မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်က ကြီးမှူးကျင်းပတဲ့ ယုဒသန်ရဲ့ မြန်မာပြည် နှစ်ခြင်းသာသနာနှစ် ၂၀၀ ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်း ဓမ္မသဘင်ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ “ရွှင်လန်းစွာဆောင်ယူ” ဆိုတဲ့ ဓမ္မပြဇာတ်ကို ရန်ကုန် အလုံ မြို့နယ်က မင်းရဲကျော်စွာလမ်းမှာ ရှိတဲ့ နှစ်ခြင်းအဖွဲ့ချုပ်ရုံးမှာ တင်ဆက်မှာဖြစ်ပြီး ဆရာယုဒသန် ဇနီးမောင်နှံအဖြစ် သရုပ်ဆောင် အဆိုတော် ဟက်ကက်နဲ့ သရုပ်ဆောင် ခင်လေးနွယ်တို့က ပါဝင်ကပြမယ်လို့ သိရပါတယ်။
ဆရာယုဒသန်ကို ဂုဏ်ပြုတဲ့ ပြဇာတ်ပြသနိုင်ဖို့ ၂၀၁၂ ဇန်နဝါရီလကတည်းက စတင်ပြဆင်ခဲ့ပြီး ဇာတ်ညွှန်းအဖြစ် ပြန်လည် ရေးသားသူကတော့ ပြဇာတ်ဒါရိုက်တာ စာရေးဆရာ ဆိုး ဖြစ်ပါတယ်။
ပြဇာတ်ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ပြဇာတ် ဗီဒီယို ဒါရိုက်တာ ကိုရိုးက “ပြဇာတ်တိုက်တဲ့ နေရာမှာ အခက်အခဲတွေ ရှိပါတယ်။ ပြဇာတ်က အခန်းက ၄၃ ခန်းလောက် ဖြစ်တော့ လူလည်း ၅၀ လောက်ပါတယ်။ ကျနော်က စပြင်ဆင်တဲ့ အချိန်ကတည်းက ဘုရားကျောင်းတွေကို ခွဲပြီး သူအခန်းနဲ့ သူ ပေးလိုက်တာ။ သရုပ်ဆောင် ရွေးတာကအစ အကုန်လုံး ပူးပေါင်းပြီး ရွေးဖြစ်ခဲ့တယ်။ နယ်ကနေ လာပြီး သရုပ်ဆောင်တဲ့ သူတွေလည်း ရှိတယ်။ နေရာအစုံကနေ ပါဝင်ကပြကြမှာပါ။သရုပ်ဆောင်တွေ မဟုတ်ပေမယ့် ဘုရားကျောင်းက ကလေးတွေက ဒီလိုမျိုးတွေနဲ့ ယဉ်ပါးနေတော့ သင်ပြမှုပိုင်းမှာ အခက်အခဲ သိပ်မရှိပါဘူး။ သရုပ်ဆောင်ဖြစ်တဲ့ ဟက်ကက်တို့၊ ခင်လေးနွယ်တို့ကလည်း လိုချင်တဲ့ အချက်ကို ပြောလိုက်ရင် အဆင်ပြေသွားတယ်။ အဲဒီနေရာမှာတော့ အခက်အခဲ မရှိခဲ့ပါဘူး။ အလုပ်တွေကတော့ အဆင့်ဆင့် လုပ်ခဲ့ရပါတယ်” ဟု ဧရာဝတီကို ပြောပါတယ်။
ဇာတ်လမ်းအနေနဲ့ ဆရာယုဒသန် မြန်မာပြည် ရောက်လာတာကနေ စပြီး အဓိကကျတာတွေကိုပဲ တင်ဆက်သွားမယ်လို့ သိရပါတယ်။
“ဖျော်ဖြေရေး ကဏ္ဍက မြန်မာနိုင်ငံ ခရစ်ယာန်အဆိုတော်တွေက ၄ ရက်နေ့တုန်းက လုပ်သွားပြီ ဆိုတော့ ကျနော်တို့ ပြဇာတ်က သီးသန့် ကပြမှာပါ။ ဆရာယုဒသန် နေရာမှာ သရုပ်ဆောင်ရမယ့် ဟက်ကက်က တာဝန် ကြီးတယ်။ ဒေါက်တာ အဒိုနီရမ် ဂျပ်ဆင်ကို သူများအမြင် မစောင်းသွားအောင် လုပ်ရမှာဖြစ်လို့ တာဝန် အရမ်းကြီးပါတယ်။သူက မြန်မာပြည်အတွက် နှစ်ခြင်းသာသနာကို ယူဆောင်လာတဲ့သူအဖြစ် ပေါ်လွင်အောင် လုပ်ပြရပါတယ်။ခေါင်းဆောင် တယောက်က စွန့်စားပြီး သာသနာတခုကို ယူလာတယ်၊ ပြီးတော့ မြန်မာ – အင်္ဂလိပ် အဘိဓာန်ကို ပြုစုသွားတယ်ပေါ့နော်။ လာကြည့်တဲ့ သူတွေက ဘာသာရေးအမြင်နဲ့ မဟုတ်ဘဲနဲ့ မြန်မာပြည်မှာ မြန်မာစာကို ဖော်ထုတ်ပေးသွားတဲ့ နိုင်ငံခြားသား တယောက် အကြောင်းလေးကို သိစေချင်တာ တခုရယ်၊ ရသကတော့ လူတယောက်ကို တန်ဖိုးထားစေချင်တဲ့ ရသမျိုးလေး ဖြစ်စေချင်တယ်” လို့ ကိုရိုးက ရှင်းပြပါတယ်။
ဆရာယုဒသန်တို့ ဇနီးမောင်နှံ အိန္ဒိယကနေတဆင့် မြန်မာပြည်ကို ရောက်ရှိလာပြီး မွန်ပြည်နယ်ကနေ စတင်ကာ နှစ်ခြင်း သာသနာကို ဖြန့်ဝေပုံ၊ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး မြန်မာ – အင်္ဂလိပ် အဘိဓာန်ကို ထုတ်ဝေခဲ့ရပုံတို့ အပြင် မမအန်း (ဆရာယုဒသန်ရဲ့ ဇနီး) ကွယ်လွန်ခဲ့ပုံအထိ တင်ဆက်ပြသမှာ ဖြစ်တဲ့အပြင် တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ခဲ့ပုံတွေကို အဓိက ကပြသွားမယ်လို့ သိရပါတယ်။
အဆိုပါပြဇာတ်မှာ ယုဒသန်နေရာကနေ ပါဝင်ကပြရမယ့် သရုပ်ဆောင် အဆိုတော် ဟက်ကက်က “ကျနော်တို့ရဲ့ တန်ဖိုးရှိတဲ့ သူတယောက် နေရာမှာ သရုပ်ဆောင်ခွင့် ရတဲ့အတွက် အရမ်းလည်း ပျော်ရွှင်တယ်၊ အရမ်းလည်း ဂုဏ်ယူပါတယ်။ ကျနော် မထိုက်မတန်ဘူး ဆိုတာလည်း သိတယ်။ ဒါပေမယ့် ဒီနေရာကနေ ပါဝင် ဆက်ကပ်ခြင်းလည်း ဖြစ်ပါတယ်။ ကျနော်တို့မှာ အားနည်းချက်တွေ ရှိပေမယ့် အတက်နိုင်ဆုံး ပါဝင်ပြီး ဂုဏ်ပြုတာပါ။ ဆရာယုဒသန်ကို ဂုဏ်ပြုတဲ့ အစီအစဉ်က ဟိုးအရင်ကတည်းက လုပ်ခဲ့ပေမယ့် အခုလို ရာပြည့်မဟုတ်တော့ အကျယ်တဝင့် မလုပ်ဖြစ်ခဲ့ဘူးပေါ့။ ဒီနှစ်က ရန်ကုန်မှာ လုပ်ခွင့် ရတာလည်း ပါတယ်၊ ပြောင်းလဲနေတဲ့ နိုင်ငံရေး အခြေအနေကြောင့် အခုလို ဂုဏ်ပြုဖြစ်တာပါ။ ဒီနှစ် ရာပြည့်ပွဲက မြန်မာနိုင်ငံအတွင်းက သူတွေသာမက၊ နိုင်ငံတကာက ပြန်လာတဲ့ လူတွေလည်း ပါဝင်ကျင်းပ ရတဲ့အတွက် အရမ်းကို စည်ကားသွားလို့ သမိုင်းတခုလို ဖြစ်သွားပါတယ်။ ကျနော်တို့ ဘဝမှာ တခါမှ မမြင်ဘူးတဲ့ ပွဲလမ်း သဘင်တခုလို့တောင် ပြောလို့ ရပါတယ်” လို့ ဆိုပါတယ်။
ယုဒသန် နှစ် ၂၀၀ ပြည့်ပွဲကို လာရောက်သူတွေရဲ့ နာမည်စာရင်း မှတ်တမ်းတွေနဲ့ မှတ်သားထားပြီး နယ်ဝေးက လာသူတွေကို နေစရာ၊ သွားစရာနဲ့ အစားအသောက်တွေ စီစဉ်ပေးထားကြောင်း၊ ပြဇာတ်ကို ၇ ရက်နေ့ညနေမှာ ကပြမှာ ဖြစ်တဲ့အကြောင်း ဟက်ကက်က ဆက်ပြောပါတယ်။
