ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာနဲ့ တွံတေးမြို့နယ်တွေ ဆက်သွယ်ထားတဲ့ ပန်းလှိုင်မြစ်ကူး တံတားအပေါ်ဘက်ကနေ လှမ်းကြည့်လိုက်ရင် ကောနေပြီဖြစ်တဲ့ ပန်းလှိုင်မြစ်ရဲ့ မြေနုကျွန်းတွေပေါ်မှာ ဝါးလုံးစိုက်၊ ခြံကွက်တွေ အများအပြားကို မြင် လိုက်ရတယ်။
အဲဒီလို ပန်းလှိုင်မြစ်ရဲ့ တွံတေးဘက်အခြမ်းမှာ လူ ၁ သောင်းလောက်ရှိမယ့် လူအုပ်ကြီးထဲကို ရောက်တာနဲ့ လူစိမ်းမြင်ရင် မင်္သကာတဲ့ မျက်နှာတွေ အများအပြားကို လှမ်းမြင်လိုက်ရသလို လူတိုင်းကိုယ်စီနီးပါးက တုတ်၊ ဓါးတွေ အသင့်ကိုင်ဆောင် ထားတာကို မြင်တွေ့လိုက်ရတယ်။
ဒီနေရာက လှိုင်သာယာ မြို့နယ်ထဲက နေရာအနှံ့ ကျူးကျော်နေထိုင်နေတဲ့သူတွေဟာ လှိုင်သာယာဘက်မှ နေလို့မရတော့ တဲ့အတွက် ဒီနေရာကို လာရောက် ကျူးကျော်နေဖို့ လုပ်နေတာပါ။ ပန်းလှိုင်တံတားအဆင်း၊ တံွတေးဘက်အခြမ်း တံတားဘေးနားမှာ “ဆင်းရဲ ဒုက္ခရောက်နေသော အိုးမဲ့ အိမ်မဲ့ ပြည်သူများ သောင်ထွန်းမြေနုကျွန်းပေါ်တွင် ခေတ္တယာယီ တဲထိုးနေထိုင်သော ဒေသ” ဆိုတဲ့ ဆိုင်းဘုတ်ကို စိုက်ထူးထားပါတယ်။
“ကျနော်တို့ကို ဒီဇင်ဘာလ ၆ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ လှိုင်သာယာဘက်မှာ မောင်းထုတ်ထားတဲ့အတွက် ကျ နော်တို့က နေစရာမရှိတော့လို့ ဒီမြေနုကျွန်းပေါ်ကို လာနေဖို့ ပြင်ရတာပါ။ ဒီနေရာကလွဲလို့ တခြား ဘယ်နေရာကို သွား နေရမှာလဲ” လို့ ကျူးကျော်နေထိုင်ဖို့ ပြင်ဆင်နေတဲ့ ကိုအောင်အောင်က ဧရာဝတီကို ပြောပြတယ်။
ကျူးကျော်နေထိုင်ကြသူများဟာ ပန်းလှိုင်မြစ်နံဘေးက သံဒိုင်တွေမှာ အုတ်၊ သဲ၊ ကျောက် ထမ်းတဲ့သူ အများစုပါ။ စက်ရုံအလုပ်ရုံတွေမှာ လုပ်ကြတဲ့သူတွေ အရမ်းကို နည်းပါတယ်။ လက်လုပ်လက်စားတွေ ဖြစ်တဲ့အပြင် နေ့စဉ် ပုံမှန် ဝင်ငွေ မရတဲ့သူ တချို့တောင် ပါပါတယ်။ သူတို့အများစုရဲ့ တနေ့ဝင်ငွေက ပျမ်းမျှ ၂၅၀၀ ကျပ် ဝန်းကျင်သာရတဲ့သူတွေပါ။
အခုလို ဒီလိုနေရာကို လာရောက် ကျူးကျော်ကြတဲ့အခါမှာ လှိုင်သာယာဘက်က မြေနုကျွန်းပေါ်ချိန် စိုက်ပျိုးခွင့်ရကြတဲ့သူ တချို့နဲ့ တွံတေးဘက်က လယ်ပိုင်ရှင်တွေက ဒီနေရာမှာ လာကျူးကျော်တာကို မလိုလားတဲ့အတွက် နီးစပ်ရာသူတချို့နဲ့ စုပေါင်းကာကွယ်ကြတဲ့အခါ တဖက်နဲ့တဖက် ပဋိပက္ခတွေ ဖြစ်လာမယ့်အနေအထားအထိ ရောက်ရှိခဲ့ပါတယ်။
“ဒီဇင်ဘာ ၄ ရက်နေ့က လယ်ပိုင်ရှင်တွေရဲ့ လူတွေဆိုပြီး လှိုင်သာယာထဲက လူမိုက်တွေ အုပ်စုလိုက်လာပြီးတော့ ကျနော့် ကို ဓါးနဲ့ထောက်ပြီး ခေါ်သွားတယ်။ ဒီနေရာမှာ လာမကျူးကျော်ဖို့ ပြောတယ်။ အဲဒီလို လူမိုက်ဆန်ဆန် လာဖြေရှင်းတာကို လုံး၀ လက်မခံဘူး။ အဲဒါကြောင့် ကျနော်တို့က ဓါး၊ တုတ်တွေ ကိုင်ထားရတာ။ လူစိမ်းတွေဆိုရင် ဘယ်သူ့ကိုမှ မယုံတော့ ဘူး” လို့ ဒီမိုကရက်တစ်(မြန်မာ) ပါတီဝင်လည်းဖြစ်၊ ကျူးကျော်နေထိုင်သူတွေကို အကူအညီပေးတဲ့သူလည်းဖြစ်တဲ့ ကိုကျော်ထက်နိုင်က ဧရာဝတီကို ပြောဆိုပါတယ်။
သက်ဆိုင်ရာ အာဏာပိုင်တွေက ဒီပန်းလှိုင်တံတားရဲ့ လုံခြုံရေးနဲ့ ဂတ်စ်ပိုက်လိုင်းကလည်း ရှိနေတာကြောင့် လမ်းနယ်နမိတ်၊ တံတားနဲ့ ပေ ၁၅၀ အတွင်း ကျူးကျော်နေထိုင်ခြင်း မပြုရန်၊ နေထိုင်ပါက လမ်းတံတား ဥပဒေအရ ထောင်ဒဏ် ၃ နှစ် အထိ အပြစ်ပေးလို့ရတဲ့အကြောင်း ကျူးကျော်သူတွေသိအောင် အသံချဲ့စက်များနဲ့ အသိပေးခဲ့ပါတယ်။
ဒီနယ်မြေက မြေနုကျွန်းဖြစ်တဲ့အပြင် တချို့နေရာတွေက ရွံ့နွံတွေ ဒူးခေါင်းလောက်အထိ မြုပ်ပါတယ်။ ဒါ့အပြင် မြေနေရာ လာဦးကြတဲ့ အိမ်ထောင်စု ၃ ထောင်လောက်အတွက် လုံလောက်မှုရော ရှိပါ့မလားဆိုတာ အတိအကျ မသိနိုင်ပါဘူး။
မိုးတွင်းကာလမှာ ရေမြုပ်လေ့ရှိတဲ့နေရာဖြစ်တော့ ကျန်းမာရေး၊ အသက်အန္တရယ် လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးကလည်း အားနည်းချက်များစွာ ရှိပေမယ့် ကျောခင်းစရာ တနေရာအတွက်က ရင်ဆိုင်ရမှာပဲလို့ ကျူးကျော်နေထိုင်ဖို့ စီစဉ်နေတဲ့ မသက်သက်မာက ဧရာဝတီကို ပြောပြတယ်။
“ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ မတော်တဆဖြစ်နိုင်တဲ့ အနေအထားတွေ အများကြီးဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီ နေရာမှမနေရင် ဘယ်နေရာ သွားနေရမှာလဲ။ ခြင် ယင်တွေကလည်း ရေဝပ်တဲ့နေရာဆိုတော့ တအားကိုများတဲ့ နေရာပါ။ အခုရှိနေတဲ့ မြေနဲ့ နေမယ့်လူတွေက မမျှဘူး။ ဒါပေမယ့် အချင်းချင်း နားလည်စွာနဲ့ ညှိနှိုင်းပြီး နေလို့ရအောင် လုပ်နေကြတယ်။ ကိုယ့်အချင်းချင်း စည်းလုံးနေဖို့လိုတယ်” လို့ သူက ဆက်ပြောတယ်။
ဝင်ငွေနည်းတဲ့ လူတန်းစားဖြစ်တဲ့အတွက် အဆောင်ငှားခ၊ အိမ်ငှားခတွေကို မတက်နိုင်တာကြောင့် လှိုင်သာယာထဲက မြေလွတ်တွေမှာ အဆင်ပြေသလို နေထိုင်နေကြရင်း ကျူးကျော်ဘဝကို ရောက်ခဲ့ကြတဲ့သူတွေပါ။ ဒါပေမယ့် လှိုင်သာယာမှာ ကျူးကျော်ခဲ့တဲ့ အစဉ်အလာကို ပြန်ကြည့်ရင် အမှန်တကယ် နေစရာ အခက်အခဲရှိလို့ နေစရာလိုနေတဲ့ သူတွေအပေါ်မှာ အချင်းချင်း ခေါင်းပုံဖြတ်တဲ့ သူတွေလည်း ရှိတယ်လို့ လှိုင်သာယာမြို့နယ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းက ဧရာဝတီကို ပြောပြတယ်။
လှိုင်သာယာ တမြို့နယ်လုံး စိစစ်ကြည့်လိုက်မယ်ဆိုရင် ကျူးကျော်နေထိုင်တဲ့ အိမ်ထောင်စုပေါင်း ၃ သောင်းနီးပါးမျှ ရှိပြီး အစပိုင်းမှာ အဆောက်အဦး မရှိတဲ့နေရာ၊ လမ်းဘေးနေရာများတွင် ကျူးကျော်နေထိုင်ပြီး နေစရာမရှိတဲ့ တခြားဆင်းရဲသူများကို ပြန်ရောင်းချမှုများရှိကြောင်း ဦးနေလင်းက ဆက်ပြောတယ်။
“တကယ်တော့ဗျာ။ ဆင်းရဲသားတွေကို လုပ်စားတဲ့သူတွေ အများကြီးဗျ။ သူတို့က ကျူးကျော်နေထိုင်ပြီးမှ မသိနားမလည်တဲ့သူတွေကို ပြန်ရောင်းစား၊ နောက်တနေရာမှာ ထပ်ကျူးကျော်၊ ထပ်ရောင်းစားနဲ့ လုပ်စားနေတဲ့သူတွေက အများကြီးပါ။ အဲဒီလို လုပ်စားနေတဲ့သူတွေက အုပ်စုလိုက်ဖွဲ့ပြီးတော့ကို လုပ်နေကြတာ။ ပြောတော့ မြေနေရာ အစားရမယ်လိုလို အသံလွှင့်ပြီး အမြတ်ထုတ်နေကြတာ” လို့လည်း ပြောပါတယ်။
ပြည်သူများကလည်း တိုင်းပြည်ပြုပြင်ပြောင်းလဲရေးတွင် စည်းကမ်းရှိရန်၊ ကောင်းမွန်စွာ နေထိုင်ရန်နဲ့ ရိုးသားမှုရှိရန် လိုအပ်ကြောင်း၊ ပန်းလှိုင်တံတားအနီးက အခြေအနေကို ပြန်ကြည့်ရင် မင်းမဲ့စရိုက်ဆန်ဆန် ပြုလုပ်နေတာကို မြင်တွေ့ နေရကြောင်း၊ ထိုအရာများဟာ တိုင်းပြည် ပုံရိပ်ကိုပါ ထိခိုက်လာနိုင်တယ်လို့လည်း ဆိုပါသေးတယ်။
ကျူးကျော်နေထိုင်သူများကို ဥပဒေအရ အရေးယူရန်မှာ လက်ရှိနေထိုင်နေသူများကိုသာ အရေးယူရမှာဖြစ်ပြီး တကယ် နစ်နာသူများက လက်ရှိနေထိုင်သူများသာ ဖြစ်တယ်လို့ လှိုင်သာယာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးကလည်း မှတ်ချက်ပေးပါတယ်။
ယခု ပန်းလှိုင်တံတား မြေနုကျွန်းများမှာ ကျူးကျော်နေထိုင်ရင် မြန်မာနိုင်ငံ မြေနုကျွန်းများကို စီမံခန့်ခွဲတဲ့ မြေယာဥပဒေနဲ့ အရေးယူရမှာ ဖြစ်ကြောင်း၊ တချို့လယ်ကွက်များဟာ မြေယာဦးပိုင် အမည်ပေါက်ပိုင်ရှင်များ ရှိနေတဲ့အတွက် တရားဥပဒေဖြင့် ဖြေရှင်းကြမှာပဲလို့လည်း ပြောပါတယ်။
“လှိုင်သာယာမှာ သတိပေးစာ ဝေထားတာ ၃ ကြိမ်ရှိပါပြီ။ ဒီနေရာတွေကနေ ဖယ်ပေးဖို့ပြောထားပြီးသားကို ဆက်နေတော့ အခု တရားရုံးက သမ္မာန်စာထုတ်ပြီး ဆင့်ခေါ်နေတာကြောင့် သူတို့က မြေနုကျွန်းဘက်ကို သွားကျူးကျော်တာ။ တကယ်တမ်း သူတို့ကို မမှန်မကန်တဲ့ နည်းလမ်းနဲ့ ကျူးကျော်အိမ်တွေကို ရောင်းသွားတဲ့သူတွေကို ပြန်တရားစွဲပါ။ သူတို့ကို လိမ်ညာရောင်းခဲ့တဲ့အတွက် အခုလို နစ်နာတာ” လို့လည်း ဆိုပါတယ်။
လက်ရှိ အချိန်တွင် ပန်းလှိုင်မြစ်နဘေး ကျူးကျော်နေသူများကို လယ်ပိုင်ရှင်များဘက်မှ လိုက်လံ ဆောင်ရွက်နေသူများသည် လှိုင်သာယာ မြို့နယ်အတွင်းက နာမည်ကြီး လူမိုက်များဖြစ်ကြောင်း၊ မိမိတို့ကလည်း မိမိတို့နေထိုင်ရေးအတွက် ခေါင်းငုံခံနေ မည်မဟုတ်ကြောင်း ကျူးကျော်နေထိုင်ရန် စီစဉ်နေသည့် ကိုစန်းလွင်က ဆိုပါတယ်။
သို့ရာတွင် လယ်ပိုင်ရှင်များဘက်မှ ကူညီနေသူများက ၎င်းတို့အဆင်ပြေရေးအတွက် လွတ်နေသော နေရာများတွင် နေခွင့် ရရန် ဆောင်ရွက်ပေးနေခြင်းသာဖြစ်ပြီး မိမိတို့အနေဖြင့် ပိုင်ရှင်များနှင့် အမှုအခင်းမဖြစ်စေရန်သာ ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်နေ ကိုဝင်းနိုင်က ဧရာဝတီကို ပြောပြတယ်။
လက်ရှိ အချိန်အထိ မည်သည့်အဖွဲ့အစည်းများမှ ကူညီမပေးသည့်အတွက် လှိုင်သာယာမြို့နယ်တွင် ဆက်လက်နေထိုင်၍ မရတော့သဖြင့် ဒီနေရာကို လာရောက်ရှာဖွေပြီး နေထိုင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လမ်းနယ်နမိတ်၊ တံတားလုံခြုံရေး၊ ဂတ်စ်ပိုက်လိုင်း လုံခြုံရေး များကိုလည်း မထိခိုက်စေပဲ နေထိုင်သွားမှာဖြစ်ကြောင်း ကိုကျော်ထက်နိုင်က ဆိုပါတယ်။
“ကျနော်တို့ကတော့ ဒီနေရာမှာ ရသလောက် နေသွားမှာပဲ။ ဘယ်အချိန်လောက်ထိ နေခွင့်ရမလဲတော့ မသိသေးဘူး။ တကယ်တမ်း ဒီနေရာလေးတွေကို လစ်လပ်နေတဲ့နေရာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် အစိုးရအဖွဲ့ကိုယ်တိုင်က စနစ်တကျ စီမံပေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျ။ ဒီလို ပဋိပက္ခတွေလည်း ဖြစ်စရာရှိမှာ မဟုတ်တော့ဘူး” လို့ ကျူးကျော်နေထိုင်ဖို့ ပြင်ဆင်နေသည့် ကိုအောင်မျိုးဝင်းက ဆိုပါတယ်။