရေများသည် ရေမရှိတော့သည့် ဘဝပင်ချောင်းအတွင်းသို့ ဝင်ရောက်လျက်ရှိပြီး မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် စီးဆင်းလာသည့် စွန့်ပစ်မြေစာများသည် မြောင်းပြိုရွာအတွင်း စီးဆင်းလာပြီး နေအိမ်၊ သီးပင်စားပင်နှင့် လယ်ယာမြေများပေါ်သို့ ဖုံးလွှမ်းသွားကြောင်း၊ ယခုအခါ မြောင်းပြိုရွာတစ်ခြမ်းမှာ ရေဖုန်းလွှမ်းမှုကြောင့် လုံးဝပျက်စီးသွားပြီဟု ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးအောင်က ဧရာဝတီသို့ ပြောသည်။

”ဒီမှာ ဖြစ်နေတာတွေကို ဘယ်သူမှ ဂရုမစိုက်ကြဘူး။ ဘယ်သူကို အားကိုးရမှန်းလည်း မသိဘူး။ အစိုးရကို ပြောလည်းမရဘူး။ ကုမ္ပဏီကို ပြောလည်း ဂရုမစိုက်ဘူး။ ကျနော်တို့တွေ ဒီမှာ တော်တော်လေးကို ဒုက္ခရောက်နေကြတယ်။ ရေတွေလျှံတယ်။ အိမ်တွေ ရေမြုပ်တယ်။ သီးပင်စားပင်တွေလည်း အကုန်ပျက်စီးကုန်ပြီ ” ဟု ဦးစိုးအောင်က ပြောဆိုသည်။

ထားဝယ်ဒေသ ဟိန္ဒားသတ္တုတွင်း နယ်မြေအတွင်း ခဲမဖြူ သတ္တု တူးဖော်ခြင်းလုပ်ငန်းကို အစိုးရ သတ္တုတွင်းဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီ (Myanmar Pongpipat Company (MPC) တို့က ဧရိယ ဧက ၂၀၀၀ ကျော် ပေါ်တွင် ဖက်စပ်လုပ်ကိုင်လျက် ရှိပြီး အကျိုးအမြတ်၏ ၆၅ ရာခိုင်နှုန်းကို ထိုင်းကုမ္ပဏီက ရရှိကြောင်း၊ ၃၅ ရာခိုင်နှုန်းကို အစိုးရက ရရှိကြောင်း၊ ကုန်ကြမ်း ပစ္စည်းများကို ထိုင်းနိုင်ငံမှတဆင့် စင်ကာပူ နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ဧရာဝတီသတင်းဌာနက ဟိန္ဒားသတ္တုတွင်း လုပ်ပိုင်ခွင့်ရရှိထားသော မြန်မာပွန်ပီပက် ထိုင်းကုမ္ပဏီ တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်ရရန်ကြိုးပမ်းခဲ့ရာ ကုမ္ပဏီမန်နေဂျာဆိုသူက မြန်မာ အစိုးရခွင့်ပြုချက်မရှိဘဲ သတ္တုတွင်းလုပ်ငန်း နယ်မြေထဲသို့ ဝင်ခွင့်မပြုနိုင်ကြောင်း၊ မီဒီယာမေးခွန်းများကိုလည်း မဖြေဆိုနိုင်ကြောင်း စကားပြန်မှတဆင့် ပြောဆိုပြီး သတ္တုတွင်း ဧရိယာထဲမှ အမြန်ထွက်သွားရန် မောင်းထုတ်ခဲ့သည်။

ဟိန္ဒားသတ္တုတွင်းအား ၁၉၂၇ ခုနှစ်မှ စတင်၍ သတ္တုတူးဖော်ခဲ့ပြီး နိုင်ငံပိုင် သတ္တုတွင်း စီမံကိန်း အနေဖြင့် ၁၉၉၉ ခုနှစ် ဇွန်လအထိ လုပ်ကိုင်ခဲ့သော်လည်း စနစ်ကျသော လုပ်ငန်းစီမံခန့်ခွဲမှုများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆိုးဝါးစွာ မရှိခဲ့ကြောင်း၊ သို့သော် ၁၉၉၉ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှစ၍ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းနှင့် မြန်မာပွန်ပီပက်ကုမ္ပဏီတို့ကို ထုတ်လုပ်မှုအပေါ် အချိုးကျ ခွဲဝေသည့် စနစ်ဖြင့် စတင်ခွင့်ပြုခဲ့ပြီးနောက်ပိုင်း ယင်းထိုင်းကုမ္ပဏီ၏ စီမံခန့်ခွဲမှုနှင့် သတ္တုအလွန်အကျွံထုတ်လုပ်မှုကြောင့် ယခုကဲ့သို့ ပြဿနာများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ထားဝယ်ဖွံဖြိုးမှုအဖွဲ့(DDA)က ဆိုသည်။

ထိုင်းကုမ္ပဏီ မြန်မာပွန်ပီပက်က ၁၉၉၉ ခုနှစ်မှ စတင်ကာ လုပ်ပိုင်ခွင့် ၁ဝ နှစ်ရရှိပြီး ယခုအခါ  ၅ နှစ် သက်တမ်း ထပ်မံ လုပ်ပိုင်ခွင့်ရရှိထားသောကြောင်း၊ ယင်းကုမ္ပဏီလက်ထက်တွင် ပတ်ဝန်းကျင်ပျက်စီးမှု၊ ကျန်းမားရေး ထိခိုက်မှုများမှာ အဆိုးဝါးဆုံးအဆင့်သို့ ရောက်ရှိလာသည်ဟု ဒေသခံများက ဧရာဝတီသို့ ပြောသည်။

”သတ္တုတွင်း ကနေ သွန်ချလိုက်တဲ့ရေတွေက လုံးဝမသန့်တော့ဘူး။ အဲဒီရေကို သုံးတဲ့သူတွေအားလုံး အဆိပ်အတောက်ဖြစ်ပြီး ကျန်းမားရေး ထိခိုက်ကုန်ကြတယ်။ ကျောက်ကပ်၊ တီဗွီ ၊ အရေးပြားရောဂါတွေ ဖြစ်ပြီး ကျနော်ဆီရောက်လာတဲ့ လူနာတွေ ရှိတယ်”ဟု ထားဝယ်မြို့ပေါ်တွင် ဆေးခန်းဖွင့်ထားသူ အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာသန်းဝင်းက ဧရာဝတီသို့ ပြောသည်။

ဟိန္ဒားသတ္တုတွင်းနှင့် ထားဝယ်ခရိုင်အရှေ့ဘက်ခြမ်းဒေသသည် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ထိန်းချုပ်ဒေသဖြစ်ပြီး သတ္တုတွင်းကြောင့် ဒေသပတ်ဝန်းကျင် အကြီးအကျယ်ထိခိုက်ရပြီး ဒေသခံများ နှစ်နာဆုံးရှုံးမှုများ ရှိသောကြောင့် ကရင်အမျိုးသားအစည်းအရုံး (မြိတ်-ထားဝယ်)ခရိုင်က ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင်မြန်မာပွန်ပီပက်ကုမ္ပဏီကို လုပ်ငန်းများ ရပ်ဆိုင်းထားရန် အမိန့့်ထုတ်ပြန်ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

” တာဝန်မယူတတ်တဲ့ ကုမ္ပဏီတွေကြောင့် ကျနော်တို့ဒေသက ပျက်စီးကုန်ပြီ။ ဒီစီမံကိန်းတွေ ဝင်လာကတည်း ဒေသခံတွေမှာ ဒုက္ခရောက် ၊ ပတ်ဝန်းကျင်တွေလည်း ပျက်စီးသွားတာ ကျနော်တို့လည်း ဘာမှမတတ်နိုင်ဘူး”ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)မှ အမည်မဖော်လိုသူ ဗိုလ်ကြီးတစ်ဦးက ဧရာဝတီသို့ ပြောသည်။

ဟိန္ဒားသတ္တုတွင်း တည်ရှိသော ဟိန္ဒားကျေးရွာအနီးရှိ ဘန်းချောင်းကို မြန်မာပွန်ပီပက် ကုမ္ပဏီက ပိတ်ဆို့ပြီး ရေလွှဲဆည်တခုတည်ဆောက်လိုက်မှုကြောင့် မိုးရွာသီတွင် ဟိန္ဒားကျေးရွာမှာ ရေမြှပ်သွားနိုင်ကြောင်း၊ ယခုအခါတွင်လည်း ကျေးရွာနေရာတချို့နှင့် ဥယျာဉ်ခြံမြေများမှာ ရေမြုပ်လျက်ရှိကြောင်း ဟိန္ဒားကျေးရွာတွင် နေထိုင်သူ အသက် ၃၉ နှစ်အရွယ် ကိုငွေစိုးက ဧရာဝတီသို့ ပြောသည်။

