မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်က ကြီးမှူးကျင်းပသည့် ဆရာယုဒသန်၏ မြန်မာပြည် နှစ်ခြင်းသာသနာနှစ် ၂၀၀ ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်း ဓမ္မသဘင်ကို ဖွင့်ပွဲကို ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နေ့လယ် ၁ နာရီတွင် ရန်ကုန် အလုံမြို့နယ်ရှိ ဧရာဝတီ ပိုးကရင်ကွင်း ဘုရားကျောင်းဝန်းကြီးထဲ၌ ကျင်းပခဲ့သည်။
ဆရာ ယုဒသန်၏ မြန်မာပြည် နှစ်ခြင်းသာသနာနှစ် ၂၀၀ ပြည့် ဓမ္မသဘင် ဖွင့်ပွဲဝတ်ပြုခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံ သာသနာရေး ဝန်ကြီး ဦးဆန်းဆင့်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေအပါအဝင် ဝန်ကြီးဌာန အသီးသီးရှိ ဝန်ကြီးများနှင့် ပြည်တွင်းပြည်ပ နိုင်ငံများရှိ အနယ်နယ် အရပ်ရပ်မှ နှစ်ခြင်း မိတ်ဿဟာရ အဖွဲ့ဝင် သုံးရာကျော်၊ ပြည်ပ ဧည့်သည် တရာကျော်ခန့် တက်ရောက် ခဲ့ကြသည်ကို တွေ့ရသည်။
ဓမ္မသဘင်ကြီး၏ အဓိကအချက် အနေဖြင့် “အလိုတော်သည် မြန်မာနိုင်ငံ၌ ပြည့်စုံပါစေသော်” ဆိုသောအချက်နှင့် “ထာဝရဘုရားသခင် သည် နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံတော်ကို ဦးဆောင်လျှက် ရှိကြသော နိုင်ငံတော်သမ္မတကြီးနှင့် တကွ ခေါင်းဆောင်များ၊ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ၊ အသင်းတော်များမှ ခေါင်းဆောင်များ၊ အသင်းသူ အသင်းသားများ၊ ပြည်ပရောက် မြန်မာခရစ်ယာန်များ အားလုံးကို ကြွယ်ဝစွာ ကောင်းချီး ပေးတော်မူလျှက် နိုင်ငံ့တာဝန်ကို ဆထက်ထမ်းပိုး သယ်ပိုးဆောင်ရွက် နိုင်ပါစေ” ဟူ၍ လည်းကောင်း၊ “နိုင်ငံတော် အစိုးရနှင့် နိုင်ငံသူနိုင်ငံသား အားလုံး မျှော်မှန်းထားသည့် အေးချမ်းသာယာသည့် နိုင်ငံတော်ကြီး ဖြစ်လာပါစေကြောင်း” ဟူ၍ လည်းကောင်း စသည်တို့ကို သိက္ခာတော်ရ ဓမ္မသဘင် ဂုဏ်ဆောင် သဘာပတိ ဆရာ စမ်စန်က ပြောကြားခဲ့သည်။
အနယ်အနယ် အရပ်ရပ်ရှိ အသင်းတော်များမှ အသင်းသူ အသင်းသားများ စုံလင်စွာ စုပေါင်းပြီး ဓမ္မသဘင်သို့ တက်ရောက် လာသည်ကို ဝတ်စားဆင်ယင်မှု ပုံစံ၊ ရိုးရာဝတ်စုံ အမျိုးမျိုးနှင့် တွေ့မြင်ရသည်။
ယခုကဲ့သို့ဓမ္မသဘင်သို့ တက်ရောက်လာသူများ စားသောက် နေထိုင်မှုအတွက် မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်က စီစဉ်ထားရှိပေးပြီး ဓမ္မသဘင်ပွဲသို့ တက်ရောက်မည့် သူများအတွက် ထမင်းစား ကတ်ပြား နှစ်သောင်းခန့် စီစဉ်ပေးထားကြောင်း သိရသည်။
ယခုလက်ရှိ မြန်မာနိုင်ငံတွင် နှစ်ခြင်း အသင်းတော်ပေါင်း ၄၉၂၉ ခန့် ရှိပြီး အသင်းသူ အသင်းသားပေါင်း ၁. ၆ သန်းကျော်လျှက် ရှိနေပြီ ဖြစ်သည်။
“ဒီပွဲက နှစ် ၂၀၀ ပြည့် ရှားရှားပါးပါး ကြုံခဲတယ်လေ။ အသင်းတော်က စီစဉ်ပေးတယ်၊ ကားနဲ့ အသွားအပြန်ကော၊ နေစား စရိတ်ကောပေါ့။ တောင်ကြီးက လာတယ်၊ တည်းတာကတော့ ရွာမ ဘုရားကျောင်းမှာ တည်းပါတယ်။ မိတ်ဆွေတွေလည်း အများကြီး တွေ့ရတော့ ပျော်ပါတယ်” ဟု အဆိုပါ ဓမ္မသဘင်ပွဲကို တက်ရောက်လာသူ ပအိုဝ့်တိုင်းရင်းသူ တဦးက ပြောသည်။
ဓမ္မသဘင် အခမ်းအနားကျင်းပရာ ပိုးကရင်ကွင်းကြီးထဲတွင် လူဦးရေ နှစ်သောင်းကျော်ခန့် လှုပ်ရှား သွားလာနေကြပြီး ဝတ်ပြုပွဲအခမ်းအနား ကျင်းပရာ ခန်းမကြီး၏ အပေါ်ထပ်တွင် သာမက၊ အောက်ထပ် ခန်းမ တလျှောက်နှင့် ပိုးကရင် ကွင်း ဘုရားကျောင်း ဝန်းအပြည့် ဓမ္မသဘင် တက်ရောက်လာသူများကို တွေ့ရသည်။
မြန်မာပြည် အနယ်နယ် အရပ်ရပ်သာမက၊ နိုင်ငံတကာမှ နှစ်ခြင်းခရစ်ယာန် အဖွဲ့များပါ လာရောက်ကြသဖြင့် ပြည်နယ်နှင့် တိုင်း ဒေသများမှ လာရောက်သူများ တည်းခိုရန် ရန်ကုန်မြို့တွင်းနှင့် ရန်ကုန်မြို့နှင့် အနီးတဝိုက်ရှိ အသင်းတော်များက ကူညီ ဝိုင်းဝန်းစီစဉ်ပေး ကြကြောင်း အဆိုပါ ဓမ္မသဘင် ဖြစ်မြောက်ရေးအတွက် တာဝန်ရှိသူတို့က ဆိုကြသည်။
ကျေးဇူးတော် ချီးမွမ်းသည့် ဖွင့်ပွဲနေ့တွင် အခမ်းအနားသို့ တက်ရောက်လာသည့် ဦးရေ များပြားလွန်းသဖြင့် အသင်းတော်အဖွဲ့ များ လူအုပ်စု ကွဲမှုများ ကြုံတွေ့နေရသဖြင့် ပြန်ကြားရေးမှ အသံချဲ့စက်ဖြင့် လူစုကွဲနေသူ များအား ပြန်လည် ဆုံစည်း ပေးရခြင်းများ ရှိကြောင်း သိရသည်။
ဆရာယုဒသန်၏ ကျေးဇူးတော် အောက်မေ့ခြင်း အခမ်းအနား ဓမ္မသဘင်ကို ဒီဇင်ဘာလ ၅ ရက်နေ့မှ စတင်ကာ ၈ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ကျေးဇူးတော် ချီးမွမ်းခြင်းများ၊ စာတန်းဖတ်ပွဲများအပြင် ညနေပိုင်း အချိန်များတွင် ဓမ္မပြဇာတ်များ၊ ဓမ္မတေးသီချင်း သီဆိုမှုများ၊ တိုင်းရင်းသားရိုးရာ အကများဖြင့် စည်ကားစွာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။
အမေရိကန်လူမျိုး (ဆရာယုဒသန်) သည် နှစ်ခြင်း သာသနာပြုရန် ၁၈၁၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မဒရပ်မြို့မှ သင်္ဘောဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး အမည်အရင်း ဒေါက်တာ အဒိုနီရမ် ဂျပ်ဆင် ဖြစ်သော်လည်း မြန်မာတို့က ဂျပ်ဆင်ကို အသံဖလှယ်ပြီး ခေါ်ဆိုရာမှ ယုဒသန်ဟု အမည်တွင်လာခြင်း ဖြစ်သည်။