ဆရာယုဒသန်ရဲ့ ဇနီးအဖြစ် ပြဇာတ်မှာ ပါဝင်ကပြရမယ့် သရုပ်ဆောင် ခင်လေးနွယ်ကလည်း “ခင်လေးက သရုပ်ဆောင် အလုပ်ကို နားထားတယ်။ ဘုရားကျောင်းက ဆရာကြီးရဲ့ ဂုဏ်ပြုပွဲမှာ ပါဝင်ကပြဖို့ ဟက်ကက်ကလည်း ဖုန်းဆက်တော့ ခင်လေးလည်း ဘယ်လိုနေရာဖြစ်ဖြစ် ပါဝင်ချင်တယ်ဆိုပြီး ကပြဖြစ်သွားတာပါ။ ရိုက်ကူးရေးတွေ နားလိုက်တဲ့ အချိန်မှာ ပြဇာတ် ကမယ်ဆိုတော့ အစမ်းလုပ်မယ်ဆိုပြီး ခေါ်တယ်။ ဘုရားကျောင်းက ကလေးတွေပါ ပါမယ်ဆိုတော့ ခင်လေးလည်း ခေါင်းစား သွားတယ်။ မရိုက်တာလည်း ကြာသွားပြီဆိုတော့ အမှားမဖြစ်အောင် အကောင်းဆုံး လုပ်ဖြစ်သွားတာပါ။ဇာတ်လမ်းမှာ ပါဝင်ရတော့ ဝန်ပိတာတော့ ရှိတယ်။ လူအများရှေ့မှာ ပြဇာတ်ကို ကပြရမယ်ဆိုတော့ အမှားအယွင်းတွေ ကတော့ ရှိနိုင်တယ်။ ဒါပေမယ့် အကောင်းဆုံး ဖြစ်အောင်တော့ လုပ်ဖြစ်သွားမှာပါ။ ပြဇာတ်ပေါ်မှာ မှားတယ်ဆိုတာက လူတိုင်းက လက်ခံတယ်လေ။ သရုပ်ဆောင်တွေချည်းပဲ ကတဲ့ ပြဇာတ်မှာတောင် အမှားအယွင်းတွေ ရှိတက်သေးတာပဲ။အခုက အပြင်လူတွေနဲ့ ကပြရမယ်ဆိုတော့ အရမ်းကြီး စိတ်ပူတာလည်းရှိတယ်၊ အရမ်းအကောင်းကြီး မဖြစ်ပေမယ့် ဇာတ်သဘောလေးကို နားလည်အောင်တော့ လုပ်ပြနိုင်မယ် ထင်တယ်။ ဖြစ်ပါ့မလားလို့လည်း စိတ်ပူမိတယ်။ ခင်လေးက ပြဇာတ်ပြီးရင်တော့ ရုပ်ရှင်ပြန်ရိုက်ဖို့ အစီအစဉ် အခုအချိန်အထိ မရှိသေးပါဘူး။ နောက်ပိုင်းမှာ ပြန်ရိုက်ဖြစ်ချင်လည်း ရိုက်ဖြစ်မှာ မပြောတတ်သေးဘူး” လို့ ရင်ဖွင့်ပါတယ်။
အဆိုပါ ပြဇာတ်ကို ဗီဒီယိုအခွေထုတ်ဖို့ ရည်ရွယ်ထားပြီး ရန်ပုံငွေအနေနဲ့ မေတ္တာကြေး ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ဆရာယုဒသန် နှစ် ၂၀၀ ပြည့် အခမ်းအနားကို သမိုင်းတခုအဖြစ် လူတိုင်းလက်ထဲမှာ သိမ်းဆည်းထားနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
ဆရာယုဒသန်ရဲ့ ကျေးဇူးတော် အောက်မေ့ခြင်း အခမ်းအနား ဓမ္မသဘင်ကို ဒီဇင်ဘာလ ၅ ရက်နေ့က စတင်ပြီး ၈ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမယ့် အစီအစဉ်တွေထဲမှာ ကျေးဇူးတော် ချီးမွမ်းခြင်းတွေ၊ စာတန်းဖတ်ပွဲတွေအပြင် ညနေပိုင်း အချိန်တွေမှာ ဓမ္မပြဇာတ်၊ ဓမ္မတေးသီချင်း သီဆိုမှု၊ တိုင်းရင်းသားရိုးရာ အကတွေနဲ့ စည်ကားစွာ ကျင်းပ ပြုလုပ်နေပါတယ်။ ဒီပွဲမှာ ပြည်တွင်းပြည်ပက လူပေါင်း ၄ သောင်းနီးပါး တက်ရောက် ပါဝင်ပါတယ်။