“ခြံမြေတွေက ရေမြှပ်ကုန်တော့ ဘာမှလုပ်စားလို့ မရဘူး။  သွားလုပ်ရင်လည်း တနေ့ကို ၁၈၀၀ ပဲရတာ။ အလုပ်ကြမ်းသမားတယောက်က အနည်းဆုံး ၃၀၀၀ လောက်တော့ ရသင့်တယ်။ အခုက ကျနော် ဒီရေတွေကို သောက်လို့ ကျောက်ကပ်ရောဂါဖြစ်ပြီး ရန်ကုန်မှာ ဆေးသွားကုတာ နှစ်သိန်းလောက် ကုန်တယ်။ ဆေးသောက်တာနဲ့တင် ပျောက်သွားလို့။ မပျောက်ရင် ဆရာဝန်က ပိုက်ဆံ ၆ သိန်းပါမှ ရန်ကုန်တက်လာဖို့ မှာလိုက်တယ်”ဟု ကိုငွေစိုးက ဆိုသည်။

ဟိန္ဒားသတ္တုတွင်းတွင် အလုပ်သမား ၅၀၀ ခန့် ရှိပြီး အများစုမှာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှ လာရောက်လုပ်ကိုင်သူများ ဖြစ်ကြောင်း၊ အလုပ်သမားများမှာ မီဒီယာနှင့် တွေဆုံပါက အလုပ်ပြုတ်လေ့ရှိသောကြောင့် မီဒီယာကို တွေဆုံမည် မဟုတ်ကြောင်း ဟိန္ဒားကျေးရွာမှ ဒေသခံတဦးက ဧရာဝတီသို့ပြောသည်။

“ အရင်က ဒီသတ္တုတွင်းကို အစိုးရကိုယ်တိုင်လုပ်တာ။ အဲဒီတုန်းက သဘာဝပတ်ဝန်းကျင်က ဒီလောက် မပျက်စီးဘူး။ ဆေးရုံလည်း ရှိတယ်။ အခု ဒီရှမ်း(ထိုင်း)တွေ လက်ထက်မှာတော့ အကုန်ကုန်တော့တာပဲ။ အခုဆေးခန်းလည်း ပိတ်သွားပြီ” ဟု ယင်းဒေသခံက ဆိုသည်။

မြန်မာပွန်ပီပက် ကုမ္ပဏီ၏ ဟိန္ဒား သတ္တုတွင်းမှ ထုတ်လုပ် စွန့်ပစ်လိုက်သော သတ္တုရေဆိုးများကို ချောင်းအောက်ဘက်တွင် စောင့်၍ စစ်ယူသော တဲ ၁၀ လုံးခန့်အထိရှိပြီး ယင်းနေရာတွင် ခဲမဲများကို အစစ်ခံကာ တနိုင်တပိုင် လုပ်ကိုင်စားသောက်နေသူများလည်း ရှိသည်။

”ဒီမှာက တစ်လကို ခဲမည်း ၅ ပိသာလောက် ရတယ်။ ရတဲ့ခဲတွေကို တစ်ပိဿာကို ၅၀၀၀ ကျပ်နှုန်းနဲ့ ကုမ္ပဏီက ပြန်ယူတယ်။ အပြင်ဈေးကွက်မှာ သွားရောင်းရင် တစ်သောင်းကျော် ရတယ်။ တလဝင်ငွေကတော့ အများဆုံး နှစ်သိန်းလောက်ထိ ရဖူးတယ်။ တလကို တခါလောက်ခဲ အကျများရင် အဲလောက်တော့ ရတတ်တယ်”ဟု တနိုင်တပိုင် ခဲရှာသူ ကိုမောင်မောင်သန်းက ပြောသည်။

ဟိန္ဒားသတ္တုတွင်း နယ်မြေ အောက်ဘက်တွင် ရှိသော မြောင်းပြိုကျေးရွာသည် ထားဝယ်ရွာတရွာ ဖြစ်ပြီး ၁၉၈၃ ခုနှစ်က စတင် တည်ထောင်ခဲ့ကာ ယင်းကျေးရွာတွင် အိမ်ခြေ ၁ဝဝ၊ လူဦးရေ ၅ဝဝ ခန့် နေထိုင်ပြီး အများစုမှာ လယ်ယာဥယျာဉ်ခြံ စိုက်ပျိုးရေးကို လုပ်ကိုင်လျက် ရှိပြီး အနည်းစုသည် ခဲသတ္တုတူးဖော်ခြင်းကို လုပ်ကိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

“ အရင်က အလွန်နက်တဲ့ ဘဝပင်ချောင်းလည်း ရေမရှိတော့ဘူး။ ပျက်စီးသွားပြီ။ မြေတွေကလည်း ဘာမှစိုက်ပျိုးလို့ မရတော့ဘူး။ စားဝတ်နေရေး အဆင်မပြေတော့ ကလေးကိုလည်း ကျောင်းထုတ်လိုက်ရတယ်။ ကျန်းမာရေးအတွက်ကလည်း ရှိတဲ့ အစိုးရဆေးခန်းလေးက အမြဲလိုလိုပိတ်ထားတယ်” ဟု မြောင်းပြိုဒေသခံ ဦးစိုးနိုင်က ဆိုသည်။

ဟိန္ဒားသတ္တုတွင်းကြောင့် မြောင်းပြိုကျေးရွာ ဘဝပင်ချောင်းအနီးတွင် လယ်မြေ၊ ဥယျဉ်ခြံမြေ စသည့် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေသူ လယ်သမား၊ ယာသမား ၃၀ ကျော်မှာ လုပ်ကိုင်စရာမြေ မရှိတော့သည့်အတွက် ၂၀၀၈ ခုနှစ်မှ စတင်ကာ ကျပန်းအလုပ်များ လုပ်ကိုင်နေရကြောင်း၊ ယခုအခါ ကုမ္ပဏီမှ တူးဖော်ပေးလျက်ရှိသော တာတမံမှာ လွန်စွာနောက်ကျသွားပြီဟု ဒေသခံများက ဆိုသည်။

“ အခု ကုမ္ပဏီက ကျနော်တို့အတွက် တာတမံလာတူးပေးနေတယ်။ ဒီမှာက ဘာမှစိုက်လို့ မရတော့ဘူး။ ကျနော်တို့ နစ်နာမှုတွေအတွက် ကုမ္ပဏီကို လျော်ကြေးသွားတောင်းတယ်။ ကိုယ်တိုင်လည်း သွားတောင်းတယ်။ မြို့နယ်ကနေတဆင့်လည်း တောင်းခိုင်းတယ်။ ဘာမှ ပြန်လုပ်မပေးဘူး” ဟု ဦးစိုးနိုင်က  ပြောသည်။

မြောင်းပြိုကျေးရွာတွင် သောက်ရေ မလုံလောက်တော့သောကြောင့် ထားဝယ်ဖွံဖြိုးမှုအသင်း(DDA)၏ အကူအညီဖြင့် ထားဝယ်မြို့မှ လာရောက်လှူဒါန်းပေးထားသော သောက်ရေသန့်စက်တခုကို အမီအခိုပြုနေရကြောင်း တွေ့ရသည်။

ဟိန္ဒားသတ္တုတွင်းမှ  ခဲမဖြူ သတ္တုတူးဖော်ခြင်းလုပ်ငန်းမှ သတ္တုစွန့်ပစ်မြေများကြောင့် သဲနုန်းဖုံး လွှမ်းခံရခြင်း၊ မိုင်းဆေးရေနောက်များ စီးဆင်းလာပြီး ဟိန္ဒားချောင်း မှ တဆင့် ဘန်းချောင်းထဲသို့ စီးဝင်ကာ တနင်္သာရီမြစ်အတွင်းသို့ စီးဝင်ခြင်းအပြင် မြောင်းပြိုချောင်း၊ ခမောင်းသွယ်ချောင်းတို့ မှ တဆင့် တနင်္သာရီမြစ်အတွင်းသို့ စီးဝင်းလျက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading