၂၀၁၂ ခုနှစ်အတွက် အမျိုးသား စာပေဆုရှင်များအနက် အမျိုးသမီး စာရေးဆရာမ နှစ်ဦးကို တခြားသော အမျိုးသမီး စာရေး ဆရာမများက အမှတ်တရ ဂုဏ်ပြုတဲ့ အစီအစဉ်တခုကို ဒီဇင်ဘာ ၅ ရက်နေ့ မနက်က ဗဟန်း ရေတာရှည်လမ်းမှာရှိတဲ့ Idea
လက်ဖက်ရည်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။
အမျိုးသမီး စာရေးဆရာမများရဲ့ ဂုဏ်ပြုခံရသူတွေကတော့ တသက်တာ စာပေဆုရှင် ဆရာမကြီး ဒေါ်ခင်ဆွေဦးနဲ့ ဝတ္ထုတို ပေါင်းချုပ် အတွက် အမျိုးသား စာပေဆုရှင် စာရေးဆရာမ ခင်မြဇင်တို့ ဖြစ်ကြပါတယ်။
ပွဲကို မနက် ၁၀ နာရီကနေ ၁၂ နာရီအထိ ကျင်းပခဲ့ပြီး စာရေးဆရာမ ၆၀ ကျော်နဲ့ စာရေးဆရာ ၅ ဦးခန့် တက်ရောက် ခဲ့ပါတယ်။
ဒီပွဲကို ဦးဆောင်စီစဉ်သူ တဦးဖြစ်တဲ့ စာရေးဆရာမ နှင်းဝေငြိမ်းက သူ့အနေနဲ့ ဒီပွဲဖြစ်ပေါ်လာဖို့ စိတ်ကူးကို နှစ်ပတ်တကြိမ် ပြုလုပ်နေကျဖြစ်တဲ့ ဘူတာကြီး စာဖတ်ဝိုင်းကနေ စတင် ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ စာဖတ်ဝိုင်းကို လာနားထောင် ကြတဲ့ စာချစ်သူ ပရိသတ်တွေနဲ့ စာရေးဆရာ/ ဆရာမတွေက သူတို့ချစ်ခင်ကြတဲ့ စာရေးဆရာမနှစ်ဦးကို သီးသန့် အစီအစဉ် တခုနဲ့ ဂုဏ်ပြုချင်တာကြောင့် ဒီပွဲကို စီစဉ်ဖို့ စိတ်ကူးရခဲ့တာလို့လည်း သူက ဧရာဝတီကို ပြောပါတယ်။
“၂၀၁၂ ခုနှစ် ရဲ့ ဆုရှင် အမျိုးသမီး စာရေးဆရာမနှစ်ဦးကို အမျိုးသမီး စာရေးဆရာမများမှ အမှတ်တရဂုဏ်ပြုပွဲ” ဆိုတဲ့
ခေါင်းစဉ် တပ်ရခြင်းနဲ့ ပတ်သက်ပြီးတော့လည်း ဆရာမနှင်းဝေငြိမ်းက “ဒီခေတ်မှာ အမျိုးသမီး အမျိုးသား အခွင့်အရေး တန်းတူပဲလို့ ပြောနေကြပေမယ့် ဘယ်တုန်းကမှ တန်းမတူခဲ့ပါဘူး။ အဲဒီလိုအခါမှာ အမျိုးသမီးတွေက အမျိုးသမီးတွေကို
ဂုဏ်ပြုတဲ့ဟာက မင်္ဂလာ သိပ်ရှိပါတယ်။ ပြီးတော့ ဒီစာရေးဆရာမ နှစ်ဦးစလုံး ဟာလည်း ကျမတို့တတွေ အားလုံး ကြည်ညိုလေးစားရတဲ့သူ တွေဖြစ်တဲ့အတွက်၊ သူတို့ရဲ့စာတွေကို ဖတ်ပြီး အားကျလေးစားခဲ့ရ သူတွေ ဖြစ်တဲ့အတွက် ကြောင့်ပါ” လို့ ဆိုပါတယ်။
ဒီပွဲကို တက်ရောက်လာသူအများစုဟာ အမျိုးသမီးစာရေး ဆရာများနဲ့ အယ်ဒီတာများ ဖြစ်ကြပြီး အမျိုးသား စာပေဆုရှင် ဆရာမနှစ်ဦးကို အမှတ်တရ ပန်းချီကားတွေ၊ ဓာတ်ပုံတွေ၊ လက်ဆောင် ပစ္စည်းတွေနဲ့ ဂုဏ်ပြု ချီးမြှင့်ငွေတွေ ပေးအပ်ခဲ့ကြ ပါတယ်။
အမျိုးသားစာပေဆု ရွေးချယ်ရေး အဖွဲ့ဝင်တဦးဖြစ်သူ ရွှေအမြုတေ မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းလည်း ဒီပွဲကို တက်ရောက်ခဲ့ပြီး သူက ဆရာမနှစ်ဦးနဲ့ ပတ်သက်လို့ ဝမ်းသာဂုဏ်ယူကြောင်းနဲ့ ဒီနှစ်ရဲ့ စာပေဆုတွေအပေါ် စာပေ လောကသားတွေ ပိုပြီး စိတ်ဝင်စားမှု ရှိလာခြင်းဟာ ဆုရွေးခြယ်ရေး ပုံစံ ပြောင်းလဲလာခြင်းကြောင့် ဖြစ်မယ်လို့
ထင်ကြောင်း ပြောပါတယ်။
ဆုတွေအတွက် မဲပေးရာမှာ လျှို့ဝှက် မဲပေးစနစ်ကို ကျင့်သုံးခဲ့တဲ့အပြင် မဲရေတွက်ရာမှာ ပရိုဂျက်တင်းလုပ်ပြီး ပွင့်လင်း မြင်သာစွာ ရေတွက်ခဲ့တယ်လို့လည်း ဦးဝင်းငြိမ်းက ဆိုပါတယ်။
ဒီပွဲဖြစ်မြောက်အောင် ဝိုင်းဝန်းပံ့ပိုး ကူညီသူတဦးဖြစ်တဲ့ စာရေးဆရာမ မြသွေးနီကလည်း “ကိုယ်တိုင်ကလည်း စာရေးဆရာမ တဦးဖြစ်တယ်၊ အခု ဆုရတဲ့ စာရေးဆရာမ နှစ်ဦးကလည်း စာပေလောကမှာ ကောင်းတဲ့ သမိုင်းကြောင်းတွေနဲ့ ဖြတ်သန်း ခဲ့တဲ့သူတွေ၊ အားကျ စံနမူနာ ထားရတဲ့သူတွေ ဖြစ်တယ်။ ပြီးတော့ ကိုယ်တွေ စာရေးဆရာမတွေ အားလုံး တစုတဝေးတည်း ဆုံတွေ့ကြရမယ့် ပွဲလည်း ဖြစ်တယ်၊ ကျမတို့ နောက်မျိုးဆက်သစ် စာရေးဆရာမတွေ အားလုံး စံနမူနာ ယူသင့်တဲ့ပွဲ ဖြစ်တဲ့အတွက် ကျမတို့ ပါဝင်သင့်တယ်လို့ ယူဆပြီး စိတ်ရောကိုယ်ပါ။ ကူညီ ဝိုင်းဝန်းပေးခဲ့တာပါ” လို့ ပြောပါတယ်။
စာရေးဆရာမနှစ်ဦးရဲ့ စာပေလက်ရာများနဲ့ ပတ်သတ်ပြီးလည်း ဆရာမ မြသွေးနီက “ဆရာမ နှစ်ဦးစလုံးရဲ့ စာတွေကို နှစ်သက် သဘောကျခဲ့ပါတယ်။ ဆရာမကြီး ခင်ဆွေဦးဆိုရင် သူရဲ့စာတွေက ဟိုးကတည်းက ခေတ်မီတယ်။ ဆရာမကြီးရဲ့ ဝတ္ထုတွေမှာ ကဗျာတိုလေးတွေကို ထည့်ပြီး ရေးဖွဲ့တဲ့ဟန်ကို အရမ်းသဘောကျ ခဲ့ပါတယ်။ ဆရာမ ခင်မြဇင်ကျတော့ ကဗျာဆရာမ တဦးလည်း ဖြစ်တယ်၊ သူ့ရဲ့ စာတွေဟာ ရိုးဂုဏ်တွေနဲ့ ပြည့်ဝနေပြီး သူ့စာတွေက အပြင်က သူ့ပုံစံအတိုင်း တထပ်တည်းကျတယ်၊ သိပ်သဘောကျစရာ ကောင်းပါတယ်” လို့ သုံးသပ်ပါတယ်။
အမျိုးသားစာပေဆုရှင် စာရေးဆရာများကို ထပ်ဆောင်း ဂုဏ်ပြုပွဲတွေ ပြုလုပ်တဲ့ အစဉ်အလာဟာ အရင်ကတည်းကလည်း ရှိခဲ့ပေမယ့် အဲဒီပွဲတွေဟာ ထုတ်ဝေသူတွေ၊ မြို့နယ် အသင်းအဖွဲ့တွေက ပြုလုပ်ပေးတာ၊ နီးစပ်ရာ အသိမိတ်ဆွေ များက ပြုလုပ်ပေးတာမျိုးသာ ဖြစ်ပြီး အခုလို စာရေးဆရာအချင်းချင်း၊ အမျိုးသမီးစာရေးဆရာမ အချင်းချင်း ဂုဏ်ပြု ပြုလုပ်ပေးခြင်းမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
ဂုဏ်ပြုခံရသူ ဆရာမ ခင်မြဇင်က “စာရေးဆရာမတွေက ကျမနဲ့ ဆရာမကြီး ဒေါ်ခင်ဆွေဦးတို့ကို ချစ်လို့ ဒီပွဲကို လုပ်ပေးတာပါ။ ဒီအတွက် ကျမ အရမ်း ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။
ဒါပေမယ့် အခုလို အများစုပေါင်းပြီး ငွေကြေးနဲ့ ဂုဏ်ပြုလက်ဆောင်တွေ ထည့်ဝင်ကြတဲ့ အတွက်တော့ သူ့အနေနဲ့ အရမ်း
အားနာရတယ်လို့လည်း ပြောပါတယ်။
အရင်က မန္တလေး၊ တောင်လေးလုံး ကျောင်းတိုက်မှာ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ မွေးနေ့ပွဲကို အစဉ်အလာကြီးမားစွာ ကျင်းပ ခဲ့ကြသလို လူထုဒေါ်အမာ ကွယ်လွန်ပြီးတဲ့ နောက်မှာ အနယ်နယ် အရပ်ရပ်က စာပေချစ်သူတွေ ဆုံစည်း ကြဖို့အတွက် ဆရာမကြီး ဒေါ်ခင်ဆွေဦးရဲ့ မွေးနေ့ပွဲကို သူ့မွေးနေ့ ဒီဇင်ဘာ ၁ ရက်နေ့တိုင်းမှာ လာမယ့်နှစ်က စတင်ပြီး
ကျင်းပ ပြုလုပ်နိုင်ဖို့ ကြိုးစား စီစဉ်သွားကြမယ် ဆိုတဲ့အကြောင်းလည်း ဒီပွဲကို တက်ရောက်လာကြတဲ့ စာရေးဆရာမတွေက သဘောတူညီခဲ့ကြ ပါတယ်။
၂၀၁၂ ခုနှစ်အတွက် အမျိုးသား စာပေဆုရှင်တွေကတော့ ထက်နိုင် (တလုပ်မြို့) က “မပြောဖြစ်ခဲ့တဲ့ စကား” စာအုပ်နဲ့ (ဝတ္ထုရှည်ဆု)၊ ခင်မြဇင်က “ကောင်းကင်မိုးတိမ်” စာအုပ်နဲ့ (ဝတ္ထုတိုပေါင်းချုပ်ဆု)၊ ကို (တက္ကသိုလ်) က“ မြကန်သာ ကဗျာပေါင်းချုပ်” စာအုပ်နဲ့ (ကဗျာပေါင်းချုပ်ဆု)၊ ဒေါက်တာခင်လကျ်ာက “ဖေဖေဗိုလ်လကျ်ာ” စာအုပ်နဲ့ (စာပဒေသာဆု)၊ စတီဗဲင်နီကိယိုက “ချင်းယဉ်ကျေးမှု ဓလေ့ထုံးတမ်း” စာအုပ်နဲ့ (မြန်မာ့ယဉ်ကျေးမှုနဲ့ အနုပညာဆိုင်ရာဆု)၊ ရွှေမြိုင်ပြုံးလဲ့မော် က “အရုဏ်ဦးမှာဖူးတဲ့ပန်း ကလေးကဗျာများ” စာအုပ်နဲ့ (ကလေးစာပေဆု)၊ မောင်မြင့်ကြွယ်က “မြန်မာပြည်မှနေ့ရက်များ” စာအုပ်နဲ့ (ဘာသာပြန်ဆု – သုတ)၊ တင်မောင်မြင့်က “ပြစ်မှုနှင့်ပြစ်ဒဏ်” စာအုပ်နဲ့ (ဘာသာပြန်ဆု – ရသ)၊ မောင်ဟုန်ဝမ် (ကထိက) က “မင်းသုဝဏ်နှင့် ကဗျာ ကဗျာလေ့လာချက်” စာအုပ်နဲ့ (သုတပဒေသာဆု-ဝိဇ္ဇာ)၊ ကျော်ဦးက “ရေကြည်တပေါက်” စာအုပ်နဲ့ (သုတပဒေသာဆု – ရိုးရိုးသိပ္ပံ)၊ ဒေါက်တာခင်စန်းမော်က “တိရစ္ဆာန်မှ လူကိုကူးစက်တတ်သော ရောဂါများ” စာအုပ်နဲ့ (သုတပဒေသာဆု – အသုံးချသိပ္ပံ)၊ ကျော်ဝင်းက “မြန်မာ့နိုင်ငံရေး လေ့လာဆန်းစစ်ချက်” (၁၉၄၈ – ၁၉၈၈) စာအုပ်နဲ့ နိုင်ငံရေး စာပေဆု၊ မြင့်အောင်က Revealing Myanmar’s Past: An Anthology of Archaeological Articles စာအုပ်နဲ့ အင်္ဂလိပ်ဘာသာ – သုတဆု တို့ ဖြစ်ကြပါတယ်။
၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့ပြီး ဒီပွဲမှာ စာရေးဆရာမကြီး ခင်ဆွေဦး၊ စာရေးဆရာကြီး အောင်သင်းနဲ့ သိပ္ပံမှူးတင်တို့ကို တသက်တာစာပေဆုများ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။