Politics

တောင်အာဖရိက ခေါင်းဆောင် မန်ဒဲလား ကွယ်လွန်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကြာသပတေးညက ကွယ်လွန်သွားခဲ့သော တောင်အာဖရိကနိုင်ငံ အသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေး ခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလားသည် ကမ္ဘာကို ပြောင်းလဲဖို့ အတွက် အခြားသူများကို ဆွဲဆောင် စည်းရုံးနိုင်ခဲ့သည့် “ကြီးမြတ်သည့် လူသား” တဦး ဖြစ်သည်ဟု မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြု ပြောကြားလိုက်သည်။

“လူ့အခွင့်အရေးနဲ့ ဒီကမ္ဘာမှာ အားလုံး တန်းတူညီမျှရှိဖို့ အမြဲတမ်း ရပ်တည်သွားသူတဦး ကွယ်လွန်သွားရခြင်းအတွက် ကျမ အရမ်းကို ဝမ်းနည်း စိတ်ထိခိုက်မိတဲ့အကြောင်း ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က သူ့ကဲ့သို့ပင် နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်တဦး ဖြစ်သည့် နယ်လ်ဆင်မန်ဒဲလား ယမန်နေ့က ကွယ်လွန်သွားသည်ကို ရည်ညွှန်းပြောကြားခဲ့သည်။

“သူက ကျမတို့ကို လူတယောက်ဟာ အသားအရောင်ကြောင့် ၊ သူမွေးဖွားလာခဲ့တဲ့ အခြေအနေကြောင့် အပြစ်ပေး ခံရတာမျိုး မရှိသင့်ဘူး ဆိုတာကို နားလည် အောင်လုပ်ပေးခဲ့ပါတယ်။ ကျမတို့ရဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေကို ပြောင်းလဲပစ်ခြင်းအားဖြင့် ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်။ ကျမတို့ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တယ် ဆိုတာကို နားလည်နိုင်ဖို့လည်း သူလုပ်ပေးခဲ့ပါတယ်။ ဒါကြောင့် ကျမက သူ့ကို လူသားမျိုးနွယ်ရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ခဲ့တဲ့ မဟာလူသား တဦးလို့ ချီးကျူးဂုဏ်ပြုချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့မနက် ရန်ကုန်တွင် ကျင်းပသော အမျိုးသမီးညီလာခံတခုတွင် ပြောသည်။

နယ်လ်ဆင် မန်ဒဲလားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးလုံးသည် ဖိနှိပ်ချုပ်ချယ်သည့် အစိုးရများကို ဆန့်ကျင်တော် လှန်ခဲ့ကြသည့် အတွက် နှစ်ပေါင်းများစွာ အကျဉ်းချ ထိန်းသိမ်းခံခဲ့ရသူများ ဖြစ်ပြီး နိုင်ငံတကာက သူတို့ ကို လူ့အခွင့် အရေး အတွက် ခုခံကာကွယ်နေသည့် ကမ္ဘာ့ခေါင်းဆောင်နှစ်ဦးဟု သတ်မှတ်ဂုဏ်ပြုခဲ့ကြသည်။

တောင်အာဖရိကနိုင်ငံ၏ အသားရောင်ခွဲခြားမှု ဆန့်ကျင်ရေးအမှတ်တံဆိပ် အဖြစ်သတ်မှတ်ခံခဲ့ရသော နယ်လ်ဆင် မန်ဒဲလားသည် ၂၇ နှစ်ကြာ အကျဉ်းချခံခဲ့ရသော်လည်း တိုင်းပြည်ကို ဒီမိုကရေစီရရှိအောင် ဦးဆောင်ပေးခဲ့ကာ တောင်အာဖရိက နိုင်ငံ၏ ပထမဆုံးသော လူမည်း သမ္မတဖြစ်လာသည်။ ယမန်နေ့က နေအိမ်တွင် ကွယ်လွန်သွား ချိန်တွင် အသက် ၉၅ နှစ်ရှိပြီဖြစ်သည်။

တောင်အာဖရိက နိုင်ငံ၏ လက်ရှိသမ္မတ ဂျက်ကော့ဇူးမားက “ ကျနော်တို့နိုင်ငံဟာ အကြီးမြတ်ဆုံးသော သား ကို ဆုံးရှုံးခဲ့ပါပြီ။ ကျနော်တို့ ပြည်သူတွေကတော့ အဖေ တယောက် ဆုံးရှုံးသွားတာပါပဲ” ဟု ပြောကြားလိုက်သည်။

နယ်လ်ဆင် မန်ဒဲလားကို နိုင်ငံတော် ဈာပနဖြင့် သင်္ဂြီုလ်မည်ဖြစ်သည်။ အသုဘ လိုက်ပို့သူများသည်လည်း မန်ဒဲလား ကျင့်သုံးနေထိုင်သွားသည့် အတိုင်း မိမိကိုယ်မိမိ ဂုဏ်သိက္ခာ၊ လေးစားမှုရှိစွာ ပြုမူကျင့်ကြံကြရန်လည်း ဂျက်ကော့ဇူးမားက တိုက်တွန်းသည်။

“ကျနော်တို့ တိုင်းပြည်ထဲက ဘယ်နေရာမှာမဆို၊ ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို လူ့ အဖွဲ့ အစည်းတခုမှာ လူတယောက်ဟာ တခြားသူရဲ့ ချုပ်ချယ်ခြင်း၊ ဖိနှိပ်ခြင်း၊ သိမ်းပိုက်ခြင်းမခံစေရဘူးဆိုတဲ့ သူ့ရဲ့ သဘောထားကို ဆက်လက် ဆွဲကိုင်ထား ကြရအောင်” ဟု တောင်အာဖရိက သမ္မတက ပြောသည်။

ကမ္ဘာတလွှားကလည်း မန်ဒဲလား ကွယ်လွန်ခြင်း အတွက် ဝမ်းနည်း စကားများ ပြောကြရာတွင် အမေရိကန် သမ္မတ အိုဘားမားက သူ၏ ပထမဆုံးသော နိုင်ငံရေး လှုပ်ရှားမှုသည် မန်ဒဲလား၏ လှုံ့ဆော်တိုက်တွန်း မှုကြောင့် ပြုလုပ်ခဲ့သော အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတခု ဖြစ်သည်ဟု ပြောသည်။

“နယ်လ်ဆင် မန်ဒဲလားကို ဥပမာထားတာ မပါဘဲနဲ့ ကျနော့် ကိုယ်ပိုင်ဘဝကို အပြည့်အ၀ စိတ်ကူးလို့ မရနိုင်ပါဘူး” ဟုလည်း အိုဘားမား ကပြောသည်။ ယမန်နေ့ ညနေပိုင်းတွင် အိုဘားမားက ဂျက်ကော့ဇူးမား ထံသို့ ဖုန်းဆက်ပြီး ဝမ်းနည်းစကားပြောကြားခဲ့သည်ဟု အိမ်ဖြူ တော်က သတင်းထုတ်ပြန်ခဲ့သည်။

မန်ဒဲလားသည် သမ္မတ အဖြစ် ငါးနှစ်သာ တာဝန်ယူခဲ့သော်လည်း တော်လှန်ရေး၊ ခုခံတွန်းလှန်ရေးနှင့် လူမျိုးရေးခွဲခြားမှုကို အောင်နိုင်ခဲ့သူ အဖြစ် ကမ္ဘာကို လွှမ်းမိုးနိုင်သော ကြီးကျယ်သည့် ပုံရိပ်တခု ဖြစ်ခဲ့သည်။

သူသည် တက်ကြွလှုပ်ရှားသူ မျိုးဆက်များ၊ ထင်ရှားကျော်ကြားသူများ ၊ ကမ္ဘာ့ခေါင်းဆောင်များ ကို ဆွဲဆောင်လှုံ့ဆော်နိုင်ခဲ့ကာ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သည်။ သန်းပေါင်းများစွာသော လူသားချင်းစာနာထောက်ထားမှု ပြဿနာများကိုလည်း အများသိအောင်လုပ်ပေးနိုင်ခဲ့သူဖြစ်သည်။

အခက်အခဲများကြားထဲတွင် ရှိနေဆဲဖြစ်သည့် တောင်အာဖရိကနိုင်ငံသည် အဆင့်အတန်း မတူညီမှုများ၊ နိုင်ငံရေး အကျင့်ပျက်ခြစားမှုမှသည် ခုခံအားကျဆင်းမှုရောဂါအထိ ပြဿနာများနှင့် ရင်ဆိုင်နေရသည်။ မန်ဒဲလား သေဆုံးခြင်း သည် တောင်အာဖရိက နိုင်ငံအတွက် အကောင်းမြင်ဝါဒ၏ မီးရှူးတိုင်တခု ပျောက်ဆုံးသွားရခြင်းဖြစ်သည်။

နှစ်ပေါင်းများစွာ ရော်ဘင်ကျွန်းပေါ်မှ အကျဉ်းခန်းလေးထဲတွင် နေထိုင်ခဲ့ရသော်လည်း လူသား၏ သဘာဝအပေါ် သူ ယုံကြည်နေဆဲဖြစ်သည်ဟု အကျဉ်းသားဘ၀ အမှတ်တရအဖြစ် မန်ဒဲလားက ရေးသားခဲ့သည်။ ထိုစဉ်က သူ့ထံသို့ တနှစ်လျှင် လူတယောက်သာ လာရောက်တွေ့ဆုံခွင့်ရှိပြီး ၆ လလျှင်စာတစောင်သာ လက်ခံခွင့်ရရှိခဲ့သည်။

“ဘယ်သူမှ တခြားသူရဲ့ အသားအရောင် ဒါမှမဟုတ် နောက်ခံအကြောင်း ဒါမှမဟုတ် ကိုးကွယ်ယုံကြည်ရာ ဘာသာတရားကို မုန်းတီးခြင်းနဲ့ မွေးဖွားလာတာ မဟုတ်ပါဘူး။ … လူတွေဟာ မုန်းတီးဖို့ သင်ကြားခဲ့ရတယ်။ မုန်းတီးဖို့ သင်ကြားနိုင်တယ်ဆိုရင် မေတ္တာထားတတ်အောင်လည်း သင်ပေးလို့ ရနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မေတ္တာတရား ဆိုတာ သူနဲ့ ဆန့်ကျင်ဖက် အမုန်းတရားလို မဟုတ်ဘဲ လူတွေရဲ့ နှလုံးသားမှာ သူ့သဘာ၀ အတိုင်း ဖြစ်ပေါ်လာတာမျိုးပါ””ဟု “လွတ်မြောက်ခြင်းသို့ ခရီးရှည်လျှောက်လှမ်းခြင်း” စာအုပ်တွင် မန်ဒဲလားက ရေးသားခဲ့သည်။

ဒတ်ချ်နှင့် ပြင်သစ် အခြေချနေထိုင်သူများမှ ဆင်းသက်လာသည့် အာဖရိကတိုက်ဖွား လူဖြူများက ထိန်းချုပ်သည့် အမျိုးသားပါတီ (National Party) အာဏာမရလာမီ နှစ် အနည်းငယ်အလိုတွင် လူငယ် ဥပဒေကျောင်းသား တယောက် အနေ ဖြင့် အာဖရိကန် အမျိုးသားကွန်ဂရက် (African National Congress) သို့ မန်ဒဲလား ဝင်ရောက်ခဲ့သည်။ အာဏာ ရရှိလာသော အစိုးရက လူမျိုးရေးခွဲခြားခြင်း၊ လူဖြူမဟုတ်သော သူများ၏ စီးပွားရေးနှင့် နိုင်ငံရေးအင်အားများ ကို ဖိနှိပ်ခြင်းများ ပြုလုပ်ခဲ့သည်။

အာဖရိကန် အမျိုးသားကွန်ဂရက်၏ ခေါင်းဆောင်တယောက် အနေဖြင့် မန်ဒဲလားက အစိုးရ၏ ခွဲခြား ဆက်ဆံခြင်း နှင့် ဖိနှိပ်ကန့်သတ်ခြင်းများကို ငြိမ်းချမ်းစွာ ဆန့်ကျင်ခုခံခြင်းကို ၁၉၆၁ ခုနှစ်အထိ ထောက်ခံလှုပ်ရှားခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံ၏ လှံတံ(Spear of the Nation) အမည်ရှိသည့် တိုက်ခိုက်ရေးတပ်ဖွဲ့တခုကို ထူထောင်ကာ တိုက်ခိုက်ဖျက်ဆီးရေး လှုပ်ရှားမှုတခု ဆောင်ရွက်ခဲ့သည်။

နောက်တနှစ်တွင် သူအဖမ်းခံခဲ့ရပြီး မကြာမီပင်သူ့ကို တိုင်းပြည်ကို ဆူပူအောင်သွေးထိုးနှောင့်ယှက်မှုဖြင့် ရုံးတင် တရား စွဲဆိုခြင်း ခံရတော့သည်။ ၁၉၆၄ ခုနှစ်တွင် သူ့ကို တရားရုံးတွင် စတင်စစ်ဆေးသောအခါ အစိုးရ၏ သွေးချောင်းစီး ဖြိုခွဲတိုက်ခိုက်မှုများကြောင့် အခြားရွေးစရာ မရှိတော့၍ လက်နက်ကိုင်တိုက်ခိုက်ရေးကို ရွေးချယ်ခဲ့ရခြင်းဖြစ်သည် ဟု မန်ဒဲလားက ပြောကြားခဲ့သည်။

အစိုးရက သူ့ကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်ပြီး ရော်ဘင်ကျွန်းသို့ ပို့ထားလိုက်သည်။ သူ၏ အကျဉ်းသား နံပါတ်မှာ ၄၆၆/၆၄ ဖြစ်သည်။

၆ ပေ ခန့်သာကျယ်ဝန်းသည့် အကျဉ်းခန်းလေး၏ ကြမ်းပြင်ပေါ်တွင် အိပ်ရပြီး အခြား အကျဉ်းသားများနှင့် အတူ ကျောက်ကျင်းတွင် အလုပ်ကြမ်းများလုပ်ရင်းနှင့် စာပေးစာယူဖြင့် ဥပဒေဘွဲ့ရယူနိုင်ခဲ့သည်။

နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်အခါ မန်ဒဲလား အကျဉ်းချခံထားရခြင်းကို လူတွေပိုမိုသတိထားမိလာကြပြီး သူ့ကို ပြန်လွှတ်ပေးရန် တောင်းဆိုတိုက်တွန်းမှုများလည်း တကမ္ဘာလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။ အသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုများလည်း အရှိန်အဟုန် အားကောင်းလာ သည်။

သူ့ကို ရည်ညွှန်းသည့် တေးသီချင်းများလည်း ထွက်ပေါ်လာပြီး ၁၉၈၈ ခုနှစ်က လန်ဒန်မြို့ ဝင်ဘာလေ အားကစားရုံတွင် ပြုလုပ်ခဲ့သည့် မန်ဒဲလားလွတ်မြောက်ရေး တေးဂီတပွဲကို ပရိသတ် သန်း ၆၀၀ ခန့် ရုပ်မြင်သံကြားမှ တဆင့်ကြည့်ခဲ့ကြ သည်။

၁၉၈၅ ခုနှစ်တွင် အသားအရောင်ခွဲခြားမှုကို တိုက်ခိုက်ဆန့်ခြင်းခြင်းအား စွန့်လွှတ်မည်ဆိုပါက ထောင်မှလွှတ်ပေးမည် ဟု အစိုးရကကမ်းလှမ်းလာခြင်းကို မန်ဒဲလားက ပယ်ချခဲ့သည်။ တောင်အာဖရိက သမ္မတ ဘိုသာ လေဖြတ်ရောဂါ ခံစားရပြီးနောက် ဒီကလပ် သမ္မတ ဖြစ်လာသည့် ၁၉၈၉ ခုနှစ်တွင် သူ့ကိုထောင်မှ ပြန်လွှတ်ပေးခဲ့သည်။

အာဖရိကန် အမျိုးသားကွန်ဂရက် ပိတ်ပင်ထားသည်ကိုလည်း ပြန်လည်ရုပ်သိမ်းပေးလိုက်ပြီးနောက် ဆံပင်တွေဖြူနေပြီ ဖြစ်သော မန်ဒဲလားသည် အကျဉ်းထောင်ထဲမှ ထွက်လာပြီး Cape Town မြို့တွင် ပျော်ရွှင်ဝမ်းမြောက်စွာ စုရုံးရောက်ရှိလာ ကြသည့် လူထုကြီးကို တိုက်ပွဲပြီးဆုံးဖို့ အများကြီးလိုသေးသည်ဟု ပြောခဲ့သည်။

နောက် ၂နှစ် ကြာသည့် အခါ မန်ဒဲလားသည် အရည်အချင်းပြည့်ဝသော စေ့စပ်ညှိနှိုင်းသူတယောက် ဖြစ်ကြောင်းကို တောင်အာဖရိကနိုင်ငံတွင် တင်းမာမှုနှင့် ပဋိပက္ခများကြားထဲတွင် လူမျိုးစုံပါဝင်သော ရွေးကောက်ပွဲများ ပေါ်ပေါက်လာ အောင် တွန်းအားပေးနိုင်ခြင်း ဖြင့်ပြသခဲ့သည်။ သူနှင့် ဒီကလပ် တို့ ၁၉၉၃ ခုနှစ်တွင် နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းခံခဲ့ရသည်။

၁၉၉၄ ခုနှစ် ဧပြီလတွင် ရွေးကောက်ပွဲများ ကျင်းပပြီးနောက် အကျဉ်းသားဟောင်းတယောက် ဖြစ်သည့် မန်ဒဲလား သမ္မတ ဖြစ်လာခဲ့သည်။ လူမျိုးစုများ ပြန်လည်သင့်မြတ်ရေး၊ အစိုးရပိုင်းပြုပြင်တည်ဆောက်ရေးနှင့် စီးပွားရေးပြန်လည် ထူထောင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။

မန်ဒဲလားသည် ၂၀၀၄ ခုနှစ်တွင် အများပြည်သူနှင့် သက်ဆိုင်သော တာဝန်များမှ အနားယူသွားပြီး လူမြင်ကွင်းမှ ရှောင် ခွာကာ မိသားစုကို အချိန်ပေးရင်း နေထိုင်ခဲ့သည်။ ပြီးခဲ့သောနှစ်များ အတွင်း သူ၏ ကျန်းမာရေး ယိုယွင်း ကျဆင်းလာပြီးနောက် ဇွန်လမှစ၍ Pretoria ရှိဆေးရုံတွင် ၃ လ ခန့်တက်ရောက်ခဲ့ရသည်။

မန်ဒဲလား ကွယ်လွန်ကြောင်း ကြားသိရပြီး မကြာမီ အိမ်အပြင်ဖက်တွင် တဖြေးဖြေး များပြားလာသော လူအုပ်ကြီး၏ ဆုတောင်းခြင်း၊ သီချင်း ဆိုခြင်း၊ အလံများကို ဝှေ့ရမ်းခြင်း နှင့် ကခုန်ခြင်းများက ဖုံးလွှမ်းသွားသည်။ ထိုအချိန်တွင် အိမ်ဖြူတော်နှင့် ဒေါင်းနင်းလမ်း အိမ်အမှတ် ၁၀ အပါအဝင် ကမ္ဘာတလွှားရှိ တိုင်းပြည်များရှိ အလံများကို တဝက်လျှောချဖို့ အမိန့်များ ထွက်ပေါ်လာခဲ့တော့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading