သတင်း

ဘွဲ့ကြိုကျောင်းသားများ ရန်ကုန်တက္ကသိုလ် ပြန်လက်ခံ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နယ်မြေတခုလုံးက ခြုံနွယ်ပိတ်ပေါင်းတွေရှုပ်ထွေး ဖုံးလွှမ်းနေသည်။ စာကြည့်တိုက်ထဲက စာအုပ်အများစုက ရှေးကျနေပြီး စာရွက်တွေကလည်း ဝါကျင့်နေသည်။ အနည်းဆုံးတော့ စစချင်းကာလတွင် ကျောင်းသားတွေသည် စေတနာရှင်များ လှူဒါန်းထားသည့် ကွန်ပျူတာ အနည်းငယ် ကို ဝေမျှသုံးစွဲကြရမည် ဖြစ်ပြီး အင်တာနက်မြန်နှုန်း နှေးကွေးသည့် အခြေ အနေမျိုး ကြုံကြရမည်ဖြစ်သည်။ ပါမောက္ခများသည်လည်း သူတို့၏ ဆိုင်ရာ ဘာသာရပ်များမှာတိုးတက်မှု တွေကို အမီ လိုက်နိုင်ဖို့ ခက်ခဲစွာရုန်းကန်ကြရမည် ဖြစ်သည်။

ဒီနေရာသည် တချိန်တုန်းက အာရှတိုက်တွင် အရှိန်အဝါအကြီးဆုံး ပညာရေးဌာနတွေထဲက တခုဖြစ်သည့် ရန်ကုန် တက္ကသိုလ်ဖြစ်သည်။ ပညာရေးသည် ၎င်းတို့၏ အာဏာကို ခြိမ်းခြောက်နိုင်သည့် အရာတခုအဖြစ် ယူဆခဲ့ကြသော စစ်အာဏာရှင်များက ဆယ်စုနှစ် ၂ ခု နီးပါး ပိတ်ထားခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန် တက္ကသိုလ်တွင် ဘွဲ့ကြို သင်တန်းများ မနေ့က ပြန်လည်ဖွင့်လှစ်ခဲ့သည်။

“ဒါ အစ ပါပဲ” ဟု မြန်မာနိုင်ငံတွင် အလေးစားခံရဆုံး ပညာရှင်များထဲမှ တဦးဖြစ်သော ဦးသော်ကောင်းက အပြုံးနှင့် ကြိုဆိုလိုက်သည်။

စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် ရာစုနှစ်ဝက်မျှ ကာလအတွင်းတွင် ပညာရေးကဏ္ဍ ကျဆင်းခဲ့ရပြီး ကာကွယ်ရေးအတွက် ဘတ် ဂျက်၏ ၂၅ ရာခိုင်နှုန်း သုံးစွဲသည့်အချိန်တွင် ပညာရေးအတွက် ၁.၃ ရာခိုင်နှုန်းသာ သုံးစွဲခဲ့သည်။

သမ္မတဦးသိန်းစိန် ခေါင်းဆောင်သည့် အရပ်သားအမည်ခံ အစိုးရအဖွဲ့လက်ထက်ရောက်မှ ပညာရေးအသုံးစရိတ် မြင့်တက်လာခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၃၄၀ သုံးစွဲခဲ့ရာမှ ယခုနှစ်တွင် သုံးစွဲမှု ဒေါ်လာ ၁ ဘီလီယံ ဖြစ်လာသော်လည်း ပိုမိုလိုအပ်နေသေးသည်ဟု ကျွမ်းကျင်သူများက ပြောကြသည်။

“တိုင်းပြည်အတွက် ပညာတတ်တွေ လိုပါတယ်” ဟု ရန်ကုန်တက္ကသိုလ်တွင် စာကြည့်တိုက်မှူးအဖြစ် ကာလရှည်ကြာစွာ တာဝန်ထမ်းဆောင်ခဲ့သော ဦးသော်ကောင်းက ပြောသည်။ အမည်းရောင်ကိုင်းနှင့် မျက်မှန်ထူထူကြီးတပ်ထားသည့် ဦးသော်ကောင်းသည် အသက် ၈၀ ကျော် ၉၀ တန်းဝင် နေပြီဖြစ်သည်။ “ကျနော်တို့က နိုင်ငံခြားအကူအညီနဲ့ ကျွမ်းကျင်သူတွေ ပေါ်မှာပဲ မှီခိုနေလို့ မရဘူး။ တက္ကသိုလ်တွေက အရည်အချင်းရှိသူတွေ မွေးထုတ်မပေးနိုင်ခဲ့ရင် ရေရှည်မှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားနိုင်ဖို့ အခက်အခဲ ဖြစ်လာလိမ့်မယ်” ဟု သူကဆိုသည်။

မကြာသေးမီက တံခါးဖွင့်ခဲ့သော လူဦးရေ သန်း ၆၀ ခန့်ရှိ ဆိုးရွားစွာ ဆင်းရဲနေသည့် ဤနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ဆန္ဒပြင်းပြနေကြသည်။ အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ကန့်သတ်မှု အနှောက်အယှက်လည်း မရှိတော့ပါ။ သို့သော် စိတ်ပါဝင်စားမှုသာရှိပြီး ကြိုတင်ပြင်ဆင်ထားနိုင်မှု လုံးဝနီးပါးမရှိသည့် အလုပ်သမားအင်အားထုနှင့် မည်သို့ ဆက်ဆံဆောင်ရွက်ရမည် ဆိုသည်ကို အဖြေရှာရဖို့ ဖြစ်လာသည်။

စီးပွားရေးကျွမ်းကျင်သူများ၊ အိုင်တီ ပညာရှင်များ၊ ရှေ့နေများ နှင့် စာရင်းကိုင်များကို အသာထား၍ ကြယ်ငါးပွင့်ဟိုတယ် များအတွက် အင်္ဂလိပ်စကားပြောတတ်သူရှာရသည့် ကိစ္စပင်လျှင် မလွယ်ကူကြောင်း ရင်းနှီးမြှုပ်နှံသူများက ပြောကြသည်။

ပညာရေး ဖိနှိပ်ချုပ်ချယ်မှုသည် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းယူခဲ့သည့် ၁၉၆၂ ခုနှစ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။ ကျောင်းသားဆန္ဒပြပွဲများနှင့် ကျောင်းသားများက အခိုင်အမာ သပိတ်စခန်းချထားကြခြင်းတို့ကို အကြောင်းပြု၍ ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို စစ်တပ်က မိုင်းခွဲဖျက်ဆီးခဲ့ကြသည်။ ၁၉၇၄ ခုနှစ်တွင်လည်း ဆန္ဒပြပွဲများကို ချေမှုန်းရန်အတွက် တက္ကသိုလ်နယ်မြေအတွင်းသို့ စစ်သားများ အကြမ်းဖက် ဝင်ရောက်ခဲ့ကြသည်။

အကြီးမားဆုံးသော ဖျက်ဆီးမှုသည် ၁၉၈၈ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့ပြီး ကျောင်းသားများ တောင်းဆိုဆန္ဒပြမှုသည် အောင်မြင် မှု မရရှိခဲ့သော်လည်း နောက်ပိုင်း ဒီမိုကရေစီလှုပ်ရှားမှုမှ ပေါ်ထွက်လာသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာက အသိအမှတ်ပြုမှုရရှိခဲ့သည်။ တက္ကသိုလ်ကို အစိုးရဆန့်ကျင်တော်လှန်သူများ ရှိရာနေရာအဖြစ် သတ်မှတ်ခဲ့သော စစ်အစိုးရက တက္ကသိုလ် နယ်မြေများကို ပိတ်ပစ်လိုက်ပြီး သင်ကြားရေးပိုင်းကိုလည်း ကန့်သတ်ချုပ်ကိုင်ထားလိုက်သည်။

ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံ၏ ခေါင်းဆောင် အမြောက်အများကို မွေးထုတ်ပေးခဲ့သည့် နေရာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ထင်ရှားကျော်ကြားသော တော်လှန်ရေးသမားများနှင့် ပညာရှင်များ ရန်ကုန်တက္ကသိုလ်မှ ပေါ်ထွက်ခဲ့သည်။

စစ်အစိုးရလက်ထက်တွင် ရန်ကုန်တက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ်ခြင်းမရှိဘဲ ကာလရှည်ကြာစွာ ပိတ်ထားခဲ့သည်မှာ ယမန်နေ့ထိ ဖြစ်သည်။ ဧက ၂၀၀ ကျယ်ဝန်းသည့် တက္ကသိုလ်နယ်မြေအတွင်းတွင် ကျောင်းသားအနည်းငယ်သာ မြင်တွေ့သေးသည်။

“ကျမရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာတာပါ” ဟု ကျောင်းသားရေးရာ ဌာနအနီး ရှိ သင်ပုန်းပေါ်မှာ သူ့ နာမည်ကို ရှာတွေ့လိုက်ပြီးနောက် အသက် ၁၆ နှစ်အရွယ် မမေသင်းခိုင်က ကျောပိုးအိတ် ကိုင်းကို ဆုပ်ကိုင်ကာ ပြောသည်။

“ကျမ မိဘတွေက ဒီမှာ ၁၉၈၀ နှစ်တွေတုန်းက ကျောင်းတက်ခဲ့တော့ အဲဒီတုန်းက အကြောင်းတွေ မကြာခဏ ပြန်ပြောပြကြတယ်။ တချိန်တုန်းက သူတို့ ပျော်ရွှင်ခဲ့ရသလိုမျိုးပဲ ထပ်တူခံစားရမယ်လို့ မျှော်လင့်ပါတယ်” ဟုလည်း ဓာတုဗေဒ ဘာသာရပ်တွင် တက်ရောက်သင်ကြားမည့် ဆယ်ကျော်သက် ကျောင်းသူက ပြောသည်။

ရန်ကုန်တက္ကသိုလ်မှာ တချိန်တုန်းက ကျောင်းသား ကျောင်းသူ ၆၀၀၀၀ ခန့်ရှိခဲ့သော်လည်း ယခုအချိန်မှာတော့ များစွာ ကွာခြားသွားပါသည်။

ကနဦးတွင် ဘာသာရပ်တခုလျှင် ကျောင်းသား ၁၅ ယောက်နှုန်းဖြင့် ဘာသာရပ် ၂၀ အတွက် ကျောင်းသား ၃၀၀ သာ လက်ခံရန် စီစဉ်ထားသော်လည်း ပညာရှင်များနှင့် ဥပဒေပြု အမတ်များက ဝေဖန်ကန့်ကွက်ခဲ့သည့်အတွက် နောက်ဆုံး တွင် ဘာသာရပ်တခုလျှင် ၅၀ နှုန်းဖြင့် ကျောင်းသား ၁၀၀၀ အထိတိုးမြှင့်ပေးခဲ့သည်။

ပါမောက္ခများက ဓာတ်ခွဲခန်းသုံး ကိရိယာများကို အလျှင်အမြန်ပြင်ဆင်ကြရပြီး ဟောင်းလောင်းဖြစ်နေသော စာသင်ခန်း များကိုလည်း သန့်ရှင်းကြရသည်။ အလုပ်သမားများသည်လည်း ပြန်လည်မဖွင့်လှစ်မီ လျှပ်စစ်မီးလုံးများတပ်ဆင်ခြင်း၊ ထူပိတ်နေသော ဖုန်တွေ ပင့်ကူအိမ်တွေကို ဖယ်ရှား ရှင်းလင်းခြင်းတွေ ကတိုက်ကရိုက် လုပ်ကြရသည်။

ပညာရေး မြှင့်တင်ရေးအဖွဲ့တခုဖြစ်သည့် မင်္ဂလာမြန်မာ၏ အကြီးအကဲဖြစ်သူ ဒေါက်တာဖုန်းဝင်းက လက်ခံသည့် ကျောင်းသားအရေအတွက် ယခုထက် များသင့်ကြောင်းပြောသည်။ “ဘာဖြစ်လို့ ဘာသာရပ်တခုကို လူ ၅၀ ပဲလက်ခံ ရတာလဲ၊ ဒီအရေအတွက်ကို ဘယ်သူ သတ်မှတ်တာလဲ” ဟု သူက မေးခွန်းထုတ်လိုက်သည်။

ပြီးခဲ့သည့် ၃ နှစ်တာကာလအတွင်း စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း ပညာရေး အပါအဝင် ကဏ္ဍတိုင်းတွင် အစိုးရက အထက်မှ အောက်သို့ဆင်းသည့် ချဉ်းကပ်မှုပုံစံကို ဆက်လက်ထိန်းသိမ်းထား ဆဲဖြစ်သည်ဟု ဒေါက်တာဖုန်းဝင်းက ဆိုသည်။

“လုပ်ပိုင်ခွင့် အဆင့်ခွဲခြားမှုတွေက များလွန်းတယ်။ ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်ပါမောက္ခချုပ်တွေကို လုပ်ပိုင်ခွင့် အပြည့်အဝပေးဖို့ တွန့်ဆုတ်နေတယ်။ ပါမောက္ခချုပ်တွေကလည်း ပါမောက္ခတွေရဲ့ လုပ်ပိုင်ခွင့် ကို ကန့်သတ်ထားတယ်” ဟု သူကပြောသည်။

“ကျောင်းသားတွေအတွက် အခု လိုအပ်နေတာက ပညာရေးလွတ်လပ်ခွင့်ပဲ” ဟုလည်း ဒေါက်တာ ဖုန်းဝင်းကပြောသည်။

ပညာရေးလွတ်လပ်ခွင့် ရှိလာဖို့အတွက် ကျောင်းသားတွေဖက်ကလည်း သံသယရှိနေနိုင်သည်။ နိုင်ငံရေး သိပ္ပံဘာသာရပ် ကို သင်ရိုးတွင် ပြန်လည်ထည့်သွင်းခဲ့သော်လည်း တက်ရောက်ရန် စာရင်းပေးထားသူ ယခုအချိန်အထိ ၆ ဦးသာ ရှိသည်။

မြို့ထဲရှိ တက္ကသိုလ်များ ပိတ်သွားသည့်အခါ ပြီးခဲ့သည့်နှစ်များအတွင်း တက္ကသိုလ်ကျောင်းသားများ၏ ၇၀ ရာခိုင်နှုန်းခန့်သည် အဝေးသင်ပညာရေး စနစ်ကိုသာ အားကိုးကြရတော့သည်။ ကျန်သည့်သူတွေက မြို့ အစွန်အဖျားမှာ အသစ် တည်ထောင်လိုက်သည့် တက္ကသိုလ် ကျောင်းတွေဆီသို့ နေစဉ် အပင်ပန်းခံကာ သွားရောက်ပြီး ပညာသင်ကြားကြရသည်။

စစ်တပ်က တက္ကသိုလ်များကို ပိတ်လိုက်သည့်အတွက် ကျောင်းသားများအတွက် လေ့လာသင်ကြားချိန် တိုတောင်းသွား ကြောင်း ၁၉၆၀နှင့် ၇၀ နှစ်များအတွင်း ရန်ကုန်တွင် အင်္ဂလိပ်စာပါမောက္ခ လုပ်ဖူးသော ဦးနေအုပ်က ပြောသည်။ အများစု သည် ၆ လ ခန့်သင်ကြားပြီးနောက် ဘွဲ့ရကာ ကျောင်းမှ ထွက်ခွာသွားကြသည်။

“အကြောင်းအရာတခုကိုတောင် သူတို့ ရေရေရာရာ နားမလည်တဲ့ အဖြစ်တွေ အများကြီးရှိခဲ့ပါတယ်” ဟု ဦးနေအုပ်က ဆိုသည်။

ရန်ကုန် တက္ကသိုလ်ကို ပြန်လည် အသက်သွင်းနိုင်ရန်အတွက် နိုင်ငံတကာမှ အကူအညီများလည်း ရရှိနေသည်။ Johns Hopkins ၊ Cornell နှင့် Oxford တက္ကသိုလ်များ၊ နှင့် Gates ဖောင်ဒေးရှင်း တို့မှလည်း အကူအညီပေးခြင်း သို့မဟုတ် အကူအညီပေးရန် စိတ်ဝင်စားခြင်းများ ပြသခဲ့သည်။

John Hopkins တက္ကသိုလ် ဆေးကျောင်းမှ ပါမောက္ခတဦး ဖြစ်သော Charles Wiener က မကြာသေးမီက ပြုလုပ်ခဲ့သော တက္ကသိုလ် မဟာဌာနများ နှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည်။ သင်တန်းကို တက်ရောက်သူ ၂၅ ဦးမှ ၃၀ ခန့် ရှိမည်ဟု ရည်ရွယ်ရေးဆွဲခဲ့သော်လည်း ၇၀ မှ ၁၀၀ ခန့်အထိ မှန်မှန်တက်ရောက်ခဲ့ ကြပြီး တက်ရောက်သူများ က နည်းပြဆရာများကို သူတို့၏ ပညာရေးဆိုင်ရာ အခက်အခဲများကို ပြောပြခဲ့ကြသည်ဟု သူက ဆိုသည်။

ပညာရေးနှင့် ပတ်သက်၍ လုပ်စရာတွေ အများကြီး ကျန်နေသေးကြောင်း သူတို့ သိကြသော်လည်း စိတ်လှုပ်ရှားနေ ကြ သည်မှာ ထင်ရှားသည် ဟု သူက ပြောသည်။

“သူတို့ ဖြစ်ချင်နေတာတွေ ဖြစ်လာဖို့ အလှမ်းမဝေးတော့ပါဘူး” ဟု သူက မှတ်ချက်ချသွားခဲ့သည်။

(AYE AYE WIN ၏ Undergrads Return to Crumbling Rangoon University ကို နိုင်မင်းသွင် ဘာသာပြန်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading